Fri, 30 May 2025
ဘားအံခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - တနေးဆားမြို့နယ်နှင့်လူ ပလယ်မြို့နယ်အတွင်း SAC လက်နက်ကြီးပစ်ခတ်မှုတွင် ရွာသားများ ထိမှန် ဒဏ်ရာရရှိခြင်း၊ မူးယစ်ဆေးဝါးပြဿနာများနှင့်စားဝတ်နေရေးအခက်အခဲ စိန်ခေါ်မှုများ (၂၀၂၄ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၄ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း ဘားအံခရိုင်၊ တနေးဆားမြို့နယ် နှင့်လူပလယ်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများမှ လက်နက်ကြီးပစ်ခတ်မှုအခြေအ နေ၊ ရွာသားများကြုံတွေ့ရသော မူးယစ်ဆေးဝါးပြဿနာများနှင့်စားဝတ်နေရေးအခက်အခဲများ စသည့်အခြေအနေများ ကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ မနက် (၄း၃၀)မိနစ်တွင် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၇၅) တပ်စခန်းမှ SAC စစ်သားများသည် တနေးဆားမြို့နယ်၊ ဝေ့ရှမ်းကျေးရွာအုပ်စု၊ အအ--- ကျေးရွာအတွင်းသို့ လက်နက် ကြီးများပစ်ခတ်၍ ရွာသားတစ်ဦး၏နေအိမ်တစ်လုံး၊ ဈေးဆိုင်နှင့်ကားတစ်စီးထိမှန်ပျက်စီးသွားခဲ့သည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ (၃)နာရီခန့်တွင် မြန်မာစစ်တပ်သည် တနေးဆားမြို့နယ်၊ ယောကူ ကျေးရွာအုပ်စု၊ အဘ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးတစ်လုံးပစ်ခတ်၍ အသက် (၆၃)နှစ်အရွယ်အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာစစ်တပ်သည် အဘ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးတစ်ကြိမ်ထပ်မံပစ်ခတ်၍ အသက် (၁၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးထိမှန် ဒဏ်ရာရရှိခဲ့သည်။ ထို့အ ပြင် တနေးဆားမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုများပြားလာ၍ မူးယစ်ဆေးဝါးသုံးစွဲသူများ သာမက ၎င်းတို့မိသားစု နှင့်အိမ်နီးချင်းရွာသားများကိုပါ ထိခိုက်နစ်နာစေပါသည်။ လူပလယ်မြို့နယ်ရှိ ရွာသားအများစု သည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ သို့သော် ၂၀၂၄ ခုနှစ်၊ ဇူလှိုင်လတွင် လယ်ယာစိုက်ပျိုးခြံများရေကြီး၍ ရွာသားများသည် စားဝတ်နေအခက်အခဲများနှင့်ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် တိုက်ပွဲပဋိပက္ခနှင့်ကုန်ဈေးနှုန်းမြင့်တက်လာ ခြင်းကြောင့် ရွာသားများ၏စားဝတ်နေရေးကိုလည်း ထိခိုက်စေပါသည်။ [1]

 

 

၂၀၂၄ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း တနေးဆားမြို့နယ်တွင် SAC လက်နက်ကြီးပစ်ခတ်မှု

  • ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ - ဝေ့ရှမ်းကျေးရွာအုပ်စုတွင်ဖြစ်ပွားခဲ့သည့်လက်နက်ကြီးပစ်ခတ်မှု

၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ မနက် (၄း၃၀)မိနစ်တွင် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်ရှိ မြဝတီမြို့အနီးတွင် တည်ရှိသော ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၇၅) တပ်စခန်းမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သား များသည် ဘားအံခရိုင်၊ တနေးဆားမြို့နယ်၊ ဝေ့ရှမ်းကျေးရွာအုပ်စု၊ အအ--- ကျေးရွာအတွင်းသို့ (၁၂၀)မမ လက်နက်ကြီး များပစ်ခတ်ခဲ့သည်။ ထိုလက်နက်ကြီးပစ်ခတ်မှုတွင် ရွာသားတစ်ဦးဖြစ်သူ စောဆ---၏နေအိမ်၊ ကားနှင့်ဈေးဆိုင်ထိမှန် ၍ မီးလောင်ပျက်စီးသွားခဲ့သည်။ မီးလောင်ပျက်စီးသွားသည့်စောဆ---၏ပိုင်ဆိုင်မှုများသည် ထိုင်းဘတ်ငွေ (၁၀၀၀၀၀) ခန့်တန်ဖိုးရှိသည်။ စောဆ---သည် အသက် (၄၉)နှစ်ရှိပြီး ထိုင်းလူမျိုးတစ်ဦးဖြစ်သည်။ (သို့သော် သူသည် ကရင်ပြည် နယ်ရှိ အအ--- ကျေးရွာတွင် နေထိုင်ပါသည်။) SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားသောအိမ်နှင့် ဈေး ဆိုင်ကို စောဆ---က ပြန်လည်ပြုပြင်ဆောက်လုပ်ခဲ့ပြီးဖြစ်သည်။

  • ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ - ယောကူကျေးရွာအုပ်စုတွင်လက်နက်ကြီးပစ်ခတ်မှု

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ (၃)နာရီခန့်တွင် (အမည်မသိ SAC အခြေစိုက်တပ်စခန်းမှ) မြန်မာစစ် တပ်သည် တနေးဆားမြို့နယ်၊ ယောကူကျေးရွာအုပ်စု၊ အဘ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့ သည်။ ထိုလက်နက်ကြီးပစ်ခတ်မှုတွင် အသက်(၆၃)နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်သူဒေါ်အ--- အား လက်နက်ကြီး ကျည်စထိမှန်၍ သူမ၏ကျောအောက်ခြမ်းတွင် ဒဏ်ရာရရှိခဲ့သည်။ သူမမှာ သားတစ်ဦး၊ ချွေးမတစ်ဦးနှင့်မြေးနှစ်ဦးရှိ သည်။ လက်နက်ကြီးပစ်ခတ်ချိန်တွင် ဒေါ်အ---သည် အဘ--- ကျေးရွာဘုန်းကြီးကျောင်းသို့လာရောက်ပြေးရှောင်ခဲ့ သည်။ သူမသည် ကျေးရွာဘုန်းကြီးကျောင်းနောက်ရှိ လှေကားထစ် (၅) ထစ်မြောက်တွင် (အိမ်သာအနီး) ထိုင်နေခဲ့ သည်။ ထို့နောက် လက်နက်ကြီးတစ်လုံးသည် လှေကားထစ် (၁)ထစ်မြောက်တွင် ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီး ကျည်စသည် သူမ၏ကျောအောက်ခြမ်းကို ထိမှန်၍ဒဏ်ရာရရှိခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် ဒေါ်အ---ကို တနေးဆားမြို့နယ်၊ နို့ကေးကျေးရွာအုပ်စုတွင်တည်ရှိသော အဆ--- ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ အဆ---ဆေးခန်းသည် ကရင်ကျန်းမာရေးနှင့်လူမှုဖူလုံရေးဌာန (KDHW) မှ စီမံခန့်ခွဲသော ဆေးခန်း တစ်လုံးဖြစ်သည်။ ညနေ (၄း၃၀) မိနစ်တွင် ဒေါ်အ---သည် ဆေးခန်းသို့ရောက်ရှိခဲ့သည်။ (သို့သော်လည်း ထိုဆေးခန်း သည် ဒေါ်အ---၏ဒဏ်ရာကို ကုသပေးနိုင်ခြင်းမရှိသည့်အတွက်ကြောင့် သူမအား ဘားအံခရိုင်၊ တာကရယ်မြို့နယ်၊ နို့ကွီးကျေးရွာအုပ်စုတွင်တည်ရှိသော အဒ---ဆေးခန်းသို့ပို့ဆောင်ခဲ့ပြန်သည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အဒ---ဆေးခန်းရှိ ဆရာဝန်တစ်ဦးသည် သူမ၏ဒဏ်ရာကို ဓာတ်မှန်ရိုက်ခဲ့သည်။ လက်နက်ကြီးအစတစ်ချို့သည် သူမ၏ အဆုတ်အနားတွင် စိုက်ဝင်နေကြောင်း တွေ့ရှိခဲ့သည်။ ထို့နောက် ကျန်းမာရေးလုပ်သားများသည် သူမအား ဆေးဝါး တစ်ချို့ပေးခဲ့သည်။

