Wed, 20 May 2026
မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဘူးသိုမြို့နယ်တွင် အမျိုးသား တစ်ဦးက အသက်(၁၇)နှစ်အရွယ်မိန်းကလေးတစ်ဦးအားလိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှု (၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်တွင် ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဒွယ်လိုးမြို့နယ်၊ ဇဘ---ကျေးရွာအုပ်စု၊ ဇအ---ကျေးရွာမှ အသက် (၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သူ စောတ---သည် ဘက---ကျေးရွာအုပ်စု၊ ပဇ---ကျေးရွာမှ အသက်(၁၇)နှစ်အရွယ်မိန်းကလေး တစ်ဦးဖြစ်သူ နော်ရ--- အား အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည်။ နော်ရ---သည် ကယ---ကျေးရွာအုပ်စု၊ ရက---ကျေးရွာရှိ  ရက---စာသင်ကျောင်းတွင် ပညာဆည်းပူးနေသောကျောင်းသူတစ်ဦးဖြစ်သည်။ ကျောင်းပိတ်ရက်တွင် နော်ရ---သည် ပဇ---ကျေးရွာရှိ သူမ၏တဝမ်းကွဲဆီသို့ အလည်ပြန်လာခဲ့သည်။ ပြန်လာသည့်လမ်းတွင် စောတ---နှင့်ဆုံတွေ့ခဲ့သည်။ စောတ---သည် နော်ရ---၏ တဝမ်းကွဲဖြစ်သူက သူမအား လာကြိုခိုင်းစေသည်ဖြစ်၍ သူမကိုဆိုင်ကယ်ဖြင့်တင်ကာ လိမ်လည်ခေါ်ဆောင်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် စောတ---သည် ဆိုင်ကယ်ကိုရပ်လိုက်ပြီး နော်ရ---အား ဆွဲညစ်ကာထိုး၍ သူမ၏အသက်ကို ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ထို့နောက် သူသည် သူမအားအကြိမ်ကြိမ် အဓမ္မပြု ကျင့်ပြီးမှသာ သူမအားပြန်လွှတ်၍ လမ်းဘေးတွင်ထားရစ်ခဲ့သည်။ နော်ရ---သည် သူမ၏တဝမ်းကွဲအိမ်သို့ရောက်ရှိပြီး နောက်တွင် တဝမ်းကွဲဖြစ်သူအား သူမကြုံတွေ့ရသည့်အဖြစ်အပျက်ကို ပြောပြခဲ့သည်။ ထို့နောက် သူမ၏တဝမ်းကွဲ သည် ဤဖြစ်စဉ်ကို ဒေသခံအာဏာပိုင်များအား တင်ပြခဲ့သည်။ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) သည် ဤအမှုကိုစုံစမ်းစစ်ဆေးပြီးနောက် အမှုကို ကရင်အမျိုးသမီးအစည်းအရုံး (KWO) အား လွှဲပြောင်းပေးခဲ့သည်။ နော်ရ---အနေဖြင့် ဆေးကုသမှုရရှိရန်အတွက် သူမအား ဘက---ကျေးရွာအုပ်စု၊ စတ---ကျေးရွာတွင်တည်ရှိသည့် စတ---ဆေးခန်းသို့ပို့ဆောင်ပေးခဲ့သည်။ KWO အပါအဝင် ဒေသခံအာဏာပိုင်များက သူမအားကြည့်ရှုစောင့်ရှောက်ခဲ့သည်။ မူတြော်ခရိုင်တရားရုံးမှ ပြစ်မှုကျူးလွန်သူတရားခံအားအရေးယူ၍ ထောင်ဒဏ် (၁၃)နှစ်ကျစေ၍ လျော်ကြေးငွေ (၁၀၀၀၀၀) ဘတ်ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ သို့သော်လည်း အစီရင်ခံစာရေးသားနေစဉ်ကာလအတွင်း နစ်နာသူဖြစ်သည့်နော်ရ---သည် မည်သည့်လျော်ကြေးငွေမှမရရှိခဲ့ပါ။ ထို့အပြင် တရားခံသည် တရားရုံးအား ပြစ်ဒဏ်လျှော့ပေါ့ပေးရန်အယူခံဝင်ပြီးနောက် တရားရုံးမှ ၎င်းအား ထောင်ဒဏ် (၁၂)နှစ်ကျစေရန် ပြစ်ဒဏ်ကို ပြန်လည်ချမှတ်ခဲ့သည်။ ယခုအချိန်တွင် တရားခံကို ခရိုင်အချုပ်ထောင်ထဲ တွင် ထိန်းသိမ်းထားပါသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(သက်ငယ်) မုဒိမ်းမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာ)  

