Tue, 23 Dec 2025
ခလယ်လွီထူခရိုင်မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - SAC လေကြောင်းတိုက်ခိုက်မှု ကြောင့် မူးမြို့နယ်ရှိ အရပ်သားများသေကြေဒဏ်ရာရရှိခြင်းနှင့် လူနေအိမ်များထိ ခိုက်ပျက်စီးခြင်း (၂၀၂၅ ခုနှစ်၊ ဧပြီလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ခလယ်လွီထူခရိုင်၊ မူး (မုန်း) မြို့နယ်တွင် ဖြစ်ပွားခဲ့ သော လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ မနက် (၁၀း၁၅) မိနစ်ခန့်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဂျက်လေယာဉ်တစ်စီးသည် မူး (မုန်း) မြို့နယ်၊ မူးအထူးဒေသ၊ ကညင်တိုင်းကျေးရွာအုပ်စုအတွင်းသို့ ဗုံး (၂)လုံး ပစ်ချတိုက်ခိုက်ခဲ့သည်။ ဗုံးတစ်လုံးသည် အအ--- ကျေးရွာတွင် ကျ ရောက်ပေါက်ကွဲပြီး အခြားတစ်လုံးမှာ ကျေးရွာအပြင်ဖက်တွင်ကျခဲ့သော်လည်း မပေါက်ကွဲခဲ့ပေ။ ဤလေကြောင်းတိုက် ခိုက်မှုတွင် ရွာသား (၃) ဦးထိမှန်သေဆုံး၍ နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူထဲတွင် အသက် (၁) နှစ်အရွယ် ကလေးတစ်ဦးလည်းပါသည်။ ထို့အပြင် လူနေအိမ် (၂)လုံးထိမှန်ပျက်စီးသွားပြီး အခြားအိမ် (၄)လုံးလည်း ထိမှန်ကာ အနည်းငယ်ပျက်စီးသွားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တွင် အအ--- ကျေးရွာရှိ ရွာသားများသည် လေယာဉ်ပျံဝဲလာသည့်အသံကိုကြားမိတိုင်း စိုးရိမ်ကြောက်ရွံ့မှုများခံစားနေရသည်။ အကျိုးဆက်အနေဖြင့် တစ်ချို့ရွာ သားများသည် အခြားကျေးရွာများသို့ သွားရောက်တိမ်းရှောင်ခဲ့ရသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ် သားများ သေကြေဒဏ်ရာရရှိမှုနှင့်ပျက်စီးမှုများ

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ခလယ်လွီထူခရိုင်၊ မူး (မုန်း)မြို့နယ်၊ မူးအထူးဒေသ၊ ကညင်တိုင်းကျေးရွာအုပ်စု၊ အအ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

မဂ---

မဆ---

ဦးက---

ဦးဟ---

မဘ---

အသက်

၄၄ နှစ်

၅၀ နှစ်

၄၀ နှစ်

၅၃ နှစ်

၁ နှစ်နှင့် ၈လ

ကျား/မ

ကျား

ကျား

လူမျိုး

ဗမာ

ဗမာ

ဗမာ

ဗမာ

ဗမာ

အိမ်ထောင် ရှိ/မရှိ   

ရှိ

မရှိ

ရှိ

ရှိ

-

အလုပ်အကိုင်

မသိရှိရ

မသိရှိရ

မသိရှိရ

လယ်ယာ

-

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

-

ရာထူးအဆင့်

ရွာသား

ရွာသား

ရွာသား

ရွာသား

ရွာသား

နေရပ် ရွာအမည်

အအ--- ကျေးရွာ

အအ--- ကျေးရွာ

အအ--- ကျေးရွာ

အအ--- ကျေးရွာ

အအ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

လေယာဥ်အမျိုးအစား

ပင်မတပ်

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိအမည်

ဂျက်လေယာဉ်

မြန်မာစစ်တပ် (SAC လေတပ်)

-

မင်းအောင်လှိုင် (ဗိုလ်ချုပ်ကြီးထွန်းအောင်သည် SAC ကာကွယ်ရေးဦးစီးချုပ် (လေတပ်)အဖြစ် တာဝန်ထမ်းဆောင်သည်။)

