ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်များကို ဖော်ပြထားပါသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၊ နေ့လယ် ၁၂ နာရီခန့်တွင် မူး (မုန်း) စစ်တပ်စခန်းအခြေစိုက် မြန်မာစစ်တပ်၏ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၉၉) မှ စစ်သားများ သည် မူးမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဂန--- ကျေးရွာအတွင်းသို့ (၁၂၀) မမ လက်နက်ကြီးကျည် ခြောက်လုံး ဖြင့်ပစ်ခတ်ခဲ့သည့်အပြင် ဒရုန်းဖြင့်လည်း တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပါသည်။ တိုက်ခိုက်မှုကြောင့် အသက် (၆၈) နှစ်အရွယ် ဦးသ--- နှင့် အသက် (၃၀) နှစ်အရွယ် မောင်မ--- အမည်ရှိ ရွာသားနှစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး အသက် (၅၇) နှစ်အရွယ်ဒေါ်လ--- ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ရွာသားတစ်ဦး၏ နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက်တွင် ရွာသားများသည် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး၊ စစ်တပ်၏ထပ်မံတိုက်ခိုက်လာမည့် ဘေးအန္တရာယ်များကိုစိုးရိမ်သဖြင့် ဗုံးခိုကျင်းများအတွင်းခိုလှုံခဲ့ကြရသည့်အပြင် ၎င်းတို့၏အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအား ဆက်လက်လုပ်ကိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ကြရ ပါသည်။[1]
အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
|
အခင်းဖြစ်ပွားမှုအမျိုးအစား |
[လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှု။] [မြန်မာစစ်တပ်] လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းကြဲတိုက်ခိုက်မှု။ |
|
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ |
|
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဂန--- ကျေးရွာ |
|
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
|||
|
အမည် |
ဒေါ်လ--- |
ဦးသ--- |
မောင်မ--- |
|
အသက် |
၅၇ နှစ် |
၆၈ နှစ် |
၃၀ နှစ် |
|
ကျား/မ |
မ |
ကျား |
ကျား |
|
လူမျိုး |
ဗမာ |
ဗမာ |
ဗမာ |
|
အိမ်ထောင် ရှိ/မရှိ |
ရှိ |
ရှိ |
ရှိ |
|
အလုပ်အကိုင် |
နေ့စားအလုပ်သမား |
နေ့စားအလုပ်သမား |
နေ့စားအလုပ်သမား |
|
ကိုးကွယ်သည့် ဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
|
ရာထူးအဆင့် |
ရွာသား |
ရွာသား |
ရွာသား |
|
နေရပ် ရွာအမည် |
ဂန--- ကျေးရွာ |
ဂန--- ကျေးရွာ |
ဂန--- ကျေးရွာ |
|
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
|
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့်နေရာ ဒေသ |
အထက်အရာရှိ အမည် |
|
မြန်မာအာဏာသိမ်းစစ်တပ် [မြန်မာစစ်တပ်] |
မသိရှိရ |
ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၉၉) |
မူး (မုန်း)စစ်တပ်စခန်း |
[ဗိုလ်ချုပ်မှူးကြီး] မင်းအောင်လှိုင် [မြန်မာတပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်နှင့် နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် (SSPC) ၏ ဥက္ကဋ္ဌ] |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
|
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
|
မုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် [အဖြစ်အပျက်နှင့်ပတ်သက်သည့်] သတင်းအချက်အလက်များကို မီဒီယာ၌တွေ့ရှိခဲ့ပြီး နောက် [ကရင်အမျိုးသားအစည်းအရုံး (KNU) ရှိ] ဒေသခံတာဝန်ခံတစ်ဦးနှင့် ကျွန်တော် [KHRG သတင်းစုဆောင်းသူ တစ်ဦး] ဆက်သွယ်ခဲ့ပါသည်။ ၎င်းမှ သတင်းအချက်အသေးစိတ်ကို ကျွန်တော့အား ပြောပြခဲ့ပါသည်။ ထို့နောက် သတင်း အချက်အလက်များကို ကျွန်တော်ကိုတိုင် သွားရောက်မှတ် တမ်းပြုစုပါသည်။ |
|
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
|
ကျွန်တော် [KHRG သတင်းစုဆောင်းသူ] အား အချို့သတင်းအချက်အလက်ပေးသူများမှာ ဒေသခံအာဏာပိုင်များ နှင့် ထိခိုက်နစ်နာသူ၏ မိသားစုဝင်များဖြစ်ကြပါသည်။ ၎င်းတို့သည် ယင်းအဖြစ်အပျက်ကို ကိုယ်တိုင်မျက်မြင် တွေ့ရှိခဲ့သူ များဖြစ်ကြပါသည်။ ကျွန်တော်သည် ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဂန--- ကျေးရွာက ဦးဆ--- နှင့်လည်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၎င်းသည် ဒေါ်လ--- ၏ ခင်ပွန်းလည်းဖြစ်ပြီး မောင်မ--- ၏ ယောက္ခထီး လည်းဖြစ်သည်။ |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
|
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
|
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်တွင် ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူးမြို့အတွင်းရှိ မူး (မုန်း) စစ်တပ်စခန်းအခြေစိုက် မြန်မာစစ်တပ်၏ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၅၉၉) မှ စစ်သားများသည် ခလယ်လွီထူခရိုင်၊ မူး (မုန်း) မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဂန--- ကျေးရွာအတွင်းသို့ (၁၂၀) မမ လက်နက်ကြီး ကျည်ခြောက်လုံးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပါသည်။ တစ်ချိန်ထဲတွင် မြန်မာစစ်တပ်သည် ဂန--- ကျေးရွာ အတွင်းသို့ ဒရုန်းဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ လက်နက်ကြီးကျည်များနှင့် ဗုံးများကျေးရွာထဲသို့ ကျရောက် ပေါက်ကွဲခဲ့ ပါသည်။ ဦး ရ--- ၏ နေအိမ်တစ်လုံး ပျက်စီးသွားခဲ့သည်။
