ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်တွင် ဖြစ်ပွားခဲ့ သော ဒရုန်းတိုက်ခိုက်မှုဖြစ်စဉ်တစ်ခုကို ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် မြန်မာစစ်တပ်သည် ဒရုန်းတစ်စီးကိုအသုံးပြု၍ ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စုရှိ အအ--- ကျေးရွာအတွင်း ဗုံး (၃)လုံးပစ်ချ၍ ရွာသား (၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသည့်ရွာသားနှစ်ဦးမှာ ဦးအ--- (၆၅ နှစ်) နှင့် ဦးဘ--- တို့ဖြစ်ကြသည်။ ဦးအ---၏ ဗိုက်နှင့်ညာဖက်ညှပ်ရိုးကို ဗုံးစထိမှန်၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ အစပိုင်းတွင် ဦးအ---ကို မြန်မာစစ်တပ်စီမံခန့်ခွဲ သောဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ သို့သော် ထိုဆေးရုံတွင် ဆေးဝါးပစ္စည်းများလုံလောက်စွာမရှိသောကြောင့် ဦးအ---အား ပယ်ထီးကျေးရွာအုပ်စု၊ အဒ--- ကျေးရွာရှိ ကရင်ကျန်းမာရေးနှင့်လူမှုဖူလှုံရေးဌာန (KDHW) စီမံခန့်ခွဲသော အစ--- ဆေး ရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့သည်။ ဦးဘ---မှာ ဒဏ်ရာအနည်းငယ်သာရရှိသဖြင့် ဆေးခန်းသို့သွား၍ ဆေးကုသမှု ခံယူရန် မလိုအပ်ခဲ့ပေ။ [1]
၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက် တနင်္ဂနွေနေ့ နေ့လယ် (၁)နာရီအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဖြစ် သောမြန်မာစစ်တပ်သည် တောအူး (တောင်ငူ)ခရိုင်၊ ထောတထူ (ထန်းတပင်)မြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းကျေးရွာ အုပ်စု၊ အအ--- ကျေးရွာရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) အခွန်ကောက်ဂိတ်ကို ဒရုန်းဖြင့်တိုက်ခိုက်၍ ရွာသား နှစ်ဦးဖြစ်သည့် ဦးအ--- (၆၅ နှစ်) နှင့်ဦးဘ---တို့အား ထိမှန်ဒဏ်ရာရရှိခဲ့သည်။ (ဒရုန်းတိုက်ခိုက်မှုဖြစ်ပွားသည့်အချိန် တွင် ထိုဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ပါ။)
ဦးအ---နှင့်သူ၏သူငယ်ချင်းဖြစ်သူ ဦးဘ---တို့သည် အဆိုပါအခွန်ကောက်ဂိတ်၏ညာဖက်တစ်နေရာတွင် အတူတူထိုင် ၍ သတင်များကြည့်နေခဲ့သည်။ ၎င်းတို့၏အခြားသူငယ်ချင်းဖြစ်သူ ဦးစ---သည်လည်း ထိုဂိတ်၏ဘယ်ဖက်တစ်နေရာ တွင် ထိုင်နေခဲ့သည်။ ထိုဂိတ်၏ဘေးဘက်တွင် သဲအိတ်များ၊ ကျောက်အိတ်များဖြင့် ကာထားပါသည်။ နေ့လယ် (၁)နာရီ အချိန်တွင် SAC စစ်တပ်စခန်းမှ ဒရုန်းတစ်စီးသည် ဗုံး (၃)လုံးလာရောက်ကြဲချခဲ့သည်။ ပထမဗုံးတစ်လုံးသည် ထိုဂိတ်၏ ဘေးတွင်ထားထားသည့်သဲအိတ်များ၊ ကျောက်အိတ်များအပေါ်တွင် ကျရောက်ပေါက်ကွဲပြီး ဗုံးအတိုအစများ လွှင့်စင်၍ ဦးအ---နှင့်ဦးဘ---တို့အား ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။ ဦးအ--- သည် သူ၏ဗိုက်နှင့်ညာဖက်ညှပ်ရိုးတွင် ဒဏ်ရာပြင်း ထန်စွာရရှိပြီး ဦးဘ---မှာမူ သူ၏လက်မောင်းတွင်အနည်းငယ်သာ ပွန်းခဲ့သည်။ ဂိတ်နားတွင်ရပ်ထားသည့် ဆိုင်ကယ်များလည်း ဗုံးစများထိမှန်၍ ပွန်းပဲ့ပျက်စီးခဲ့သည်။ (အခြားဗုံးနှစ်လုံးသည် ကျေးရွာအပြင်ဖက်တွင်ကျရောက် ပေါက်ကွဲသဖြင့် မည်သူမှထိခိုက်ဒဏ်ရာမရရှိခဲ့ပေ။)
