Mon, 12 May 2025
ဒူးသထူခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ကျိုက်ထိုမြို့နယ်တွင် SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်များပျက်စီး၍ ရွာသားများ ထွက်ပြေး တိမ်းရှောင်ရခြင်း (၂၀၂၄ ခုနှစ်၊ ဇွန်လ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း ဒူးသထူ (သထုံ) ခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ဖြစ် ပွားခဲ့သော လက်နက်ကြီးပစ်ခတ်မှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်နေ့ တွင် သိမ်ဇရပ်မြို့တွင်အခြေစိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်မ (၄၄) လက်အောက်ခံ အမြောက်တပ် (၃၁၀) နှင့် ပဲခူးတိုင်းဒေသ၊ ဝေါမြို့နယ်၊ လက်ပံနှင့်အညာစုများတွင် တပ်စွဲထားသော SAC စစ်သားများ သည် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး (၁၂၀) မမ (၆၃) လုံးကျော် ပစ်ခတ်ခဲ့သည်။ ဤသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် (၁၉) လုံးအထက် ထိမှန်ပျက်စီးသွားပြီး ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာ (၁၉) ရွာခန့်တွင်နေထိုင်ကြသောရွာသားများ (၁၁၀၀၀) ကျော်သည် တောတောင်ထဲတွင်သော်လည်းကောင်း၊ ၎င်းတို့ဆွေမျိုး များရှိရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ တိမ်းရှောင်ရသောရွာသားများသည် စားနပ်ရိက္ခာနှင့်ဆေးဝါး ပစ္စည်းများ အမှန်တကယ်လိုအပ်နေပါသည်။ ထို့အပြင် SAC လက်နက်ကြီးပစ်ခတ်မှုနှင့် ညအချိန်အတွင်း ခရီးသွားလာ ခြင်းကို ပိတ်ပင်ကန့်သတ်ထားသည့်အတွက်ကြောင့် ရွာသားများသည် ငါးရှာဖမ်းခွင့်မရတော့ဘဲ ၎င်းတို့၏စားဝတ်နေ ရေးအတွက် အခက်အခဲ၊ စိန်ခေါ်မှုများရှိလာပါသည်။ [1]

 

 

ကျိုက်ထိုမြို့နယ်တွင် SAC လက်နက်ကြီးပစ်ခတ်မှု

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ရက်နေ့ မနက် (၇း၂၀) မိနစ်တွင် (ကျိုက်ထိုမြို့နယ်မှ) ကျေးနယ်ကာကွယ်ရေးအဖွဲ့နှင့် (ကျိုက်ထို မြို့နယ်တွင်လှုပ်ရှားနေသော) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သားများသည် သိမ်ဇရပ်မြို့ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်ဆေးရေးဂိတ်ဖြစ်သော ကုက္ကိုလ်ပင်ဂိတ်အား (တင်မောင်အေးဦးစီးသော ဂိတ်) သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ကျေးနယ်ကာကွယ်ရေးအဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့သည် လက်နက် ကြီး (၆၀) မမနှင့် (၄၀)မမ နှစ်လုံးပစ်ခတ်၍ အဆိုပါဂိတ်အား တိုက်ခိုက်ခဲ့သည်။ ထိုသို့ပစ်ခတ်တိုက်ခိုက်မှုတွင် အမြောက်တပ် (၃၁၀) မှ သိုလှောင်ရုံတစ်ခု မီးလောင်ပျက်စီးခဲ့ပြီး SAC ရဲအချို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် SAC စစ်သားများသည် ပြန်လည်တုန့်ပြန်သည့်အနေဖြင့် နီးစပ်ရာကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်။ SAC စစ်သားများသည် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များမှ ၎င်းတို့အား ပစ်ခတ်သည်ဖြစ်စေ၊ မပစ်ခတ်သည်ဖြစ် စေ ကျေးရွာအတွင်းသို့ နေ့တိုင်းလိုလို (ဇွန်လအတွင်း) လက်နက်ကြီးများပစ်ခတ်ခဲ့သည်။   

  • ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ - ခရွဲကျေးရွာအုပ်စုအတွင်း SAC လက်နက်ကြီးပစ်ခတ်မှု

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ရက်နေ့ မနက် (၇း၃၀) မိနစ်တွင် (ကုက္ကိုလ်ပင်ဂိတ်အနီး) သိမ်ဇရပ်မြို့တွင်တပ်စွဲထားသော SAC ခြေမြန်တပ်မ (၄၄) လက်အောက်ခံ အမြောက်တပ် (၃၁၀) နှင့်ပဲခူးတိုင်းဒေသ၊ ဝေါမြို့နယ်၊ လက်ပံနှင့်အညာစုများတွင် တပ်စွဲထားသော SAC စစ်သားများသည် ခရွဲကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီး (၁၂၀) မမ ပစ်ခတ်ခဲ့ပြီး ရွာသား အိမ်များ ထိမှန်ပျက်စီးခဲ့သည်။