နှစ်ပတ်ကြာပြီးနောက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အဒ---ဆေးခန်းမှ ကျန်းမာရေးလုပ်သားတစ်ဦးသည် သူမ၏ဒဏ်ရာကိုထပ်မံ၍ဓာတ်မှန်ရိုက်ခဲ့ပြန်သည်။ သူမ၏အဆုတ်အနားတွင်လက်နက်ကြီးအစနှစ်ခုရှိနေသေးကြောင်း ကျန်းမာရေးလုပ်သားက သူမအား ပြောပြခဲ့သည်။ လက်နက်ကြီးအစကို ဖယ်ရှားပြီးခွဲစိတ်ကုသပေးရန် မလွယ်ကူသည့် အတွက်ကြောင့် ကျန်းမာရေးလုပ်သားများသည် သူမအား ခွဲစိတ်ကုသမှုမလုပ်ပေးခဲ့ပေ။ သူမ၏ဒဏ်ရာသည် အသက် သေနိုင်လောက်သည့်အထိမရှိကြောင်း ကျန်းမာရေးလုပ်သားက သူမအားပြောခဲ့သည်။ ထို့နောက် သူမသည် ဆေးခန်းမှ ဆင်းလာပြီး သူမ၏အိမ်သို့ပြန်လာခွင့်ရခဲ့သည်။ သို့သော်လည်း တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည့်အတွက်ကြောင့် သူမ သည် ရွာသို့မပြန်လာနိုင်ခဲ့ပေ။ ထို့ကြောင့် သူမသည် သူမ၏ချွေးမနေထိုင်ရာ အဃ---ရွာသို့သွားခဲ့သည်။ အဃ---ရွာ သည် ထို့ကော်ကိုးကျေးရွာအုပ်စုတွင် တည်ရှိသည်။ ဒေါ်အ---သည် အဒ---ဆေးခန်းတွင်ရှိနေစဉ်တွင် ကူညီထောက်ပံ့မှု တစ်စုံတစ်ခုမရရှိခဲ့ပေ။ ထိုဆေးခန်းသည် (KDHW စီမံခန့်ခွဲမှုအောက်ရှိ) ကရင်ဆေးခန်းတစ်လုံးဖြစ်သည့်အတွက် ကြောင့် ဆေးကုသမှုကုန်ကျစရိတ်ကို အများကြီးပေးစရာမလိုပေ။ ပထမတစ်ကြိမ်ဓာတ်မှန်ရိုက်ရာတွင် ငွေကျပ် (၇၀၀၀၀) ကုန်ကျခဲ့ပြီး ဒုတိယအကြိမ်ဓာတ်မှန်ရိုက်ရာတွင် ငွေကျပ် (၃၀၀၀၀) သာ ကုန်ကျခဲ့သည်။

  • ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ - ယောကူကျေးရွာအုပ်စုတွင် လက်နက်ကြီးပစ်ခတ်မှု

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်၌ ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ကော်တရီမြို့အနီးရှိ လှိုင်ဝတပ်စခန်းတွင် အခြေစိုက်သော SAC အုပ်ချုပ်မှုအောက်တွင်ရှိသည့်ခြေလျင်တပ်ရင်းအမှတ် (၉၇) သည် အဘ---ကျေးရွာအတွင်းသို့ လက်နက်ကြီးထပ်မံပစ်ခတ်ခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် မြန်မာစစ်တပ်ကို (SAC) သွားရောက်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းလွဲပိုင်း (၂)နာရီမှစ၍ မြန်မာစစ်တပ်မှစစ်သားများသည် လက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်ခဲ့ကြသည်။

