ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ် ကြီး)မြို့နယ်တွင်ဖြစ်ပွားခဲ့သော လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၅ ရက်နေ့ ည (၇)နာရီခန့်တွင် မြန်မာစစ်တပ်သည် တခါကလိုး (ကြခတ်ချောင်း) ကျေးရွာအုပ်စုရှိ ကျေးရွာတစ်ရွာ အတွင်း လက်နက်ကြီး (၈၁) မမနှင့် (၆၀) မမများ အဆက်မပြတ်ပစ်ခတ်ခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှုတွင် ရွာ သားတစ်ဦးအား ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လက်နက်ကြီးပေါက်ကွဲမှုတွင် ရော်ဘာပင်အများအပြား ထိခိုက် ပျက်စီးခဲ့သည်။ ထိမှန်ဒဏ်ရာရသည့်ရွာသားတစ်ဦးသည် နေ့စားအလုပ်ဖြင့်အသက်မွေးဝမ်းကျောင်းပြုသူဖြစ်၍ ယခုလို ဒဏ်ရာရရှိသောကြောင့် ကြာအင်းဆိပ်ကြီးမြို့ရှိ ဆေးရုံတွင် ဆေးကုသမှုရရှိရန်လိုအပ်သော်လည်း ကုသမှုစရိတ်ကို မတတ်နိုင်ခဲ့ပေ။ မြန်မာစစ်တပ်သည် ထိုနေရာဒေသအတွင်း လက်နက်ကြီးများမကြာခဏပစ်ခတ်လေ့ရှိ၍ ရွာသားများ အနေဖြင့် ခရီးသွားလာရာတွင် ကြောက်ရွံ့မှုများရှိကြသည်။ ထို့အပြင် မြန်မာစစ်တပ်မှ ညအပြင်မထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သောကြောင့် အရေးပေါ်လူနာများနှင့်ကျန်းမာရေးဝန်ဆောင်မှုကိုလိုအပ်နေသော ကိုယ်ဝန်သည်များသည် ကြာအင်းဆိပ်ကြီးမြို့သို့သွားရောက်ဆေးကုသမှုရယူရာတွင် စိန်ခေါ်မှုကြီးကြီးမားမားနှင့်ကြုံတွေ့ရသည်။ [1]
အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
|
အခင်းဖြစ်ပွားမှုအမျိုးအစား |
(လက်နက်ကြီးပစ်ခတ်မှု) မြန်မာစစ်တပ်လက်နက်ကြီးပစ်ခတ်၍ ရွာသားတစ်ဦး ထိမှန်ဒဏ်ရာရရှိမှု |
|
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ |
|
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ တခါကလိုးကျေးရွာအုပ်စု၊ အအ--- ကျေးရွာ |
|
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
|
|
အမည် |
မောင်အ--- |
|
အသက် |
၄၅ နှစ် |
|
ကျား/မ |
ကျား |
|
လူမျိုး |
ဗမာ |
|
အိမ်ထောင် ရှိ/မရှိ |
ရှိ |
|
အလုပ်အကိုင် |
ခြံလုပ်သား |
|
ကိုးကွယ်သည့် ဘာသာ |
ခရစ်ယာန် |
|
ရာထူးအဆင့် |
ရွာသား |
|
နေရပ် ရွာအမည် |
ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ တခါကလိုးကျေးရွာအုပ်စု၊ အအ--- ကျေးရွာ |
|
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
|
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့်နေရာ ဒေသ |
အထက်အရာရှိ အမည် |
|
မသိရှိရ |
မသိရှိရ |
ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၃) |
သုံးတိုင်ကျေးရွာနှင့်ရွှေဒိုးကျေးရွာအကြား (ထိုရွာ နှစ်ရွာသည် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့ တကောကျေးရွာအုပ်စုတွင် တည်ရှိသည်။) |
မသိရှိရ |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
|
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
|
ဤသတင်းရေးသားမှတ်တမ်းပြုစုခဲ့သူ ကျွန်တော်ကိုယ်တိုင်သည် (KHRG သတင်းစုဆောင်းသူ) လက်နက်ကြီးပစ်ခတ် သည့်အချိန်တွင် (အအ--- ကျေးရွာအတွင်း) ဗုံးခိုကျင်းထဲတွင် တစ်ညလုံးပုန်းရှောင်နေခဲ့ရသည်။ ကျွန်တော်နေသည့်နေ ရာနှင့် လက်နက်ကြီးထိမှန်ဒဏ်ရာရသည့်ရွာသားရှိသည့်နေရာသည် ပေ (၃၀၀) ခန့်သာ အကွာအဝေးရှိသည်။ (KHRG သတင်းစုဆောင်းသူသည် ဒဏ်ရာရသည့်ရွာသား၏ဇနီးကိုလည်း အင်တာဗျူးခဲ့ပါသည်။ ၎င်းရွာသား၏ဇနီးသည် အခင်း ဖြစ်ပွားစဉ်တွင် အခင်းဖြစ်သည့်နေရာတွင်ရှိနေခဲ့သည်။) |