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘက--- ကျေးရွာအုပ်စု၊ ပဇ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်ရ---

အသက်

၁၇ နှစ်

ကျား/မ

လူမျိုး

ကရင်

အိမ်ထောင် ရှိ/မရှိ   

မရှိ

အလုပ်အကိုင်

ကျောင်းသူ

ကိုးကွယ်သည့် ဘာသာ

ရိုမန်ကတ်သလစ် (RC)

ရာထူးအဆင့်

-

နေရပ်ရွာအမည်

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘက--- ကျေးရွာအုပ်စု၊ ပဇ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

အလုပ်အကိုင်

နေရပ်ရွာအမည်

စောတ---

လယ်ယာ

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဇဘ--- ကျေးရွာအုပ်စု၊ ဇအ--- ကျေးရွာ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ည (၇)နာရီအချိန်တွင် ကျွန်တော်သည် (KHRG ကွင်းဆင်းလုပ်သား) ကရင် အမျိုးသားရဲတပ်ဖွဲ့ (KNPF) အာဏာပိုင်တစ်ဦးထံမှ ဤသတင်းဖြစ်စဉ်ကို လက်ခံရရှိခဲ့သည်။ ၎င်းအာဏာပိုင်သည် ဘက---ကျေးရွာအုပ်စုတွင်ဖြစ်ပွားခဲ့သည့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်ကို ကျွန်တော့်အား ဖုန်းကနေတစ်ဆင့် ဆက်သွယ်၍ အကြောင်းကြားပြောပြခဲ့သည်။ (ထို့နောက် KHRG ကွင်းဆင်းလုပ်သားသည် နစ်နာသူမိန်းကလေးနှင့် သူမ၏မိသားစုများကို သွားရောက်တွေ့ဆုံ၍အင်တာဗျူးခဲ့ပါသည်။)

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ကျွန်တော့်အား (KHRG ကွင်းဆင်းလုပ်သား) ဤသတင်းအကြောင်းအရာကိုပြောပြခဲ့သော KNPF အာဏာပိုင်တစ်ဦး သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၌ ဘက---ကျေးရွာအုပ်စုတွင်ရောက်ရှိလာခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအမှုဖြစ်စဉ်လည်း ထိုနေ့တွင်ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ဘက---ကျေးရွာအုပ်စုမှ အာဏာပိုင်များသည် ထိုအမှုကို ကိုင်တွယ်ဖြေရှင်းရန် အဆိုပါ KNPF အာဏာပိုင်ကို ဖိတ်ခေါ်၍ ၎င်းလည်း အမှုဖြစ်စဉ်ကို သိရှိခွင့်ရခဲ့သည်။ KHRG ကွင်းဆင်းလုပ်သားသည်လည်း နစ်နာသူမိန်းကလေးအား အင်တာဗျူးခဲ့သည်။ (အင်တာဗျူးသည့်အချိန်တွင် အဆိုပါ မိန်းကလေး၏အဒေါ်နှင့်တဝမ်းကွဲလည်း ရှိနေခဲ့သည်။)

