မြန်မာပြည်အရှေ့တောင်ပိုင်းဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်ကျော့ပြန်ဖြစ်ပွားတဲ့ တိုက်ပွဲ တွေအတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေအသုံးပြုတဲ့ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေဟာ ဒေသခံတွေအပေါ် ကြီးမားတဲ့အန္တရာယ်ကို ဖြစ်ပေါ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။
ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ဝေလိုက်တဲ့ လူ့အခွင့်အရေးသတင်းလွှာ ၂၀၂၆ ခုနှစ် ဧပြီလ စာစဉ် ၂၆ မှာပါရှိတဲ့ "မြေမြှုပ်မိုင်းနှင့် လက်နက်ကြီးကျည် အကြွင်းအကျန်များကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှု" ခေါင်းစဉ်မှာ ဖော်ပြထားတာပါ။
KHRG ကတော့ မြန်မာပြည်အရှေ့တောင်ပိုင်းဒေသမှာ မြေမြှုပ်မိုင်းအသုံးပြုမှု ရပ်တန့်သွားမယ့် အလားအလာ မတွေ့ရှိရသေးဘူးလို့လည်း ပြောဆိုထားပါတယ်။
အကြောင်းရင်းကတော့ ဒေသခံတွေဟာ မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးကျည် အကြွင်းအကျန်တွေကို မတော်တဆ တက်နင်းမိရာကနေ ထိခိုက်ဒဏ်ရာရရှိပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးတာနဲ့ အသက်ဆုံးရှုံးတာတွေကို ဖြစ်ပေါ်စေသောကြောင့် ဖြစ်တယ်လို့ KHRG က ဆိုထားပါတယ်။
နောက်ဆက်တွဲအနေနဲ့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်နစ်နာကြရတဲ့ မိသားစုတွေရဲ့ဘ၀ ရှေ့ဆက်ရပ်တည်ရှင်သန်ရေးအပေါ်မှာလည်း အခက်အခဲ စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းတွေကို စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေပါ အသုံးပြုနေကြတာ ဖြစ်ပြီး အဲဒီထဲမှာ အရပ်သားပြည်သူတွေ အများဆုံး ထိခိုက်သေဆုံးရတာဟာ စစ်တပ်ရဲ့ မိုင်းတွေ ဖြစ်တယ်လို့ မိုင်းသုတေသနအဖွဲ့အစည်းအတွေက ပြောဆိုထားပါတယ်။
ကမ္ဘာတစ်ဝှမ်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေနိုင်တဲ့ စစ်ပွဲလက်ကျန်ပစ္စည်းတွေအကြောင်း မှတ်တမ်းတင်နေတဲ့ Landmine Monitor ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကမ္ဘာအပေါ်မှာ မြေမြှုပ်မိုင်းကြောင့် လူသေဆုံးမှု အများဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။
ဒေသခံတွေကတော့ မြေမြှုပ်မိုင်းတွေနဲ့ တိုက်ပွဲလက်ကျန် မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖယ်ရှားရှင်းလင်းပေးဖို့နဲ့ အန္တရာယ်ရှိတဲ့ နေရာတွေမှာ မြေမြှုပ်မိုင်း သတိပေးစာတွေ ကပ်ထားပေးဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။