ဒရုန်းဖြင့်ဗုံးလာရောက်ကြဲချချိန်တွင် အသက် (၆၈) နှစ်အရွယ်ရှိသည့် ဦးသ--- သည် ၎င်း၏အိမ်ထဲ၌ရှိနေပါသည်။ ဗုံးသီးတစ်လုံးသည် ဦးသ--- ၏ ခြံဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဗုံးအပိုင်းအစများသည် ၎င်း၏နေအိမ်အား ထိမှန်ခဲ့သည့်အပြင် ဦးသ--- ကိုလည်းထိမှန်ခဲ့ကာ ၎င်း၏ညာဘက်ရင်ဘတ်တွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါသည်။ အခြားရွာသားများမှ ၎င်းအား ဆေးရုံတစ်ခုသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ကြပါသည်။ သို့သော်လည်း ၎င်း၏ထိခိုက်ဒဏ်ရာ ပြင်းထန်မှုကြောင့် ၎င်းသည်ဆေးရုံသို့ရောက်ရှိပြီးနောက်တွင် သေဆုံးသွားခဲ့သည်။ အဆိုပါဖြစ်ပွားမှု ဖြစ်စဥ်အတွင်း အသက် (၃၀) နှစ်အရွယ် မောင်မ--- အမည်ရှိ ရွာသားတစ်ဦးသည် လက်နက်ကြီးပစ်ခတ်သံကို ကြားရသည်နှင့် တစ်ပြိုင်နက် လက်နက်ကြီးဘေးအန္တရာယ်မှ လွတ်ကင်းရာ အခြားနေရာတစ်ခုသို့ရွှေ့ပြောင်းရန် ၎င်း၏ယောက္ခမဖြစ်သူ အသက် (၅၇) နှစ်အရွယ် ဒေါ်လ--- အား ဆိုင်ကယ်နောက်တွင်ထိုင်စေကာ ချက်ချင်းဆိုင်ကယ်စက်နှိုးပြီး မောင်းနှင် ခဲ့ပါသည်။ ထိုမှ ၎င်းမောင်းနှင်လာသည့် လမ်းဘေးနားသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ ပါသည်။ ၎င်းနှင့် နီးကပ်စွာကျရောက်ပေါက်ကွဲခဲ့သဖြင့် လက်နက်ကြီးကျည်မှ ဗုံးစများသည် ၎င်း၏ ညာဘက်နားထင်အား ထိမှန်ကာ အတွင်းသို့နက်ရှိုင်းစွာစိုက်ဝင်သွားခဲ့ပါသည်။ ၎င်းသည် ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပါသည်။ မောင်မ--- ကျည်ထိမှန်ပြီး ဆိုင်ကယ်လဲကျတိမ်းမှောက်သွားခဲ့ကာ ၎င်း၏နောက်တွင် လိုက်ပါလာသော ဒေါ်လ--- သည် မျက်နှာနှင့် ညာဘက်မျက်လုံးတို့တွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါသည်။ ၎င်းကို တောအူးခရိုင်၊ တောအူးမြို့ရှိ SAC [စစ်ကောင်စီ] စီမံခန့်ခွဲသည့် ရက--- ဆေးရုံသို့ပို့ဆောင်ခဲ့ပါသည်။ မြန်မာစစ်တပ်၏ ယခုကဲ့သို့သော ချိုးဖောက်မှု များကြောင့် ရွာသားများသည် [တောတောင်များ၊ စိုက်ပျိုးရေးခြံများ၊ အခြားကျေးရွာများနှင့် မြို့များအပါအဝင်] နေရာအနှံ့သို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ၎င်းတို့၏ စားဝတ်နေရေးနှင့် အသက် မွေးဝမ်းကြောင်း လုပ်ငန်းများတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ကြရပါသည်။
ဂန--- ကျေးရွာမှ ဒေါ်လ--- ၏ ခင်ပွန်းဖြစ်သူ ဦးဆ--- က “၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်၊ နေ့လယ် ၁၂ နာရီ ၅ မိနစ်မှာ ကျွန်တော့်သမီးက ကျွန်တော့်အိမ်မှာ နှစ်လုံးထီ ချဲပေါက်စဉ်ကို ဖွင့်လှစ် [ကြေညာ] နေခဲ့ပါတယ်။ အဲဒီ နောက်မှာ နှစ်လုံးထီ ချဲဂဏန်းက နံပါတ် ၂၄ ဆိုပြီး ထွက်လာခဲ့တယ်။ ၎င်းထီပေါက်သူများကို ပိုက်ဆံရှင်းပေးမလို့ လုပ်နေတုန်းမှာပဲ [ဦးဆ--- ၏နေအိမ်ခြံထဲသို့] လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီအချိန်မှာ နှစ်လုံး ထီရောင်းတဲ့သူတွေလည်း အိမ်မှာရှိနေကြတယ်။ သူတို့အားလုံးလည်း