SAC အမြောက်တပ် (၃၁၀) သည် လက်နက်ကြီးအလုံး (၃၀) ခန့် ပစ်ခတ်ခဲ့သည်။ လက်ပံကျေးရွာရှိ SAC စစ်သားများ လည်း လက်နက်ကြီး (၁၀) လုံးပစ်ခတ်ခဲ့၍ စုစုပေါင်း လက်နက်ကြီးအလုံး (၄၀) ခန့်ပစ်ခတ်ခဲ့သည်။ တစ်ချို့သော လက်နက်ကြီးများသည် ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စုရှိ အအ---၊ အဘ---၊ အစ---၊ အဒ---၊ အဃ---၊ အဖ---နှင့်အဂ---ကျေးရွာများတွင် ကျရောက်ပေါက်ကွဲခဲ့သည်။

လက်နက်ကြီးတစ်လုံးသည် အအ---ကျေးရွာတွင်နေထိုင်သော ဦးအ---၏နေအိမ်ပေါ်သို့ကျရောက်ပေါက်ကွဲပြီး နေအိမ် အဆောက်အဦးတစ်ခုလုံးပျက်စီးသွားခဲ့သည်။ အဆိုပါလက်နက်ကြီးတစ်လုံးသည် နေအိမ်အား မထိမှန်မီ ဦးအ---နှင့် သူ၏ဇနီးသည် ဗုံးခိုကျင်းထဲသို့ သွားရောက်ပုန်းရှောင်၍ ထိမှန်ဒဏ်ရာရရှိခြင်းမရှိခဲ့ပေ။ (ဦးအ---နှင့်သူ၏ဇနီးသည် အခြားလက်နက်ကြီးများပေါက်ကွဲသံကိုကြား၍ ဗုံးခိုကျင်းထဲသို့ ဝင်ရောက်ပုန်းနေခဲ့ခြင်းဖြစ်သည်။)

ထို့နောက် အခြားသောလက်နက်ကြီး (၆)လုံးသည် ခရွဲကျေးရွာအုပ်စု၊ အအ---ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ သည်။ ဦးအ---အိမ်ကိုလက်နက်ကြီးထိမှန်သည့်အပြင် လက်နက်ကြီး (၁၂၀) မမတစ်လုံးသည် ဒေါ်ဘ---၏အိမ်နှင့် ကိုဆ---၏အိမ်အနီးနားတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ်စုစုပေါင်း (၆)လုံး ထိမှန်ပျက်စီးခဲ့သည်။ ထိမှန်ပျက်စီး သည့် နေအိမ်ပိုင်ရှင်များမှာ ကိုဆ---၊ ကိုဒ---၊ ကိုဃ---၊ ကိုဖ---နှင့် အခြားအမည်မသိရွာသားနှစ်ဦး တို့ဖြစ်ကြသည်။

ယခင်က (အခင်းဖြစ်စဉ်မဖြစ်ပွားမီ - အချိန်အတိအကျမသိရှိရ) လက်နက်ကြီး (၆၀) မမနှစ်လုံးသည် ကိုဆ---၏နေအိမ် ခြံထဲတွင် ကျရောက်ပေါက်ကွဲခဲ့ဖူးသည်။ ယခုတစ်ကြိမ်တွင် (ဇွန်လ၊ ၂ရက်နေ့) လက်နက်ကြီး (၁၂၀) မမတစ်လုံးသည် ၎င်း၏နေအိမ်ခြံထဲတွင် တဖန်ကျရောက်ပေါက်ကွဲခဲ့ပြန်သည်။

ခရွဲကျေးရွာအုပ်စုရှိ အအ---ကျေးရွာနှင့်အဃ---ကျေးရွာကြားတွင် ကားလမ်းတစ်ခုသာခြား၍ အလွန်နီး၍အတွက် ကြောင့် အအ---ကျေးရွာအတွင်းသို့ပစ်ခတ်လိုက်သည့်လက်နက်ကြီး (၆၀) မမတစ်လုံးသည် အဃ---ကျေးရွာအတွင်း သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုလက်နက်ကြီးသည် ရွာသားတစ်ဦးဖြစ်သူ မဂ---၏နေအိမ်ခြံဝန်းရှိ သစ်ပင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနားရှိ ကိုဟ---၏နေအိမ်ခေါင်မိုးကို ကျည်စထိမှန်၍ ပျက်စီးသွားခဲ့သည်။

SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝင်းကလောကျေးရွာအုပ်စုရှိ အဟ---နှင့်အရ---ကျေးရွာများ၊ ပျဉ်းကတိုးကျေးရွာ အုပ်စုရှိ အဧ---၊ အသ---၊ အက---၊ အလ---နှင့် အမ---ကျေးရွာများ၊ ဇီးပြောင်းကျေးရွာအုပ်စုရှိ အန---၊ အဝ---ကျေးရွာ (ဘအ---ရပ်ကွက်) နှင့် အဝ---ကျေးရွာ (ဘဘ---ရပ်ကွက်)၊ ခရွဲကျေးရွာအုပ်စုရှိ အအ---၊ အပ---၊ အဘ---၊ အဖ---၊ အဃ---၊ အဂ---နှင့်အခ---ကျေးရွာတို့မှ စုစုပေါင်းရွာသားများ (၁၁၇၃၉) ဦးခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အအ---ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ရသည့်ရွာသားများသည် (၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း) ၎င်းတို့ရွာသို့ ပြန်လာနေထိုင်နိုင်ခြင်း မရှိခဲ့ပေ။ အခြားသောစစ်ပြေးရှောင်ရွာသားများသည် (လက်နက်ကြီးမကြခဏပစ်ခတ်ခြင်း ကြောင့် အခြေအနေပေါ်မူတည်၍) ယာယီခဏထွက်ပြေးထွက်ရှောင်ရလေ့ရှိသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ရက်နေ့တွင် SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ခရွဲကျေးရွာအုပ်စုရှိ စုစုပေါင်းလူနေအိမ် (၁၃) လုံးခန့် ပျက်စီးသွားခဲ့သည်။

  • ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ - ခရွဲကျေးရွာအုပ်စုအတွင်း SAC လက်နက်ကြီးပစ်ခတ်မှု

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ ည (၉း၃၆) မိနစ်တွင် SAC သည် ခရွဲကျေးရွာအုပ်စု၊ အဖ---ကျေးရွာအတွင်းသို့ လက် နက်ကြီးပစ်ခတ်၍ အဖွားတစ်ဦးဖြစ်သူ န--- (၈၃နှစ်) ၏နေအိမ်နှင့် အခြားအဖွားတစ်ဦးဖြစ်သူ ဝ---၏နေအိမ်များ ထိမှန် ပျက်စီးခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် အဖွားဝ---၏နေအိမ်ခြံထဲတွင် ကျရောက်ပေါက်ကွဲပြီး သူမ၏ဆိုင်ကယ် တစ်စီးပျက်စီးသွားခဲ့သည်။ 

  • ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ - ဇီးပြောင်းကျေးရွာအုပ်စုနှင့်ခရွဲကျေးရွာအုပ်စုအတွင်းသို့ SAC လက်နက်ကြီး ပစ်ခတ်မှု

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ မနက် (၁၀း၁၅) မိနစ်တွင် သိမ်ဇရပ်မြို့တွင်အခြေစိုက်သော တပ်မ (၄၄) လက်အောက်ခံ အမြောက်တပ် (၃၁၀) သည် ကျေးရွာများအတွင်းသို့ လက်နက်ကြီး (၁၂၀) မမအလုံး (၂၂)လုံးခန့် ပစ်ခတ်ခဲ့သည်။ (ရွာသားများသည် လက်နက်ကြီးပေါက်ကွဲသံ၏အကြိမ်ရေကိုကြား၍ ရေတွက်ခဲ့ခြင်းဖြစ်သည်။)

ထိုနေ့မနက် (၉း၃၅)မိနစ်တွင် SAC အမြောက်တပ် (၃၁၀) သည် ပထမအကြိမ် လက်နက်ကြီး (၁၂၀) မမလေးလုံး ပစ် ခတ်ခဲ့သည်။ လက်နက်ကြီးနှစ်လုံးသည် ဇီးပြောင်းကျေးရွာအုပ်စု၊ အစ---ကျေးရွာအနီးပတ်ဝန်းကျင်တွင် ကျရောက် ပေါက်ကွဲခဲ့သည်။ အခြားနှစ်လုံးသည် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုရှိ အက---ကျေးရွာအနီးပတ်ဝန်းကျင်တွင် ကျ ရောက်ပေါက်ကွဲခဲ့သည်။

