Wed, 25 Mar 2026
ဘိတ်ထားဝယ်ခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - မြန်မာစစ်တပ်မှ လယ်ဒို စိုးမြို့နယ်တွင် လေကြောင်းဖြင့်တိုက်ခိုက်၍ အသက်(၂)နှစ်အရွယ်ကလေးတစ်ဦး သေဆုံးပြီး အရပ်သား (၉)ဦးဒဏ်ရာရရှိ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ဘိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်တွင်ဖြစ်ပွားခဲ့သော လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ် (၁)နာရီနှင့် (၂)နာရီ အကြားတွင် မြန်မာစစ်တပ်ဂျက်လေယာဉ်တစ်စီးသည် ကမိုသွေးကျေးရွာအုပ်စု၊ အအ--- ကျေးရွာတွင် ဗုံး (၂)လုံးကြဲ ချပြီး အော်လီဂန်သေနတ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုတွင် အသက် (၂)နှစ် အရွယ်မိန်းကလေးငယ်တစ်ဦးထိမှန်သေဆုံးပြီး အရပ်သား (၉)ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသည့်အရပ်သား (၉) ဦးသည် အမျိုးသမီး (၇) ဦး၊ အမျိုးသားတစ်ဦးနှင့်အသက်(၂)နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးဖြစ်ကြသည်။ ထို့အပြင် ဆေးခန်းတစ်လုံး၊ ရွာသားများပိုင်ဆိုင်သော လယ်ယာစိုက်ခင်းများနှင့် KNU ရုံးတည်ရှိရာနေရာရှိ အဆောက်အဦးများလည်း ထိမှန်ပျက်စီးသွားခဲ့သည်။ ကရင်ကျန်းမာရေးနှင့်လူမှုဖူလှုံရေးဌာန (KDHW) ဝန်ထမ်းများ သည် ဒဏ်ရာရရှိသော အရပ်သားများကို ၎င်းတို့ရုံးဌာနတွင် ဆေးကုသပေးခဲ့သည်။ အခင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရွာသားများသည် အအ--- ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ [1]

 

 

လယ်ဒိုစိုးမြို့နယ်တွင်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှု -                        

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ် (၁)နာရီနှင့် (၂)နာရီအကြားတွင် ဘိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့ နယ်၊ မြိတ်မြို့မှ SAC (မြန်မာစစ်တပ်) လေယာဉ်တစ်စီးသည် ဘိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်၊ ကမိုသွေးကျေး ရွာအုပ်စု၊ အအ---ကျေးရွာတွင် လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အအ---ကျေးရွာကို အဘ---ကျေးရွာဟု လည်းခေါ်ဝေါ်ကြသည်။ အဆိုပါလေယာဉ်တစ်စီးသည် အအ---ကျေးရွာအရှေ့ဖက်ခြမ်းတွင် လာရောက်ပျံဝဲလာပြီး နောက် ကျေးရွာကိုလေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ ထို့နောက် ကျေးရွာအနောက်ဖက်ခြမ်းသို့ ပျံသန်းသွားခဲ့သည်။ ထိုလေယာဉ်သည် ဂျက်လေယာဉ်အမျိုးအစားဖြစ်ပြီး ၎င်းအရောင်မှာ မိုးပြာရောင်ဖြစ်သည်။ ထိုဂျက်လေယာဉ်သည် ကျေးရွာအတွင်း ပေါင် (၂၅၀)ဗုံး (၂)လုံးကြဲချပြီး တစ်ချိန်ထဲတွင်လည်း အော်လီဂန်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုဗုံး (၂)လုံးသည် အအ---ကျေးရွာရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) မြို့နယ်ရုံးတည်ရှိရာနေရာတွင် ကျရောက် ပေါက်ကွဲခဲ့သည်။ (ထိုအချိန်တွင် ရွာသားများသည် KNU ရုံးထဲတွင်ရှိနေပြီး ၎င်းတို့အနေဖြင့် တရားရေးဆိုင်ရာအမှုများ ကို ရင်ဆိုင်ဖြေရှင်းရန်စောင့်နေသည့်အချိန်ဖြစ်သည်။) ထိုဗုံး (၂)လုံးသည် (၄)လံ၊ (၅)လံခန့် အကွာအဝေးရှိသည့်နေရာ တွင် တစ်ချိန်ထဲမှာ ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါဗုံးကြဲတိုက်ခိုက်မှုတွင် မိန်းကလေးငယ်တစ်ဦးထိမှန်သေဆုံးပြီး အခြားအရပ်သား (၉)ဦးကိုလည်း ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသည့်အရပ်သားများသည် အမျိုးသမီး (၇)ဦး၊ အမျိုးသားတစ်ဦးနှင့်မိန်းကလေးတစ်ဦးများဖြစ်ကြသည်။