ညနေ (၅)နာရီဝန်းကျင်တွင် နော်ဘ---သည် အိမ်ရှေ့ဘုရားစင်တွင် ဖယောင်းတိုင်မီးထိုးပြီး ဘုရားပန်းအိုးရေလဲပေးနေ စဉ်အတွင်း (၈၁)မမ လက်နက်ကြီးတစ်လုံးသည် သူမ၏အိမ်ရှေ့နှင့်နှစ်တောင် (တစ်မီတာခန့်) အကွာတွင် ကျရောက် ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးကျည်စများသည် အိမ်နှင့်နော်ဘ---ကိုထိမှန်ခဲ့သည်။ နော်ဘ---၏ဘယ်ဖက်ပေါင်၊ ညာဖက်ခြေသလုံးနှင့်လက်တွင် ဒဏ်ရာရရှိခဲ့သည်။ သူမသည် အသက် (၁၂)နှစ်သာရှိပြီး (၅)တန်းကျောင်းသူတစ်ဦး ဖြစ်သည်။

နော်ဘ---သည် ဒဏ်ရာရရှိပြီးနောက် သူမကို နို့ကေးကျေးရွာအုပ်စုရှိ အဆ--- ဆေးခန်းသို့ပို့ဆောင်ခဲ့သည်။ နော်ဘ---သည် ညနေ (၆)နာရီတွင် ဆေးခန်းသို့ရောက်ရှိခဲ့သည်။ ကျန်းမာရေးလုပ်သားများသည် သူမ၏ဒဏ်ရာကို စစ်ဆေးပြီး ဆေးကြောပေးခဲ့သည်။ လက်နက်ကြီးအစတစ်ခုက သူမ၏ပေါင်တွင်အနက်ကြီးစိုက်ဝင်သွားပြီး ၎င်းအား ဖယ်ရှား၍ မရမှာကိုစိုးရိမ်ရကြောင်း ကျန်းမာရေးလုပ်သားများကပြောပြသည်။ ထို့ကြောင့် နောက်တစ်မနက်တွင် နော်ဘ--- ကို အဒ---ဆေးခန်းသို့လွှဲပြောင်း၍ ပို့ဆောင်ပေးခဲ့သည်။ အဒ---ဆေးခန်းရှိ ကျန်းမာရေးလုပ်သားတစ်ဦးသည် သူမ၏ဒဏ်ရာကိုစစ်ဆေးပြီး လက်နက်ကြီးအစကို ဖယ်ရှားပေးခဲ့သည်။ (အဒ--- ဆေးခန်းသည် KDHW စီမံခန့်ခွဲသော ဆေးခန်းဖြစ်သည့်အတွက်ကြောင့် ဆေးကုသမှုစရိတ်အများကြီးမကုန်ကျခဲ့ပါ။)

နော်ဘ---ဒဏ်ရာရရှိပြီးနောက်တွင် သူမ၏မိခင်ဖြစ်သူ ဒေါ်ဒ---သည် သူမ၏သမီးက ဆေးခန်းမှဆင်းလာပြီးဖြစ်သော် လည်း ၎င်းတို့အနေဖြင့် ရွာကိုပြန်မနေရဲဘဲရှိနေကြောင်း KHRG ကွင်းဆင်းလုပ်သားအား ပြောပြခဲ့သည်။ သူမ၏ သမီးသည် ကျောင်းပြောင်းရရင်တောင်မှ ၎င်းတို့ရွာကို ပြန်သွားနေထိုင်မည်မဟုတ်ကြောင်း သူမက ဆက်လက်၍ ပြော ပြခဲ့သည်။ သို့သော်လည်း နော်ဘ--- အနေဖြင့် ရွာသို့ပြန်သွားလိုကြောင်းနှင့် ဤနှစ်တွင် အတန်းပညာရေးပြီးသည့်အထိ ကျောင်းပြန်တက်လိုကြောင်းဆိုသည်။ နောက်တစ်နှစ်မှ ကျောင်းပြောင်းရလျှင် အခြားရွာတွင် ကျောင်းသွားတက်၍ ရကြောင်း သူမက ရှင်းပြသည်။