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

မူးအထူးဒေသရှိ ဒေသခံ KNU (ကရင်အမျိုးသားအစည်းအရုံး) အာဏာပိုင်တစ်ဦးဖြစ်သူ စောသ--- သည် ကျွန်တော့်ကို (KHRG သတင်းစုဆောင်းသူ) ဆက်သွယ်၍ ဤဖြစ်စဉ်ကို ပြောပြခဲ့သည်။  စောသ--- သည် ကျွန်တော့်အား သူ့ဆီကို (မူးအထူးဒေသ၊ ရွာမကြီးကျေးရွာအုပ်စုရှိ စောသ---၏ရုံးခန်းသို့) သွားခိုင်းခဲ့သည်။ ထို့နောက် စောသ--- သည် ကျွန် တော့်ကို အခင်းဖြစ်ပွားသည့်နေရာသို့ ခေါ်ဆောင်သွားပေးခဲ့သည်။ ကျွန်တော်သည် ဗုံးထိမှန်သူများ၏မိသားစုဝင်များ နှင့်တွေ့ဆုံခွင့်ရခဲ့ပြီး ၎င်းတို့အား အင်တာဗျူးခဲ့ပါသည်။ ထိုမိသားစုဝင်များသည် အခင်းဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ သူများဖြစ်သည်။ (KHRG သတင်းစုဆောင်းသူသည် ရွာသားနှစ်ဦးကို အင်တာဗျူးခဲ့သည်။ တစ်ဦးသည် ဗုံးထိမှန်သေ ဆုံးသူ မဂ--- ၏ဖခင်ဖြစ်ပြီး အခြားတစ်ဦးသည် ဗုံးထိမှန်ဒဏ်ရာရသူ ဦးဟ--- ဖြစ်သည်။)

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤဖြစ်စဉ်နှင့်ပတ်သက်၍ (မူးအထူးဒေသရှိ ဒေသခံအာဏာပိုင်တစ်ဦးဖြစ်သူ) စောသ--- သည် သူ၏ရုံးခန်းတွင်ရှိနေစဉ် အအ--- ကျေးရွာကို လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည့်အကြောင်းကို ကြားသိရှိခဲ့ရသည်။ သူသည် ရွာသားများကို ဆက် သွယ်မေးမြန်းခဲ့သည်။ ရွာသားများက လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အကြောင်းကို သူ့အား ပြောပြခဲ့သည်။ သူသည် အခင်းဖြစ်ပွားသည့်နေရာသို့ ချက်ချင်းသွား၍ အခင်းဖြစ်စဉ်ကို အတည်ပြုခဲ့သည်။ ထို့နောက် သူသည် KHRG သတင်းစု ဆောင်းသူအား ဆက်သွယ်၍အကြောင်းကြားခဲ့သည်။ KHRG သတင်းစုဆောင်းသူသည် အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ သတင်အချက်အလက်များပို၍ရရှိရန်အတွက် ဗုံးထိမှန်သူများ၏မိသားစုဝင်များအား အင်တာဗျူးခဲ့သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ မနက် (၁၀း၁၅) မိနစ်ခန့်တွင် SAC ဂျက်လေယာဉ်တစ်စီးသည် ခလယ်လွီထူခရိုင်၊ မူး (မုန်း)မြို့နယ်၊ မူးအထူးဒေသ၊ ကညင်တိုင်းကျေးရွာအုပ်စု၊ အအ--- ကျေးရွာတွင်းသို့ ဗုံး (၂)လုံးကြဲချတိုက်ခိုက်ခဲ့သည်။ ဗုံးတစ်လုံးသည် ကျေးရွာထဲတွင် ကျရောက်ပေါက်ကွဲပြီး အခြားတစ်လုံးမှာ ကျေးရွာအပြင်ဖက်တွင်ကျခဲ့သော်လည်း မပေါက်ကွဲခဲ့ပေ။ ဤလေကြောင်းတိုက်ခိုက်မှုတွင် ကိုဧ---နှင့်မဆ---တို့ပိုင်ဆိုင်သည့်နေအိမ် (၂)လုံးထိမှန်ပျက်စီးသွား ခဲ့သည်။ ထို့အပြင် ဦးန---၊ ဦးဟ---၊ မဂ---နှင့်ဦးစ---တို့ပိုင်ဆိုင်သည့်နေအိမ် (၄)လုံးလည်း ဗုံးစများထိမှန်၍ အနည်းငယ် ပျက်စီးသွားခဲ့သည်။ ထိုမျှမက လေကြောင်းတိုက်ခိုက်မှုကြောင့် အအ--- ကျေးရွာမှ ရွာသား (၃)ဦးအား ထိမှန်သေဆုံးခဲ့ သည်။     