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ မနက် (၉)နာရီအချိန်တွင် မူတြော် (ဖာပွန်)ခရိုင်၊ ဘူးသိုမြို့နယ်၊ ကယ---ကျေး ရွာအုပ်စု၊ ရက---ကျေးရွာရှိ ရက---စာသင်ကျောင်းတွင်ပညာဆည်းပူးနေသော အသက် (၁၇)နှစ်အရွယ်ကျောင်းသူ တစ်ဦးဖြစ်သူ နော်ရ---သည် နှစ်ဝက်စာမေးပွဲဖြေဆိုပြီးနောက် ကျောင်းတစ်ပတ်ပိတ်၍ သူမ၏တဝမ်းကွဲနေထိုင်ရာ ဘူးသိုမြို့နယ်၊ ဘက---ကျေးရွာအုပ်စု၊ ပဇ---ကျေးရွာသို့ အလည်ပြန်လာခဲ့သည်။ အစပိုင်းတွင် သူမသည် အခြားရွာများ တွင်နေထိုင်ကြသည့်ကျောင်းသား၊ ကျောင်းသူများ (၁၀) ဦးခန့်နှင့်အတူ ပြန်လာခဲ့သည်။ ၎င်းတို့သည် အိမ်သို့ပြန်လာ ရာတွင် ခြေလျင်ဖြင့်ပြန်လျှောက်လာပြီး လမ်းတစ်လျှောက်တွင် ခဏနားကြသည်လည်းရှိသည်။ နောက်ဆုံးတွင် (တစ်ချို့) အခြားကျောင်းသား၊ ကျောင်းသူများသည် ၎င်းတို့ရွာသို့ရောက်ရှိကြကုန်ပြီး (၅)ဦးသာ ကျန်ရှိ၍ ၎င်းတို့အိမ် ပြန်ခရီးကို ဆက်လက်လမ်းလျှောက်လာခဲ့သည်။ ရက--- ကျေးရွာမှ ပဇ---ကျေးရွာသို့ ခြေလျင်ဖြင့်လမ်းလျှောက်လျှင် (၁၂) နာရီခန့်ကြာမြင့်ပြီး ဆိုင်ကယ်ဖြင့်သွားလျှင် (၅)နာရီခန့်ကြာသည်။

 

၎င်းတို့သည် ဘူးသို့မြို့နယ်၊ ဘက---ကျေးရွာအုပ်စု၊ ပတ---ကျေးရွာအနီးရှိ တောင်ခြေသို့ရောက်ရှိသောအခါတွင် ဆိုင် ကယ်မောင်းနှင်လာသော အသက်(၂၇)နှစ်အရွယ် စောတ---နှင့်ဆုံတွေ့ခဲ့သည်။ စောတ---သည် မူတြော်ခရိုင်၊ ဒွယ်လိုး မြို့နယ်၊ ဇဘ---ကျေးရွာအုပ်စု၊ ဇအ---ကျေးရွာတွင်နေထိုင်သည့်ရွာသားတစ်ဦးဖြစ်သည်။ စောတ---သည် စီးလာသည့် ဆိုင်ကယ်ကိုရပ်လိုက်သည်။ ထို့နောက် နော်ရ---က ဘယ်သွားမလဲလို့ သူ့အား မေးမြန်းခဲ့သည်။ ၎င်းက (ဘက--- ကျေးရွာအုပ်စုရှိ) စတ---ကျေးရွာသို့ ပြန်သွားမည်ဟု ဖြေကြားခဲ့သည်။ ထို့နောက် နော်ရ---က ဆိုင်ကယ်အားရဲ့လားဟု သူ့အား မေးခဲ့ပြန်သည်။ ၎င်းက ပစ္စည်းများသယ်ဆောင်လာပြီး ထိုပစ္စည်းများကို စတ---ကျေးရွာသို့သွားပို့ပေးရမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ သို့ဖြစ်၍ နော်ရ---သည် ၎င်းအား စတ---ကျေးရွာသို့ရောက်လျှင် တစ်စုံတစ်ဦးကိုမေးခိုင်းပြီး ပဇ---ကျေးရွာမှာရှိသည့်သူမ၏တဝမ်းကွဲဖြစ်သူကို အကြောင်းကြားကာ သူမအား လာကြိုပေးရန် သို့မဟုတ် တစ်ဦးဦး ကိုစေခိုင်းပြီး ဆိုင်ကယ်ဖြင့်လာကြိုပေးပါဟု အကူအညီတောင်းခဲ့သည်။ ၎င်းလည်း သူ့မှာ စကားပြောစက်တစ်လုံးရှိ ကြောင်း၊ စတ---ကျေးရွာသို့ရောက်လျှင် သူမ၏တဝမ်းကွဲကို တိုက်ရိုက်ခေါ်၍အကြောင်းကြားပေးနိုင်ကြောင်း သူမအား ဖြေကြားခဲ့သည်။ ထိုသို့လျှင် သူမက တဝမ်းကွဲဖြစ်သူမှရောက်လာသည့်အထိ သို့မဟုတ် တစ်စုံတစ်ဦးမှ သူမအား ဆိုင် ကယ်ဖြင့်လာကြိုသည့်အထိစောင့်နေပြီး တစ်ဖြည်းဖြည်းနဲ့လမ်းလျှောက်ပြန်လာမည်ဟု ၎င်းအား ပြောခဲ့သည်။

