သံလွင်ခက်၊ ဇူလိုင် ၂၃၊ ၂၀၂၆။
မြန်မာပြည်အရှေ့တောင်ပိုင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရသည့် အမျိုးသမီး ၉၀ ရာခိုင်နှုန်းကျော်သည် ပြည်တွင်း ပဋိပက္ခကြောင့် နေရပ်မှ အကြိမ်ကြိမ် စွန့်ခွာကာ ကိုယ်တိုင် ဘဝလုံခြုံမှုမရှိသည့်အပြင် မိသားစု ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်များကိုလည်း ယခင်ထက် ထမ်းဆောင်နေရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ အစီရင်ခံစာအရ သိရသည်။
KHRG သည် “အကြောက်တရားကို အံတုရင်း -မြန်မာပြည်အရှေ့တောင်ပိုင်းရှိနေရပ်စွန့်ခွာနေရခြင်းနှင့်လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ဖြတ်သန်းနေရသောအမျိုးသမီးများ၏အတွေ့အကြုံများ” ဟူသော အစီရင်ခံစာတစ်စောင် ယမန်နေ့က ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
ယင်း အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ဘေးရှောင် ဦးရေမှာ ၃.၇၅ သန်းအထိ မြင့်တက်လာခဲ့ပြီး ကရင်ပြည်နယ်တစ်ခုတည်း၌ပင် ၂၀၂၂ ခုနှစ် အစောပိုင်းက ၁၄၄,၀၀၀ ကျော်သာ ရှိခဲ့သော်လည်း ၂၀၂၆ ခုနှစ် မေလတွင် ၁.၂ သန်းကျော်အထိ တိုးပွားလာခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း KNU စီမံခန့်ခွဲသည့် ခရိုင်ခုနစ်ခုရှိ နေရပ်စွန့်ခွာသူ ၅၁ ဦး (အမျိုးသမီး ၄၄ ဦးနှင့် အမျိုးသား ၇ ဦး) နှင့် လူထုအခြေပြုအဖွဲ့အစည်း ၃ ဖွဲ့ကို မေးမြန်းထားသည့်အပြင် ကွင်းဆင်းအစီရင်ခံစာ ၃၇ စောင်ကို အခြေခံထားခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် အမျိုးသမီး ၉၀ ရာခိုင်နှုန်းကျော်မှာ စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် ဒရုန်းများဖြင့် ကင်းထောက်မှုများကြောင့် စစ်ရှောင်စခန်းများ သို့မဟုတ် တောတောင်များအတွင်း ခိုလှုံနေစဉ်အတွင်း ဘေးကင်းလုံခြုံသည်ဟု မခံစားရကြောင်း သိရပြီး အများစုမှာ အနည်းဆုံး နှစ်ကြိမ်နှင့်အထက် ထွက်ပြေးတိမ်းရှောင်နေရသူများ ဖြစ်ကြသည်။
ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးဒါရိုက်တာ စောအဲလ်ဘတ်က "ကရင်ပြည်နယ်က ရွာသူရွာသားတွေဟာ စစ်အာဏာမသိမ်းခင်ကတည်းက နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ ဒုက္ခတွေ နဲ့ စိန်ခေါ်မှုများကို နှစ်ပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့နေခဲ့ရတာပါ၊ ဒါပေမဲ့ အမျိုးသမီးတွေကတော့ ပိုပြီးတော့ အချိုးအစားမမျှတအောင် ထိခိုက်ခံစားရလေ့ရှိပါတယ်" ဟု ပြောသည်။
မြန်မာပြည် အရှေ့တောင်ပိုင်းရှိ စစ်ဘေးရှောင်အမျိုးသမီးအများစုမှာ အဓိကအသက်မွေးဝမ်းကြောင်းအဖြစ် စိုက်ပျိုးရေးအပေါ် မှီခိုနေရသဖြင့် စစ်ဘေးရှောင်ရချိန်တွင် စပါးခင်းများနှင့် စိုက်ခင်းများကို လုပ်ကိုင်ခွင့် ဆုံးရှုံးခဲ့ရသည်ဟု အစီရင်ခံစာက ထောက်ပြသည်။
အစီရင်ခံစာတွင် အင်တာဗျူးဖြေဆိုသူ အမျိုးသမီး သုံးပုံတစ်ပုံခန့်မှာ အလုပ်အကိုင်ရှားပါးမှုကြောင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် လုံလောက်သော ငွေကြေး မရှာဖွေနိုင်ကြပေဟု ဖြေဆိုထားကြသည်။ ထို့ပြင် ဝန်ထမ်းခန့်အပ်မှု၊ အလုပ်အကိုင်ရရှိမှုနှင့် လုပ်ခလစာနှုန်းထားများတွင်ပါ ကျား-မ ခွဲခြားဆက်ဆံမှုများ ရင်ဆိုင်နေရကြောင်း သိရသည်။
ထို့ပြင် စစ်ရှောင်များ၏ အိုးအိမ်စွန့်ခွာရသည့် အကျပ်အတည်းကြောင့် အိမ်ထောင်စု ပုံစံများ ပြောင်းလဲလာကာ ကရင်ပြည်နယ်ရှိ အမျိုးသမီးများသည် အစဉ်အလာအရ အိမ်ထောင်မှု ထိန်းသိမ်းစောင့်ရှောက်သူများဖြစ်ရုံမက နေ့စဉ် စားဝတ်နေရေးအတွက်ပါ ရုန်းကန်ရသဖြင့် တာဝန်နှင့် ဝန်ထုတ်ဝန်ပိုးများကို ယခင်ထက် နှစ်ဆ ထမ်းနေကြရသည့် အခြေအနေဖြစ်လာသည်။
လက်ရှိတွင် စစ်ရှောင်အမျိုးသမီးများသည် အလုပ်အကိုင် နည်းပါးခြင်း၊ ဆေးဝါးနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရန် ခက်ခဲခြင်း၊ ဓမ္မတာလာချိန် တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများ လုံလောက်စွာ မရရှိခြင်းတို့ကြောင့် ကျန်းမာရေးနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် ကြုံတွေ့နေရသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် စာသင်ကျောင်းများနှင့် ဆေးရုံ၊ ဆေးခန်းများ ပျက်စီးခဲ့ရပြီး ကျန်းမာရေးဝန်ဆောင်မှုနှင့် ကလေးများ၏ ပညာသင်ကြားခွင့် ရရှိရေးအတွက်ပါ အမျိုးသမီးများသည် နေ့စဉ် စိန်ခေါ်မှုကြီးမားစွာဖြင့် ရင်ဆိုင်နေရကြောင်း KHRG အစီရင်ခံစာက အသိပေးထားသည်။
ပုံစာ-ပလောတပို့စစ်ရှောင်စခန်းရှိ စစ်ရှောင်အမျိုးသမီးတစ်ဦး ဆန်အိတ်ထမ်းလာစဉ်(ပုံဟောင်း)