  • မဂ--- သည် အသက် (၄၄)နှစ်ရှိပြီး သူမ၏ဦးခေါင်းကိုဗုံးထိမှန်၍ သေဆုံးခဲ့သည်။
  • ဦးက--- သည် အသက် (၄၀)နှစ်ရှိပြီး သူ၏ဆီးအိမ်ကိုထိမှန်၍ သေဆုံးခဲ့သည်။
  • မဆ--- သည် အသက် (၅၀)နှစ်ရှိပြီး သူမ၏ဝမ်းဗိုက်ကိုထိမှန်၍ သေဆုံးခဲ့သည်။    

 

(မဂ---သည် သူမ၏အိမ်ကိုသန့်ရှင်းရေးလုပ်နေသည့်အချိန်တွင် ဗုံးထိမှန်၍သေဆုံးခဲ့သည်။ ဦးက---သည် အိမ်အောက် မှာ ပုခက်ပေါ်တွင်ထိုင်၍ ဖုန်းကြည့်နေစဉ်တွင် ထိမှန်သေဆုံးခဲ့သည်။ မဆ--- သည် သူမ၏အိမ်တွင် ပါဠိစာကို ရွတ်ဖတ် နေစဉ်တွင် ထိမှန်သေဆုံးခဲ့သည်။) 

 

ထို့အပြင် အသက် (၁)နှစ်နှင့် (၈)လအရွယ်သာရှိသည့် မဘ---သည် သူမ၏မျက်နှာပေါ်ရှိ ညာဖက်မျက်လုံးအောက် တစ်နေရာတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ သူမ၏အဖိုးဖြစ်သူ ဦးဟ---လည်း သူ့ခြေထောက်တွင် ထိမှန်ဒဏ်ရာရရှိ ခဲ့သည်။ (ဆေးရုံတွင် ဆေးဝါးပစ္စည်းများစုံလင်မှုမရှိသည့်အတွက်ကြောင့်) သူမကို (မဘ---) ဖြူးမြို့တွင်ရှိသော SAC စီမံခန့်ခွဲသည့်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ထိုမှတစ်ဆင့် တောအူးခရိုင်၊ တောင်ငူမြို့ရှိ ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ သည်။ နောက်ဆုံးတွင် သူမအား ရန်ကုန်မြို့ရှိ ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ပြန်သည်။ သူမ၏မိသားစုသည် ဆေးရုံသွားရ သည့်ခရီးသွားလာမှုကုန်ကျစရိတ်ကို ပေးဆောင်ခဲ့ရသည်။ ဆေးရုံသွားလာသည့်ခရီးစရိတ်သည် ကျပ်ငွေ (၃၀၀၀၀၀) ကုန်ကျပြီး ဆေးကုသမှုစရိတ်သည် ကျပ်ငွေ (၆၀၀၀၀) မှ (၇၀၀၀၀) အထိ ကုန်ကျမှုရှိခဲ့သည်။

 