မနက် (၁၀)နာရီဝန်းကျင်တွင် လက်နက်ကြီးတစ်လုံးသည် ခရွဲကျေးရွာအုပ်စု၊ အအ---ကျေးရွာရှိ ကိုဧ---နှင့်မသ---တို့၏ နေအိမ်ပေါ်တည့်တည့်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်အိမ်လုံးပျက်စီးသွားခဲ့သည်။ ကိုဧ---နှင့်မသ---တို့သည် ပျက်စီး သွားသည့်၎င်းတို့အိမ်ကို ပြန်လည်ပြုပြင်နိုင်ခြင်းမရှိခဲ့ပေ။ အနီးအနားရှိ ကိုက---၊ ကိုလ---နှင့်ဦးမ--- တို့၏နေအိမ်များကို လည်း လက်နက်ကြီးကျည်စများထိမှန်ပျက်စီးခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှုတွင် မည်သူတစ်ဦးမှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိသော်လည်း ရွာသားများသည် အလွန်ကြောက်လန့်၍ ရွာမှ ထွက်ပြေးပုန်းရှောင်ခဲ့ရသည်။ မနက် (၁၀) နာရီ အချိန်တွင် SAC အမြောက်တပ် (၃၁၀) သည် ခရွဲကျေးရွာအုပ်စု၊ အဖ--- ကျေးရွာအနီးပတ်ဝန်းကျင်တွင် လက်နက်ကြီး (၁၂၀) မမနှစ်လုံးထပ်မံပစ်ခတ်ခဲ့သည်။ သို့သော်လည်း မည်သူမှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ပေ။     

ညနေ (၆) နာရီခန့်တွင် SAC အမြောက်တပ် (၃၁၀) သည် ခရွဲကျေးရွာအုပ်စု၊ အဂ--- ကျေးရွာအရှေ့ဖက်ခြမ်းတွင် လက်နက်ကြီး (၁၂၀) မမနှစ်လုံးထပ်မံပစ်ခတ်ခဲ့ပြန်သည်။ သို့သော် မည်သူမှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ပါ။ ထို့နောက် SAC သည် အက--- ကျေးရွာအတွင်းသို့ လက်နက်ကြီးလေးလုံးပစ်ခတ်ခဲ့ပြီး ရွာသားအချို့ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့သည်။ (KHRG ကွင်းဆင်းလုပ်သားသည် လုံခြုံရေးအခြေအနေကြောင့် အက---ကျေးရွာ သို့သွား၍ ဖြစ်စဉ်အသေးစိတ်ကို မှတ် တမ်းပြုစုနိုင်ခြင်းမရှိခဲ့ပါ။) 

SAC စစ်လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာသော အခြားဆိုးကျိုးသက်ရောက်မှုများ -

တပ်မ (၄၄) လက်အောက်ခံ အမြောက်တပ် (၃၁၀) သည် ခရွဲကျေးရွာအုပ်စုရှိ ကျေးရွာများသို့ လက်နက်ကြီးများ ရည် ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်သည့်နေရာအများစုမှာ အတ---မြစ်ချောင်းတစ်လျှောက်တွင် တည်ရှိ သည်။ ရွာသားများသည် အလွန်ကြောက်လန့်၍ ရွာထဲတွင်မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ တစ်ချို့ရွာ သားများသည် ၎င်းတို့ဆွေမျိုးရှိရာသို့ ထွက်ပြေးကြပြီး တစ်ချို့ရွာသားများလည်း နီးစပ်ရာကျေးရွာများသို့ ထွက်ပြေး ခဲ့ကြသည်။ စစ်ပြေးရှောင်ရွာသားများသည် စားနပ်ရိက္ခာနှင့်ဆေးဝါးပစ္စည်းများ အမှန်တကယ်လိုအပ်နေပါသည်။

ခရွဲကျေးရွာအုပ်စုရှိ အတ---မြစ်ချောင်းတစ်လျှောက်တွင်တည်ရှိသော ကျေးရွာများတွင်နေထိုင်ကြသည့် ရွာသားအများ စုသည် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ SAC လက်နက်ကြီးပစ်ခတ်မှုများနှင့် SAC မှ ရွာသား များအား ညအချိန်တွင် အပြင်မထွက်ရဆို၍ ငါးဖမ်းခြင်းကို ပိတ်ပင်ကန့်သတ်သည့်အတွက် ရွာသားများ၏စားဝတ် နေရေးအတွက် အခက်အခဲ၊ စိန်ခေါ်မှုများရှိလာပါသည်။

SAC လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာ (၁၉) ရွာခန့်မှ ရွာသားများ (၁၀၀၀၀) ကျော်သည် နေရပ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

(ယခင်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မေလတွင် SAC အမြောက်တပ် (၃၁၀) သည် ခရွဲကျေးရွာအုပ်စု နှင့်ဇီးပြောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်းများရှိခဲ့သည်။) 

Mon, 12 May 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤနောက်ဆုံးရဒေသတွင်းသတင်းတို သည် လက်ခံရရှိသောမြေပြင်အစီရင်ခံစာ (၂) နှစ်ခုအပေါ်အခြေခံ၍ရေးသားပြုစုထားပါသည်။ ထိုအစီရင်ခံစာ၏စာအမှတ်မှာ 24-296-D1 နှင့် 24-296-D2 တို့ ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်