ဦးအ---ကို ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စုရှိ မြန်မာစစ်အစိုးရစီမံခန့်ခွဲသော အဘ--- ဆေးရုံသို့ ဒေသခံရွာသားတစ် ဦး၏ဆိုင်ကယ်တစ်စီးဖြင့် ပို့ဆာင်ခဲ့သည်။ သို့သော်လည်း ထိုဆေးရုံတွင် ဦးအ---၏ဒဏ်ရာကို ကုသပေးရန်အတွက် ဆေးဝါးပစ္စည်းများအပြည့်အစုံမရှိသောကြောင့် ဒေသခံကျေးရွာခေါင်းဆောင်များသည် ဆွေးနွေးတိုင်ပင်၍ ဦးအ--- အား ထောတထူမြို့နယ်၊ ပယ်ထီးကျေးရွာအုပ်စု၊ အဒ--- ကျေးရွာတွင်တည်ရှိသော ကရင်ကျန်းမာရေးနှင့်လူမှုဖူလှုံရေးဌာန (KDHW) စီမံခန့်ခွဲသည့် အစ--- ဆေးရုံသို့ ပို့ဆောင်ရန်ပြင်ဆင်ခဲ့သည်။ ထိုသို့လာသည့်လမ်းမှာလည်း SAC စစ်ဆေး ရေးဂိတ်များရှိသောကြောင့် ကား (၃)စီးလဲလှယ်၍ စီးခဲ့ရသည်။ ပထမလိုက်ပို့သည့်ကားမှာ KNU ဘက်မှ တာဝန်ရှိသူ၏ ကားဖြစ်ပြီး SAC စစ်ဆေးရေးဂိတ်မရောက်ခင်အထိသာ ပို့ဆောင်ပြီးနောက် ရွာသားတစ်ဦး၏ကားဖြင့် စစ်ဆေးရေး ဂိတ်ကို ဖြတ်ကျော်ခဲ့ရသည်။ ထိုကားသည်လည်း လမ်းတစ်ဝက်သာပို့ဆောင်ပြီး ဆေးရုံရောက်ရန်ကျန်ရှိသောခရီးအား ဆေးရုံမှ တာဝန်ရှိသူများ၏ကားဖြင့် ပို့ဆောင်ခဲ့ရပြန်သည်။ အစ--- ဆေးရုံသို့ရောက်ရှိပြီး ဦးအ--- အား ဓာတ်မှန်ရိုက် ကြည့်သည့်အခါတွင် အတွင်းပိုင်းဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရှိရသည်။ သို့သော် အခင်းဖြစ်ပွားပြီးနောက် ဦးအ--- သည် (နာကျင်မှုနှင့်စိတ်ဒဏ်ရာများကြောင့်) နေ့ဘက်ရော၊ ညဘက်ပါအိပ်ပျော်ခြင်းမရှိခဲ့ကြောင်း ၎င်း၏ဇနီးပြောပြ ချက်အရ သိရှိခဲ့ရသည်။
ဦးအ--- သည် အအ--- ကျေးရွာတွင်နေထိုင်ပြီး သားသမီး (၄)ဦးရှိသည်။ သားသမီးအကြီး (၃)ဦးသည် အိမ်ထောင်ကိုယ် စီရှိကြပြီး အိမ်ထောင်မကျသေးသည်မှာ အငယ်ဆုံးသားတစ်ဦးသာဖြစ်သည်။ အငယ်ဆုံးသားသည် ထိုင်းနိုင်ငံသို့ အလုပ် သွားလုပ်သောကြောင့် အိမ်တွင် ဦးအ---နှင့်သူ၏ဇနီးတို့သာ နေထိုင်ကြသည်။ ကုန်ဈေးနှုန်းများတက်မှုနှင့်နိုင်ငံရေးအ ခြေအနေမပြေလည်မှုကြောင့် ဦးအ--- သည် အအ---ကျေးရွာတွင်ရှိသည့် KNU အခွန်ကောက်ဂိတ်တွင် ဂိတ်ကြေး ကောက်ခံရသည့်အလုပ်ဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုအလုပ်သည် တစ်ရက်လျှင် (၁၅၀၀၀)ကျပ်ရရှိသောကြောင့် သူ၏စားဝတ်နေရေးအတွက် အထောက်ကူပြုခဲ့သည်။ ထိုဂိတ်တွင် အလုပ်လုပ်လာခဲ့သည်မှာ (၉)လကျော်ရှိနေပြီးဖြစ် သည်။ (ဦးအ---သည် ဒဏ်ရာပျောက်ကင်းကာ ဆေးရုံမှ ဆင်းလာ၍ အိမ်ပြန်လာနိုင်ပြီးဖြစ်သည်။ သို့သော်လည်း ယခု လက်ရှိအချိန်တွင် ၎င်း၏စားဝတ်နေရေးအခြေအနေနှင့်ပတ်သက်၍ KHRG အနေဖြင့် မသိရှိရပါ။)
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ်၊ မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် မြေပြင်တွင်လက်ခံရရှိသော အစီရင်ခံစာ (၅) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #26-100-D1 ၊ #26-100-D1 ၊ #26-100-A1-I1 ၊ #26-100-P1 နှင့် #26-100-M1 တို့ဖြစ်သည်။