ဒဏ်ရာရရှိသည့်ဦးဟ--- သည် ယခုလိုရှင်းပြသည်။ “အဲဒီနေ့မှာ (၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်) ကျွန်တော့်ညီမက (မဆ---) ပါဠိစာကို ရွတ်ဖတ်နေတယ်။ ကျွန်တော်က မြေးမနဲ့အတူ (မဘ---) ပုံဆွဲနေကြတယ်။ လေယာဉ်က အနောက်ဖက် ခြမ်းကနေလာပြီး ကျေးရွာအနီးနားမှာ ပျံသန်းနေတယ်။ အဲဒါကြောင့် ကျွန်တော်က သူ့ကို (မဆ---) ဒီလိုပြောတယ်။ ‘ညီမ…အခြေအနေမကောင်းဘူး။ ကျင်းထဲကိုသွားပုန်းရအောင်။’ အဲဒါနဲ့ သူက မျက်မှန်ကိုချွတ်ပြီး ကျွန်တော့်ကိုကြည့် လိုက်တယ်။ ပြီးတော့ ကျွန်တော်သူ့ကိုဆက်ပြောတယ်။ ‘ညီမ….အခြေအနေကပိုပြီးဆိုးလာနေတယ်။ ပါဠိစာမဖတ်နဲ့ တော့။ အထဲကို (ကျင်းထဲကို) သွားဝင်ကြရအောင်။’ ကျွန်တော်တို့တွေ ကျင်းထဲကိုမရောက်ခင် စက္ကန့်အနည်းငယ် အကြာမှာ ဗုံးတစ်လုံးက လာကျပြီးပေါက်ကွဲသွားတယ်။ အရာအားလုံးဟာ (ဗုံးမီးခိုးငွေ့ကြောင့်) မဲမှောင်သွားတာပဲ။ ကံကောင်းတယ်လို့ပြောရမှာပဲ။ ကျွန်တော်က မြေပြင်ပေါ်ကို အချိန်မီဝပ်နေလိုက်တော့ အသက်ရှင်ခဲ့တယ်။ ဒါပေမဲ့ ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ ကျွန်တော်ဒဏ်ရာရတော့ တစ်ကိုယ်လုံးမီးလောင်သွားသလိုခံစားရတယ်။ ပြီး တော့ ကျွန်တော့်မိန်းမက နံရံဘေးမှာ မတ်တပ်ရပ်ပြီး ကျွန်တော့်ကိုပြောတယ်။ ‘မဆ---ကို သွားခေါ်’တဲ့။ ‘သူ့ကိုခေါ် စရာမလိုတော့ဘူး။ ဘာဖြစ်တာလဲဆိုတော့ ဗုံးက သူမရဲ့အိမ်ပေါ်ကိုကျသွားတယ်။ သူ့ရဲ့အလောင်းကို တွေ့ရပါ့မလား တောင် မသေချာဘူး’ လို့သူ့ကိုပြန်ပြောလိုက်တယ်။ ဒါ့အပြင် ကျွန်တော့်ရဲ့မြေးမလေး (မဘ---) ကလည်း ဗုံးစထိမှန်ပြီး ဒဏ်ရာရသွားတယ်။ ကျွန်တော်အိမ်ထဲမှာရှိတဲ့အချိန်မှာ သူ့ရဲ့သွေးကို (မဘ---၏သွေး) မမြင်ရဘူး။ အိမ်ကနေထွက် လာတော့မှ သွေးကိုမြင်ရတယ်။ အဲဒါကြောင့် ကျွန်တော်လည်း အကူအညီလှမ်းအော်တောင်းပြီး မြေးလေးကို ဆေးမှူး ဖြစ်တဲ့ပ---ရဲ့အိမ်ကိုခေါ်သွားတယ်။ အဲဒါနဲ့ ဆေးမှူးက သူ့ကိုဆေးပေးလိုက်တယ်။ အစပိုင်းမှာ ကျွန်တော်ရဲ့ညီမ (မဆ---) တစ်ယောက်ပဲသေသွားတယ်လို့ထင်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မဂ---နဲ့ဦးက---လည်း ထိမှန်သေဆုံးသွားတယ် ဆိုတာ သိရှိခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်တော်အရမ်းဝမ်းနည်းပြီး စိတ်ဓာတ်ကျခဲ့တယ်။” (ပ---သည် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် - PDF တွင်တာဝန်ထမ်းဆောင်သည့်ဆေးမှူးတစ်ဦးဖြစ်သည်။)

               

လေကြောင်းတိုက်ခိုက်မှုတွင် အအ--- ကျေးရွာမှ ရွာသားများသေဆုံး၊ ဒဏ်ရာရရှိခဲ့သည်။ အကြောင်းမှာ SAC ဂျက်လေ ယာဉ်တစ်စီးသည် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့မည်ကို ရွာသားများအနေဖြင့် မထင်မှတ်ခဲ့သောကြောင့်ဖြစ်သည်။ မဂ---၏ဖခင်ဖြစ်သူ ဦးလ---က ဤသို့ပြောပြသည်။ “ဒီတစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုက အရင်ကဖြစ်ခဲ့တာနဲ့မတူ ဘူး။ အဲဒီနေ့မှာ ကျေးရွာတောင်ပိုင်းမှာ (ဆိုင်ကယ်ဖြင့်သွားလျှင်တစ်နာရီခန့်ကြာသည်) တိုက်ပွဲဖြစ်နေတယ်။ ဒါပေမဲ့ ဘယ်နေရာမှာတိုက်ပွဲဖြစ်လဲဆိုတာ အတိအကျမသိရဘူး။ (SAC) လေယာဉ်က အဲဒီနေရာကိုသွားပြီး လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။ အရင်ကဆိုရင် လေယာဉ်က အဲလိုမျိုးပဲ (တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ) လာပြီးဗုံးကြဲသွား တယ်။ အဲဒါကြောင့် ကျွန်တော်တို့တွေ ပေါ့ဆသွားခဲ့တယ်။ လေယာဉ်က တိုက်ပွဲဖြစ်တဲ့နေရာမှာသွားပြီး ဗုံးကြဲသွားမှာ ပဲလို့ထင်ခဲ့တယ်။ အဲဒါနဲ့ မနက် (၁၀း၁၅) မိနစ်လောက်မှာ လေယာဉ်တစ်စီးက ကျေးရွာထဲကိုလာပြီးဗုံးကြဲသွားတာပဲ။” ဦးလ---က ဆက်လက်၍ယခုလိုပြောသည်။ “အဲဒီနေ့မှာ ကျွန်တော့်သမီးမဂ--- ပြောတာက သူ့အိမ်ကိုပြန်ပြီး သန့်ရှင်း ရေးလုပ်မယ်တဲ့။ (…) မနက် (၁၀း၁၅)မိနစ်လောက်မှာ လေယာဉ်လာပြီး ကျေးရွာထဲကို ဗုံးကြဲသွားတယ်။ သူရဲ့ (မဂ---) ခေါင်းကိုထိမှန်ပြီး ပွင့်ထွက်သွားတယ်။”