|
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
|
ကျွန်တော်သည် (KHRG သတင်းစုဆောင်းသူ) လက်နက်ကြီးထိမှန်သည့်ရွာသား၏ဒဏ်ရာကို ဓာတ်ပုံရိုက်ယူခဲ့သည်။ ၎င်း၏ဇနီးကိုလည်း အင်တာဗျူးခဲ့သည်။ ထို့ကြောင့် ဤသတင်းအချက်အလက်သည် မှန်ကန်ကြောင်းဆိုနိုင်ပါသည်။ (ထို့အပြင် လက်နက်ကြီးပစ်ခတ်မှုအခင်းဖြစ်ပွားသည့်အချိန်တွင်လည်း KHRG သတင်းစုဆောင်းသူသည် အခင်းဖြစ်ပွား သည့်နေရာတွင် ရှိနေခဲ့ပါသည်။) |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
|
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
|
ကြာအင်းဆိပ်ကြီးမြို့သည် ဆိပ်ကြီးမြို့ဟုလည်းခေါ်ဝေါ်ကြပြီး ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်တွင်တည်ရှိသည်။ ဤမြို့သည် မြန်မာစစ်တပ်၏ထိန်းချုပ်မှုအောက်တွင်ရှိသည်။ မြို့အနီးပတ်ဝန်းကျင်တွင် ခလရ တပ်စခန်း (၃)လုံးနှင့် ဗျူဟာကုန်းတစ်ကုန်းရှိသည်။ ထိုတပ်စခန်းများမှာ ခလရ (၂၈၃)၊ ခလရ (၂၈၄) နှင့် ခလရ (၃၂) တပ်စခန်းများဖြစ်ကြ သည်။ (ထိုတစ်စခန်းများသည် အနီးပတ်ဝန်းကျင်ဒေသတွင် ဒရုန်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုကို မကြာခဏ လုပ်ဆောင်လေ့ရှိသည်။)
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ နေ့လယ် (၁၂) နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များသည် အဆိုပါမြန်မာစစ်တပ်စခန်းများကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် မြန်မာစစ်တပ်သည် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ တခါကလိုးကျေးရွာအုပ်စု၊ အအ--- ကျေးရွာရှိ ကားလမ်းမဘေးတစ်လျှောက်တွင် လက်နက်ကြီး (၈၁) မမများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ထိုနေ့လယ်အချိန်တွင် လက်နက်ကြီးသုံးလုံးသည် အအ--- ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ သို့သော် လူနေအိမ်တစ်လုံးမှ ထိခိုက်ပျက်စီးခြင်းမရှိခဲ့ပေ။
ထို့နောက် ည (၇) နာရီခန့်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သည် အအ--- ကျေးရွာတွင်းသို့ လက်နက် ကြီး (၈၁) မမနှင့် (၆၀) မမများအဆက်မပြတ်ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးနှစ်လုံးသည် အအ--- ကျေးရွာအနီးရှိ ရွာ သားတစ်ဦး၏တဲအိမ်အနား ရော်ဘာခြံထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးပေါက်ကွဲ၍ ရွာသားတစ်ဦး ဖြစ်သူ မောင်အ--- (၄၅ နှစ်) အား ထိမှန်၍ ဒဏ်ရာရရှိပြီး ရော်ဘာပင်တစ်ချို့လည်း ထိခိုက်ပျက်စီးခဲ့သည်။ ထိုလက် နက်ကြီးနှစ်လုံးအား ပစ်ခတ်သည့်ပုံစံသည် တစ်ပြိုက်နက်ပစ်ခတ်သည့်ပုံစံမျိုးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပထမလက်နက်ကြီးနှင့်ဒုတိယလက်နက်ကြီးပေါက်ကွဲချိန်သည် (၄) စက္ကန့်သာကြာပြီး ရှေ့ဆင့်နောက်ဆင့်ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ အခင်းမဖြစ်ပွားမီတွင် မောင်အ--- သည် တဲအိမ်ထဲတွင် သူ၏မိသားစုနှင့်အတူ ရုပ်ရှင်ကြည့်နေကြသည်။ ပထမလက်နက်ကြီးပေါက်ကွဲသည့်အချိန်တွင် သူ၏ဇနီးနှင့်ကလေးသည် တဲအိမ်အောက်ရှိ ဗုံးခိုကျင်းထဲတွင် ဝင်ရောက် ပုန်းခဲ့သည်။ မောင်အ--- အနေဖြင့် သူ၏ဇနီးနှင့်ကလေး၏လုံခြုံရေးကို ဦးစားပေး၍ ၎င်းတို့ဘေးကင်းလုံခြုံအောင် သေချာဆောင်ရွက်ပြီးနောက်တွင် ဒုတိယလက်နက်ကြီးတစ်လုံးသည် ကျရောက်ပေါက်ကွဲ၍ သူ၏ဝမ်းဗိုက်ကို လက် နက်ကြီးကျည်စထိမှန်ခဲ့သည်။ မောင်အ--- သည် ဒဏ်ရာရသော်လည်း ဆေးခန်းသို့ချက်ချင်းမသွားပြရဲခဲ့ပါ။ ထို့ကြောင့် သူ၏ဒဏ်ရာကို မြေကြီးများဖြင့်ဖိသိပ်ခဲ့သည်။ ထို့နောက် သူ၏ဇနီးသည် အချိုမှုန့်ကိုသွားယူပြီး မောင်အ---၏ဒဏ် ရာကို ဖိသိပ်ပေးခဲ့သည်။ မိနစ်အနည်းငယ်အကြာတွင် သူ၏ဒဏ်ရာသက်သာလာပြီးသွေးတိတ်ခဲ့သည်။
ဤဖြစ်စဉ်အကြောင်းကို မဘ--- သည် (မောင်အ---၏ဇနီး) KHRG အား ယခုလိုရှင်းပြသည်။ “ပထမလက်နက်ကြီးတစ် လုံး ကျပြီးနောက်မှာ ကျွန်မနဲ့ကလေးတွေ ဗုံးခိုကျင်းထဲကိုဝင်ပုန်းခဲ့တယ်။ ပေါက်ကွဲသံကကျယ်တော့ နားအူသွားတာပဲ။ အဲဒီနောက် ကျွန်မဘာမှမကြားရတော့ဘူး။ လက်နက်ကြီးနှစ်လုံးက ခြံထဲကိုကျသွားတယ်။ အခြားအလုံးတွေက အဝေး မှာကျသွားတယ်။ သူတို့အဖေက (မောင်အ---) ဗိုက်မှာဒဏ်ရာရတယ်။ သွေးတွေအများကြီးပဲ။ သူ့ဗိုက်မှာ ဒဏ်ရာရ တော့ သူ့ကိုဆေးကုသဖို့ ကြာအင်းဆိပ်ကြီးမြို့ရှိဆေးရုံကို ခေါ်သွားဖို့လိုတယ်။ လောလောဆယ်မှာတော့ ကျွန်မတို့မှာ ပိုက်ဆံမရှိဘူး။ ဆေးရုံမသွားခင် ငွေကြေးအကူအညီရဖို့အတွက် ကျွန်မတို့သူဌေးနဲ့စကားပြောကြည့်ရမယ်။ ဒီလိုအဖြစ် မျိုး နောက်ထပ်မဖြစ်စေချင်တော့ဘူး။ ကျွန်မတို့ကလေးတွေအတွက် အရမ်းစိတ်ပူရတယ်။”
မောင်အ--- မှာ သားသမီး (၄)ဦးရှိသည်။ ယခင်က ၎င်းတို့မိသားစုသည် ဧရာဝတီတိုင်းတွင် နေထိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ် တွင် ၎င်းတို့မိသားစုသည် အအ---ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ပြီး နေ့စားအလုပ်သမားအဖြစ် ရော်ဘာခြံလုပ်ငန်းလုပ် ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။
SAC သည် မကြာခဏဆိုသလို လက်နက်ကြီးများပစ်ခတ်လေ့ရှိသည်။ ထို့ကြောင့် ရွာသားများသည် ခရီးသွားလာရာ တွင် ကြောက်ရွံ့မှုများဖြစ်ပေါ်စေသည်။ မြန်မာစစ်တပ်သည် လက်နက်ကြီးပစ်ခတ်သည့်ဖြစ်စေ၊ မပစ်ခတ်သည်ဖြစ်စေ ရွာသားများအား ညအချိန်တွင် အပြင်ထွက်သွားလာခြင်းကို ပိတ်ပင်တားမြစ်ခဲ့သည်။ ဤသို့ပိတ်ပင်တားမြစ်မှုကြောင့် မွေးဖွားချိန်ကိုယ်ဝန်သည်အမျိုးသမီးများနှင့်အရေးပေါ်လူနာများအတွက် (ကြာအင်းဆိပ်ကြီးမြို့သို့သွား၍ ကျန်းမာရေး စောင့်ရှောက်မှုရယူရန်) အလွန်ပင်ခက်ခဲလှပါသည်။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
|
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
|
ဤသတင်းအကြောင်းအရာများကို အသုံးပြုနိုင်ပါသည်။ (ဒဏ်ရာရရွာသားနှင့်သူ၏ဇနီးဖြစ်သူတို့က ဤသတင်းဖြစ်စဉ် ကို ရေးသားဖြန့်ဝေရန်အတွက် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။) |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ ကျင့်သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် မြေ ပြင်တွင်လက်ခံရရှိသော အစီရင်ခံစာ (၂) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #25-445-I1 နှင့် #25-445-A1-I1 တို့ဖြစ်သည်။