 

သို့သော်လည်း စောတ---သည် စတ---ကျေးရွာသို့ရောက်ရှိသောအခါတွင် ၎င်းအနေဖြင့် မည်သူ့ကိုမှ ဆက်သွယ်အ ကြောင်းကြားခြင်းမရှိခဲ့ပါ။ (ထိုသို့ပြုလုပ်ရမည့်အစား) သူသည် ဆိုင်ကယ်ကိုပြန်လှည့်လာကာ နော်ရ---ကို ပြန်သွား ကြိုခဲ့သည်။ ထို့နောက် ၎င်းသည် နော်ရ---၏တဝမ်းကွဲမှာ သူမအား လာကြိုရန်မအားသည့်အကြောင်း၊ ၎င်းအနေဖြင့် (စောတ---) သူမကို (နော်ရ---) လာရောက်ကြိုပေးပြီး အိမ်ပြန်ခေါ်လာရန် စေခိုင်းခဲ့ကြောင်း လိမ်လည်ပြောဆိုခဲ့သည်။ ဤအကြောင်းနှင့်ပတ်သက်၍ နော်ရ---က ယခုလိုရှင်းပြသည်။ “သူက ကျွန်မဘေးနားရောက်လာပြီး ဒီလိုပြောတယ်။ ‘မင်းရဲ့တဝမ်းကွဲက မင်းကိုလာကြိုဖို့ငါ့ကိုခိုင်းလိုက်တယ်။ ငါမင်းကို (ဘက---ကျေးရွာအုပ်စုရှိ) တဇ---ရွာကို ပြန်ပို့ပေး လို့ရတယ်။ အဲဒီကနေတဆင့် တစ်ယောက်ယောက်က မင်းကိုလာကြိုလိမ့်မယ်’တဲ့။ အဲဒါနဲ့ ကျွန်မက ‘ကျွန်မရဲ့တဝမ်း ကွဲအိမ်ကိုရောက်ခဲ့ပြီးလား။ ပဇ---ရွာကို သွားခဲ့သေးလား’ဟု သူ့ကိုမေးလိုက်တယ်။ အဲဒါနဲ့သူက ရောက်ခဲ့တယ်လို့ ပြန်ဖြေတယ်။ အဲဒီနောက်မှာ ကျွန်မလည်း သူ့နောက်ကိုလိုက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူပြောတာအမှန် တကယ်လို့ထင်ခဲ့တယ်လေ။ ဘာဖြစ်လို့လဲဆိုရင် အရင်ကဆို ကျွန်မပြန်လာတဲ့အချိန်မှာ ကျွန်မရဲ့တဝမ်းကွဲက တစ် ယောက်ယောက်ကိုစေခိုင်းပြီး ကျွန်မကိုဆိုင်ကယ်နဲ့အမြဲတမ်းလာကြိုလေ့ရှိတယ်လေ။ အဲဒါကြောင့်လဲ သူပြောတာ အမှန်ပဲလို့ ထင်ခဲ့တယ်။ အဲဒါကြောင့် ကျွန်မလည်း သူ့ဆိုင်ကယ်ကိုစီးပြီးလိုက်သွားခဲ့မိတယ်။”

 