နော်ဘ---၏ဖခင်သည် သူမငယ်ရွယ်စဉ်က ကွယ်လွန်သွားပြီးဖြစ်သည်။ ထို့ကြောင့် မိခင်ဖြစ်သူသာ သူမအား ကျွေးမွေး စောင့်ရှောက်ခဲ့သည်။

တနေးဆားမြို့နယ်ရှိ မူးယစ်ဆေးဝါးပြဿနာ

တနေးဆားမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုများပြားလာသဖြင့် သုံးစွဲသူများ၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေ ပါသည်။ ထို့အပြင် မိဘအုပ်ထိန်းသူများက ၎င်းတို့အတွက် ဆေးကုသမှုကုန်ကျစရိတ်ပေးဆောင်ရပြီး အိမ်နီးချင်းရွာ သားများကလည်း မူးယစ်ဆေးဝါးသုံးစွဲသူများ၏အကျင့်စရိုက်ပြဿနာများကို ကြုံတွေ့ခဲ့ရသည်။

ပုံမှန်ဆိုရင် မူးယစ်ဆေးဝါးရောင်းချဖြန့်ဝေသူများသည် လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်မှုရှိကြသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဒေသခံအာဏာပိုင်များသည် မူးယစ်ဆေးဝါးရောင်းချ သည့်စောဃ---နှင့် မူးယစ်ဆေးဝါးဝယ်ယူသူများကို ဖမ်းဆီးမိခဲ့ပြီး ဆိုင်ကယ် (၉)စီးကိုလည်း ဖမ်းဆီးသိမ်းယူခဲ့သည်။ စောဃ---သည် KNU-KNLA ငြိမ်းချမ်းရေးကောင်စီ (PC) စစ်သားဟောင်းတစ်ဦးဖြစ်ခဲ့သည်။ ဖမ်းဆီးမိသူများကို (အမည် မဖော်လိုသည့်တစ်နေရာရှိ) KNLA တပ်စခန်းသို့ ပို့ဆောင်ခဲ့သည်။

တနေးဆားမြို့နယ်တွင် လူငယ်တော်တော်များများသည် မူးယစ်ဆေးဝါးသုံးစွဲကြသည်။ မူးယစ်ဆေးဝါးရောင်းချ ဖြန့်ဝေ သူများသည် လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်မှုရှိကြသည်။ သို့သော်လည်း မူးယစ်ဆေးဝါးပြဿနာကြောင့် အရပ်သားပြည်သူလူထုများကိုသာ ထိခိုက်နစ်နာစေသည်။  

လူပလယ်မြို့နယ်တွင် မိုးရေကြီးခြင်းနှင့် စားဝတ်နေရေးအခက်အခဲစိန်ခေါ်မှုများ

ဘားအံခရိုင်၊ လူပလယ်မြို့နယ်ရှိ ရွာသားအများစုသည် လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ ၂၀၂၄ ခုနှစ်၊ ဇူလှိုင်လတွင် မိုးရေကြီးမှုကြောင့် ရွာသားများပိုင်ဆိုင်သည့်ပြောင်းစိုက်ခင်းများ၊ ပီလောပီနံစိုက်ခင်းများနှင့် အခြားစိုက်ပျိုးခင်းများ ပျက်စီးသွား၍ စားဝတ်နေရေးအတွက် အခက်အခဲစိန်ခေါ်မှုများ ဖြစ်ပေါ်စေသည်။