သေဆုံးသွားသည့်မိန်းကလေးငယ်တစ်ဦး၏အမည်မှာ နော်အ---ဖြစ်သည်။ သူမ၏ညာဖက်ပုခုံးတွင် ဗုံးစများ ထိမှန်ဒဏ် ရာရရှိပြီးနောက် သေဆုံးသွားခဲ့သည်။ အခင်းဖြစ်ပွားသည့်အချိန်သည် သူမသည် KNU ရုံးထဲတွင်ရှိနေခဲ့သည်။ သူမသည် အသက် (၂)နှစ်သာရှိသေးသည်။ (ဗုံးပေါက်ကွဲသည့်နေရာနှင့် KNU ရုံးအဆောက်အဦးတို့၏အကွာအဝေးမှာ (၃)လံသာ ကွာဝေးသည်။ နော်အ---နှင့်သူမ၏မိခင်သည် KNU ရုံးတွင် တရားရေးဆိုင်ရာအမှုတစ်ခုကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ကရင်အမျိုးသမီးအဖွဲ့ (KWO) မှ ကူညီပံ့ပိုးနေသည့်အရပ်သားများ ဖြစ်ကြသည်။ ထိုတရားရေးဆိုင်ရာအမှုသည် ရွာသား များ၏လုံခြုံရေးအတွက် အသေးစိတ်ဖော်ပြ၍မရပါ။)

ဒဏ်ရာရရှိသောမိန်းကလေးငယ်တစ်ဦး၏အမည်မှာ ဘ---ဖြစ်ပြီး သူမ၏နားထင်တွင်ဗုံးစထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွားသည့်အချိန်တွင် သူမသည်လည်း KNU မြို့နယ်ရုံးတွင်ရှိနေခဲ့သည်။ သူမ၏အသက်သည် (၂)နှစ်သာရှိ သေးသည်။ သူမသည် လယ်ဒိုစိုးမြို့နယ်အဆင့် KWO အဖွဲ့ဝင်တစ်ဦး၏သမီးဖြစ်သည်။             

ဒဏ်ရာရရှိခဲ့သော အမျိုးသမီး (၇)ဦးနှင့်အမျိုးသားတစ်ဦးသည် SAC (မြန်မာစစ်တပ်) စစ်အစိုးရအောက်တွင် တာဝန် ထမ်းဆောင်နေကြသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ကြသည်။ ၎င်းတို့သည် ၂၀၂၅ (စစ်အစိုးရ) ရွေးကောက်ပွဲကို (ရွေး ကောက်ပွဲအကြိုကာလအတွင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်) လယ်ဒိုးစိုးမြို့နယ်၊ အဘ---မြို့တွင် ပါဝင် ဆင်နွှဲခဲ့သည်။ ၎င်းတို့သည် ရွေးကောက်ပွဲကို ထောက်ခံသူများဖြစ်ကြသည်။ ထို့အတွက်ကြောင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) တပ်ရင်းအမှတ် (၁၀) မှ စစ်သားများသည် ၎င်းတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။[2] (၎င်းတို့ကို KNU မြို့နယ်ရုံးဌာနရှိ အိမ်ခန်းငယ်ထဲတွင် ထိန်းသိမ်းထားပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်မှစ၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ ကျေးရွာအပြင်သို့ထွက်ခွင့် မရရှိခဲ့ပေ။)