ဗုံးခိုကျင်းထဲကို ချက်ချင်းပြေးပုန်းခဲ့ ကြရတယ်။ ကျွန်တော့်သမီးနဲ့ [နောက်မှ ဆုံးပါးသွားရှာတဲ့] ကျွန်တော့်သမက်တို့လည်း [ဗုံးခိုကျင်းထဲကို] ပြေးဝင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ သူ[ကျွန်တော့်သမက်] ကကျွန်တော်တို့ကို ပြန်လာခေါ်ဖို့ နောက်တစ်ခါထပ်ပြီးပြန်လာခဲ့ပါတယ်။ သူပြန်ရောက်လာတော့ ကျွန်တော့်မိန်းမက သူ့နောက်ကို လိုက်သွားမယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန်တော်ကလည်း “သူ့နောက်ကို မလိုက်နဲ့ဦး၊ အန္တရာယ်ရှိတယ်” လို့ ပြောခဲ့တယ်။ ပြီးတော့ [ဆိုင်ကယ်နောက်မှာလိုက်စီးပြီး] သူ့သမက်နောက်ကို လိုက်သွားတဲ့အချိန်မှာပဲ လက်နက်ကြီးကျည်က ကျွန်တော့်အိမ်ရှေ့မှာတင်ကျရောက်ပေါက်ကွဲ သွားခဲ့ပါတယ်။ ကျရောက်ပေါက်ကွဲမှုကြောင့် ဗုံးစတွေကဘေးပတ်ပတ်လည်ကို လွင့်စင်ပြီး လူတစ်ဦးကိုထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ထို့နောက် အဝေးရှိလူတစ်ဦး [ဦးသ---] က “ဦးဆ--- ဦးဆ--- ကျွန်တော့်ကို ဗုံးစမှန်သွားပြီဗျို့” ဟု ကျွန်တော့်ကို အော်ပြောခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်က ကျွန်တော့်သမီးဖြစ်သူဆီ ဖုန်းခေါ်ခဲ့တယ်။ ကျွန်တော် သူ့ကိုပြောတယ် “ငါတို့အိမ်မျက်နှာချင်းဆိုင်က ဦးသ--- တော့ ထိခိုက်ဒဏ်ရာရသွားပြီ။ အဲဒါကြောင့် အဖေ့ ဆီကို ပြန်လာခဲ့ဦး။ ညည်းယောက်ျားက ညည်းအမေကိုဆိုင်ကယ်နဲ့တင်ပြီး အဲဒီဘက်ကို ထွက်သွားပြီ” လို့ ပြောလိုက် တယ်။
၎င်းမှ “အဲဒီနောက်မှာ နောက်ထပ် လက်နက်ကြီးတစ်လုံး ထပ်မံကျလာပြန်ကာ လူတစ်ယောက်က ကျွန်တော့်ဆီ လာပြီး [လက်နက်ကြီးမှန်လို့ ကျွန်တော့်သမက် သေဆုံးသွားပြီဆိုတဲ့အကြောင်း အပါအဝင်] သတင်းလာပေးခဲ့ပါတယ်။ သူကဒဏ်ရာရတဲ့သူများကို ဆေးရုံသို့ပို့ပေးဖို့ တခြားရွာသားတစ်ဦးကိုခိုင်း ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်သမက် ဆုံးသွားပြီလို့ ကြားလိုက်ရတော့ ‘ကျွန်တော့်မိန်းမကော ဘယ်လိုလဲ’ ဆိုပြီး ကျွန်တော် လှမ်းမေးလိုက်တယ်။ သူတို့ ကျွန်တော့်ကိုပြောတာက ကျွန်တော့်ဇနီး၏ မျက်နှာတစ်ခုလုံးတွင် သွေးများရွှဲနေပြီး ဗုံးခိုကျင်းတစ်ခုအတွင်းသို့ ဝင်ရောက်ပုန်းအောင်းနေကြောင်း ပြောပြခဲ့ပါတယ်။ ထို့နောက် ကျွန်တော် ကျွန်တော့်သမက်ရဲ့ ရုပ်အလောင်းကို သွားရောက်စစ်ဆေးပြီးနောက် သူ့ရဲ့ရုပ်အလောင်းကိုသယ်ဆောင်ပြီး သူ့ရဲ့ဖခင်အိမ်မှသွားထားခဲ့တယ်။ ပြီးတဲ့နောက် ကျွန်တော်လည်း ကျွန်တော့်ဇနီးကို လိုက်လံရှာဖွေနေခဲ့ပေမဲ့ သူ့ကိုမတွေ့ခဲ့ဘူး။ အဲ့ဒါကြောင့် သူ့ကိုဘယ်ဆေးရုံမှာ ပို့ထားတာကို ကျွန်တော်လည်းမကြားသိရဘူး။ သူတို့ ကျွန်တော့်ဇနီးကို နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးတဲ့ နောက်ပိုင်းမှသာ သူ့ကို [တောင်ငူမြို့ရှိ မြန်မာစစ်တပ်မှ စီမံခန့်ခွဲသော] ရက--- ဆေးရုံသို့ပို့ဆောင်ရန် ကျွန်တော် ကားတစ်စီးငှားရမ်းခဲ့ရတယ်။ ကျွန်တော်က သေဆုံးသွားတဲ့ရွာသားတွေရဲ့ နာရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့တာကြောင့် [ဇနီးဖြစ်သူကို ဆေးရုံသို့ စောစောစီးစီး မပို့ဆောင်နိုင်ခဲ့ရခြင်း ဖြစ်ပါတယ်]” ဟု ဆက်လက်ပြောပြခဲ့ပါသည်။