ထိုညနေပိုင်း (၆)နာရီဝန်းကျင်တွင် စောတ---သည် မောင်းလာသည့်လမ်းကိုပြောင်း၍ တစ်ခြားလမ်းကို သွားခဲ့သည်။ ထို့နောက် သူသည် ဆိုင်ကယ်ကိုရပ်လိုက်ပြီး ဆိုင်ကယ်ပျက်သွားကြောင်း နော်ရ---အား ပြောခဲ့သည်။ သို့ဖြစ်၍ သူသည် သူမကိုခြေလျင်ဖြင့်သာ အိမ်ပြန်ပို့ပေးမည်ဟုပြောခဲ့သည်။ ထို့နောက် စောတ---သည် နော်ရ---ကိုဆွဲညှစ်လိုက်ပြီး သူမ၏ဝမ်းဗိုက်ကိုထိုး၍ သတ်ပစ်မည်ဟုခြိမ်းခြောက်ကာ သူမကို လမ်းပေါ်တွင် အဓမ္မပြုကျင့်ခဲ့သည်။ ဤအကြောင်း နှင့်ပတ်သက်၍ နော်ရ---က ယခုလိုပြောပြသည်။ “ကျွန်မက သူ့အရှေ့မှာ လမ်းလျှောက်တယ်။ သူက ကျွန်မနောက်မှာ နေပြီးလမ်းလျှောက်တယ်။ ခဏကြာလမ်းလျှောက်ပြီးနောက်မှာ သူက ကျွန်မရဲ့ပုခုံးကိုကိုင်ပြီး ဒီလိုပြောတယ်။ ‘ဒီနေရာက မင်းအိမ်လို့ထင်နေတာလား’တဲ့။ အဲဒါနဲ့ သူက ကျွန်မကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တယ်။ ကျွန်မလည်း အော်ဟစ်အကူအညီတောင်းခဲ့တယ်။ ကျွန်မကိုဒီလိုမလုပ်ပါနဲ့လို့ သူ့ကိုပြောတယ်။ ကျွန်မကိုမလုပ်ဖို့ သူ့ကို တောင်းပန်တယ်။ ကျွန်မလည်း အကူအညီရဖို့အော်ခေါ်တယ်။ သူက ကျွန်မပါးစပ်ကို သူ့လက်နဲ့ပိတ်ပြီး ကျွန်မလည် ပင်းကိုညှစ်တယ်။ အဲဒါနဲ့ သူက ကျွန်မကိုဒီလိုပြောတယ်။ ‘တကယ်ကြီးလား။ မင်းအော်ရဲရင်ထပ်အော်ကြည့်လေ။ မင်း သေချင်နေတာလား။’ ကျွန်မလည်းသူ့ကိုဒီလိုပြန်ပြောတယ်။ ‘ကျေးဇူးပြု၍ ကျွန်မကိုဒီလိုမလုပ်ပါနဲ့။ ကျွန်မ မသေချင် သေးပါဘူး။’ အဲဒါနဲ့ သူ ကျွန်မကိုလွှတ်လိုက်တယ်။ ပြီးတော့ ကျွန်မမတ်တပ်ထပြီးကြိုးစားတယ်။ ဒါပေမဲ့ထလို့မရဘူး။ သူက ကျွန်မရဲ့ကျောကုန်းကို ဆက်တိုက်ကန်နေတယ်လေ။ ကျွန်မသူ့လက်ကိုကိုက်လိုက်တယ်။ သူက ကျွန်မပါးကို ပြန်ရိုက်တယ်။ (နောက်တစ်ခါ) သူက ကျွန်မလည်ပင်းကိုညှစ်တယ်။ ကျွန်မထဖို့ကြိုးစားတယ်။ ဒါပေမဲ့မရဘူး။ ပြီး တော့ သူက ကျွန်မရဲ့ဗိုက်ကို ဆယ်ချက်ထိုးလိုက်တယ်။ ကျွန်မလည်း နာကျင်လွန်းလို့မခံစားနိုင်တော့ဘူး။ အဲဒါနဲ့ သူ့ကိုတောင်းပန်တယ်။ ‘ကျေးဇူးပြုပြီး ကျွန်မကိုအဲလိုမလုပ်ပါနဲ့။’ ဒါပေမဲ့ သူကျွန်မပြောတာကို နားမထောင်ဘူး။ နောက်ဆုံးမှာ ကျွန်မဘာမှမတတ်နိုင်တော့ဘူး။ အဲဒါနဲ့ သူကျွန်မကိုအဓမ္မပြုကျင့်ခဲ့တယ်။ အဲဒါကြောင့် ကျွန်မလည်း မထနိုင်တော့ဘူး။”