ထို့အပြင် ငွေလဲနှုန်းနှင့်ကုန်ဈေးနှုန်းများသည် မြင့်တက်လာပြီး ရွာသားများ၏စီးပွားရေးကိုများစွာထိခိုက်စေသည်။ ကုန်ပစ္စည်းဝယ်ယူသူများနှင့်ရောင်းချသူများအတွက် အခက်အခဲများနှင့်ကြုံတွေ့ခဲ့ရသည်။ လူပလယ်မြို့နယ်၊ ထီးချား ရာကျေးရွာအုပ်စုမှ ငါးရောင်းသူတစ်ဦးသည် သူမ၏ဖောက်သည်တစ်ဦးက ဈေးသည်တွေ ဈေးတင်ရောင်းနေတာ ကြောင့် ကုန်းဈေးနှုန်းမြင့်တက်လာရသည်ဟု သူမအားပြောပြလာသည့်အကြောင်းကို KHRG ကွင်းဆင်းလုပ်သားအား ရှင်းပြခဲ့သည်။ သို့သော်လည်း လူတွေက ဈေးရောင်းသူများ၏အခက်အခဲများကို သိကြမည်မဟုတ်ပေ။ ဈေးရောင်းသူ များသည် ကုန်ပစ္စည်းများအား ဝယ်ယူ၍သယ်ဆောင်လာရာတွင် အခက်အခဲများရှိသည်။ စားဝတ်နေရေးအဆင်ပြေဖို့ အတွက် ဈေးရောင်းသူများသည် နေပူမိုးရွာမရှောင် အလုပ်ကြိုးစားလုပ်ကြသည်။ သို့သော်လည်း ၎င်းတို့သည် အမြတ် ငွေအနည်းငယ်သာရရှိကြသည်။

တစ်ချို့ရွာသားများသည် ကားမောင်း၍ ကုန်ပစ္စည်းများပို့ဆောင်ပေးခြင်းဖြင့် စားဝတ်နေရေးအတွက် ငွေရှာကြသည်။ ကုန်ပစ္စည်းများကို ပို့ဆောင်ရာတွင် ယခင်က တစ်ရက်ခရီးသွားရပေမဲ့ ယခုအချိန်တွင် တစ်လခရီး သို့မဟုတ် အနည်း ဆုံး (၁၀)ရက်ကျော်ခရီးထိ သွားပို့ဆောင်ရသည်။ အကြောင်းမှာ တိုက်ပွဲအခြေအနေကြောင့် ကားလမ်းမကြီးကို အသုံးပြု၍မရဘဲ တောလမ်းကိုသာသွားရသည့်အတွက် အချိန်ကြန့်ကြာနေရခြင်းဖြစ်သည်။ ကားဒရိုင်ဘာများသည် လမ်းခရီးတစ်လျှောက်တွင် အိပ်စက်ခဲ့ရသည်။ ထို့အပြင် လမ်းခရီးတစ်လျှောက်တွင် PC ဖြစ်စေ၊ SAC ဖြစ်စေ သို့မဟုတ် နယ်ခြားစောင့်တပ် (BGF) တို့မှချမှတ်ထားသောစစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးများ ပေးဆောင်ရသည့်အတွက် ကုန်ပစ္စည်းပို့ဆောင်ခရသော်လည်း အမြတ်ငွေအနည်းငယ်သာရရှိကြသည်။ ကားသမားများသည် မိသားစုစားဝတ်နေ ရေးအဆင်ပြေရန်အတွက် စိန်ခေါ်မှုအများကြီးကြုံတွေ့ရသော်လည်း အလုပ်ကြိုးစား၍ ရုန်းကန်နေရသည်။ 

Fri, 30 May 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဇွန်လမှ ဒီဇင်ဘာလအတွင်းရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော ဘားအံခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြ ထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်းရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤနောက်ဆုံးရဒေသတွင်း သတင်းတိုသည် လက်ခံရရှိသော မြေပြင်အစီရင်ခံစာ (၄) ခုအပေါ်အခြေခံ၍ရေးသားပြုစုထားပါသည်။ ထိုအစီရင်ခံစာ၏စာအမှတ်မှာ 24-366-D1 ၊ 24-366-D2 ၊ 24-456-D1 နှင့် 24-459-D1 တို့ ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်