ဦးဆ--- က “ကျွန်တော် ကျွန်တော့်အိမ်မှာ ဆက်ပြီး မနေရဲတော့ပါဘူး။ ပြီးတော့ [ဒီဖြစ်စဉ်ကြောင့် တခြားရွာသားတွေ လည်း ထွက်ပြေးကုန်ကြလို့] ရွာထဲမှာလည်း ဘယ်သူမှ မရှိတော့ပါဘူး။ ကျွန်တော့်အိမ်ရှေ့ [မျက်နှာချင်းဆိုင်မှာနေတဲ့ ဦးသ--- က ဒရုန်းတိုက်ခိုက်မှုထိခိုက်ဒဏ်ရာနဲ့] ရွာသားတစ်ဦး သေဆုံးသွားခဲ့တယ်။ အခုဆိုရင် [အိမ်မှာမနေရဲတော့လို့] ကျွန်တော့်ဆွေမျိုးတွေရဲ့နေအိမ်မှာပဲ လိုက်ပြီးနေနေရပါတယ်။ ဒီအိမ်က ကျွန်တော့်ဝမ်းကွဲအိမ်ဖြစ်ပြီး အခြားတစ်အိမ် ကတော့ ကျွန်တော့်ညီရဲ့အိမ်ပါ။ သူတို့ကျွေးတာကိုပဲ စားနေရပြီး ကျွန်တော့်အိမ်ကိုတော့ သော့ခတ်ထားခဲ့ရပါတယ်” ဟု ထပ်မံပြောကြားခဲ့သည်။
ဤဖြစ်စဉ်ဖြစ်ပွားပြီးနောက် [ဂန---] ကျေးရွာမှ ရွာသားများသည် ကျေးရွာအတွင်း ဆက်လက်နေထိုင်ရန် တွန့်ဆုတ် နေကြပါသည်။ ၎င်းတို့ [ခရီး] သွားလာရန်အတွင်လည်း ကြောက်ရွှံ့နေကြ ပါသည်။ [ရွာသားအချို့သည် ဂန--- ကျေးရွာ မှ ထွက်ပြေးတိမ်းရှောင်သွားကြ သော်လည်း အချို့သည်ဆက်လက်နေထိုင်ခဲ့ကြသည်။ တစ်ချို့မှာ ခရီးသွားလာခြင်း မပြုကြသော်လည်းအခြားရွေးချယ်စရာမရှိသူများသည် အလုပ်အကိုင်အတွက်မဖြစ်မနေ ဆက်လက်သွားလာနေကြရပါ သည်။] ထို့ပြင် ၎င်းတို့အစားအစာချက်ပြုတ်ရာတွင် မီးခိုးငွေ့များမြင်တွေ့ရပါက မြန်မာ စစ်တပ်မှလေကြောင်းတိုက် ခိုက်မှု သို့မဟုတ် ဒရုန်းဖြင့် တိုက်ခိုက်မှုများပြုလုပ်လာမည်ကို စိုးရိမ်ပူပန်ကြရပြီး ကြောက်ရွံ့မှုများနှင့်ပြည့်နှက်နေပါ သည်။ ကျေးရွာအတွင်းဆက်လက်နေထိုင်သည့် ရွာသားများသည် ဗုံးခိုကျင်းများ တူးထားကြရပြီး ဒရုန်း သို့မဟုတ် လေယာဉ်သံနှင့် ဆင်တူသည့်အသံများကိုကြားရတိုင်း ဗုံးခိုကျင်းများအတွင်းသို့ ဝင်ရောက်ပုန်းအောင်းခဲ့ ကြရပါသည်။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
|
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
|
ဤသတင်းအချက်အလက်များကို ထိခိုက်နစ်နာသူ မေင်မ---- နှင့် ဒေါ်လ--- တို့၏ မိသားစုဝင်ဖြစ်သည့် ဦးဆ---- ထံမှ လက်ခံရရှိထားပြီး ၎င်းအချက်အလက်များကို အသုံးပြုရန်အပြည့်အဝ ခွင့်ပြုချက်ပေးထားပါသည်။ |
Footnotes:
[1] ဤအစီရင်ခံစာသည် ဒီဇင်ဘာလ ၂၅ နေ့ရက် တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤအစီရင်ခံစာကို အခြားအစီရင်ခံ စာများဖြစ်သော KHRG စာအမှတ် #25-459-I1၊ #25-459-M1/P1 နှင့် #25-459-A1-I1 တို့ဖြစ်ပေါင်းစပ် ရေးသားထားပါ သည်။