 

လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရွာသားများသည် လေယာဉ်သံကိုကြားမိတိုင်း လေကြောင်းတိုက်ခိုက်မှု ထပ် မံဖြစ်ပွားလာမည်ကို စိုးရိမ်ကြောက်ရွံ့မှုရှိခဲ့သည်။ ထို့ကြောင့် ရွာသားများသည် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို ရှောင်ရှားရန်အတွက် ကျေးရွာကိုစွန့်ခွာ၍ အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွား ပြီးနောက်တွင် ရွာသားအချို့သည် (မူးအထူးဒေသ၊ ညောင်ပင်သာကျေးရွာအုပ်စုရှိ) အဆ--- ကျေးရွာနှင့်ဖြူးမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အကြောင်းမှာ ၎င်းတို့အနေဖြင့် အအ---ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှု တဖန်ဖြစ်ပွား လာမည်ကို စိုးရိမ်ကြောက်ရွံ့နေသည့်အတွက်ကြောင့်ဖြစ်သည်။ သို့သော်လည်း တစ်ခါတစ်ရံတွင် ရွာသားများသည် ၎င်းတို့နေအိမ်သို့ပြန်၍ အလုပ်လုပ်ခဲ့ရသည့်အခြေအနေလည်းရှိသည်။ တစ်ချို့သောရွာသားများမှာ နေရပ်မစွန့်ခွာပဲရှိ နေပါသည်။ အကြောင်းမှာ ၎င်းတို့မှာ ထိန်းသိမ်းစောင့်ရှောက်ရမည့်အိုးအိမ်ပိုင်ဆိုင်မှုပစ္စည်းများစွာ ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဗုံးခိုကျင်းများဆောက်လုပ်၍ ကျင်းထဲတွင်အိပ်စက်လေ့ရှိသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ကျွန်တော်သည် (KHRG သတင်းစုဆောင်းသူ) ဗုံးထိမှန်သေဆုံးသူ၏မိသားစုဝင်တစ်ဦးဖြစ်သူ ဦးလ---နှင့်ဗုံးထိမှန်ဒဏ် ရာရသူ ဦးဟ---တို့အား အင်တာဗျူးခဲ့သည်။ ဦးလ---သည် သေဆုံးသူ မဂ---၏ဖခင်ဖြစ်သည်။ ဦးဟ---သည် ဗုံးထိမှန် သေဆုံးသူနှင့်ဒဏ်ရာရသူများ၏မိသားစုဝင်တစ်ဦးလည်းဖြစ်သည်။ ထို့နောက် ဤသတင်းကိုရေးသားဖြန့်ဝေရန် အတွက် ၎င်းတို့အား ခွင့်ပြုချက်တောင်းခဲ့ပါသည်။ ၎င်းတို့အနေဖြင့် ဤသတင်းကို အသုံးပြု၍ ရေးသားဖြန့်ဝေရန် အတွက် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Tue, 23 Dec 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ မေလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင် ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာကို မြေပြင် တွင်လက်ခံရရှိသော အစီရင်ခံစာ (၃) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #25-184-A1-I1၊ #25-184-A2-I1 နှင့် #25-184-I1 တို့ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်

Pages