ထို့ကြောင့် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်တွင် (၎င်းတို့အား ထိန်းသိမ်းထားရှိရာအဆောက်အဦးများနှင့် (၄)လံ၊ (၅)လံအကွာအဝေးတွင် ဗုံးတစ်လုံးကျရောက်ပေါက်ကွဲသွားပြီး ၎င်းတို့အားလုံးကို ထိမှန်၍ဒဏ်ရာရရှိခဲ့ခြင်းဖြစ် သည်။ ၎င်းတို့ကို ကရင်ကျန်းမာရေးနှင့်လူမှုဖူလှုံရေးဌာန (KDHW) ကျန်းမာရေးလုပ်သားများက ဆေးကုသပေးခဲ့သည်။ ထို့နောက် KNU မြို့နယ်အာဏာပိုင်များက ၎င်းတို့အား လွှတ်ပေးခဲ့သည်။ အကြောင်းမှာ လေကြောင်းတိုက်ခိုက် မှုကြောင့် ကျေးရွာတွင် မည်သူ့အတွက်မှ လုံခြုံမှုမရှိတော့သောကြောင့်ဖြစ်သည်။

ဒဏ်ရာရရှိခဲ့သည့်ပြည်သူ့ဝန်ထမ်း (၈) ဦး ၏နာမည်နှင့်အသက်များကို အောက်ပါအတိုင်း ဖော်ပြထားသည်။

  • မဆ--- (၃၇ နှစ်)
  • မဒ--- (၅၀ နှစ်)
  • မဃ--- (၃၉ နှစ်)
  • မဖ--- (၅၂ နှစ်)
  • မဂ--- (၄၅ နှစ်)
  • မဟ--- (၂၇ နှစ်)
  • မလ--- (၄၆ နှစ်)
  • ကိုသ--- (၃၃ နှစ်)

(KHRG သတင်းစုဆောင်းသူတစ်ဦးက ၎င်းတို့ရရှိသည့်ဒဏ်ရာအသေးစိတ်အကြောင်းအရာကို ရယူနိုင်ခြင်းမရှိခဲ့ပါ။)

ဤလေကြောင်းတိုက်ခိုက်မှုကြောင့် အအ--- ကျေးရွာရှိ KDHW စီမံခန့်ခွဲသော ဆေးခန်းတစ်လုံးနှင့်ရွာသားများ ပိုင်ဆိုင် သည့်လယ်ယာစိုက်ခင်းများလည်း ထိမှန်ပျက်စီးသွားခဲ့သည်။ ထို့အတူ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရွာ သားများအကြားတွင် အကြောက်တရားများဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် လုံခြုံစိတ်ချသည့်နေရာသို့သွားရောက်ရှောင်ပုန်းကာ ၎င်းတို့ပညာရေးအတွက် ဆက်လက်သင် ကြားပေးခဲ့သည်။ တစ်ချို့ကျေးရွာများရှိ ကျောင်းသား၊ ကျောင်းသူများလည်း ၎င်းတို့ကျောင်းချမှတ်ထားသည့် နှစ်ကုန် စာမေးပွဲအချိန်ကာလထက်စော၍ စာမေးပွဲများကို မြန်မြန်ဆန်ဆန်ဖြေဆိုခဲ့ရသည်။ တစ်ချို့ရွာသားများသည် အအ--- ကျေးရွာထဲတွင် ဆက်လက်နေထိုင်ရန်အလွန်ကြောက်ရွံ့သွားပြီး ကျေးရွာနှင့်ဝေးသော ၎င်းတို့စိုက်ပျိုးခြံထဲတွင် သွား ရောက်တိမ်းရှောင်ခဲ့ရသည်။

 
Wed, 25 Mar 2026

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ ကျင့်သင်ကြားပေးထားသော ဘိတ်ထားဝယ်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤနောက်ဆုံးရဒေသတွင်းသတင်း တိုသည် မြေပြင်တွင်လက်ခံရရှိသော အစီရင်ခံစာ (၃) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #26-55-D1 ၊ #25-55-M1 နှင့် #25-55-P1 တို့ဖြစ်သည်။

[2] In December 2025, the KNU Coordination Team in Mergui-Tavoy released a statement on civilians participating in the military regime’s election. See: KNU, “Statement of KNU-NUG (Brigade 4 Coordination Team) on the sham election of terrorist military junta”, December 2025.

 

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်