 

ထို့နောက် သူသည် ထိုလမ်းအတိုင်း သူမကိုအိမ်ပြန်ခေါ်လာခဲ့သည်။ ၎င်းတို့သည် ဘက--- ကျေးရွာအုပ်စု၊ တဇ---ကျေးရွာအနီးသို့ ရောက်ရှိသောအခါတွင် သူသည် သူမအား ထပ်မံအဓမ္မပြုကျင့်ခဲ့သည်။ ထိုနောက်တွင် သူသည် သူမ အား အိမ်ရောက်သည့်အထိ ပြန်မပို့ပေးခဲ့ပေ။ ည (၈)နာရီဝန်းကျင်တွင် သူသည် သူမအား နောက်တစ်ခါ အဓမ္မပြုကျင့် ခဲ့ပြန်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ နော်ရ---က ယခုလိုပြောပြသည်။ “ကျွန်မက သူ့ကိုဦးလေးလို့ခေါ်တယ်။ သူပြန်ပြောတာက ‘ငါက မင်းဦးလေးမဟုတ်ဘူး’။ ပြီးတော့ သူဆက်ပြောတယ်။ ‘ငါမင်းကိုချစ်မိနေပြီး။ မင်းငါ့ကိုပြန် မချစ်နိုင်ဘူးလား။’ အဲဒီအချိန်မှာ ကျွန်မသူ့ကိုကြောက်တယ်။ အဲဒါကြောင့် ကျွန်မက သူ့ကိုလိမ်ပြီး ဒီလိုပြန်ပြော လိုက်တယ်။ ‘ကျွန်မလည်း မင်းကိုပြန်ချစ်နိုင်ပါတယ်ပေါ့။’ (…) သူကျွန်မကိုစကားတွေအများကြီးပြောတယ်။ သူပြော တာက ‘မင်းငါ့ကိုချစ်ရင် မင်းမိဘတွေကိုအသိပေးရမယ်’တဲ့။ ပြီးတော့ သူက ရွာမှာရှိတဲ့ကျွန်မအိမ်ကိုလာပြီး ကျွန်မမိ ဘတွေကို ပြောပေးမယ်လို့ပြောတယ်။ ဒါပေမဲ့ ကျွန်မမိဘတွေက အိမ်မှာမရှိဘူးလေ။ (၎င်းတို့က ကစ---ဒုက္ခသည် စခန်းမှာနေထိုင်ကြသည်။) (…) ပြီးတော့ သူဆက်ပြောတာက ‘မင်းငါ့ကိုချစ်ရင် ငါ့ကိုလက်ထပ်ရမယ်’တဲ့။ ကျွန်မသူ့ကို ‘ဟုတ်ကဲ့’လို့ပြန်ဖြေတယ်။ ည (၈) နာရီလောက်မှာ သူကျွန်မကို အဓမ္မပြုကျင့်တယ်။ ကျွန်မသူ့ကိုပြောတယ်။ ‘တော် ပြီး။ ကျေးဇူးပြုပြီး ကျွန်မကိုအိမ်ပြန်ပို့ပေးပါ။’ မိုးကလည်းရွာတယ်။ ကျွန်မလည်းချမ်းနေပြီးလေ။ သူကျွန်မပြောတာကို နားမထောင်ပါဘူး။ ကျွန်မသူ့ကို ဆက်ပြီးတောင်းပန်တယ်။ ‘ကျေးဇူးပြုပြီး ကျွန်မကိုအိမ်ပြန်ပို့ပေးပါ။’ အဲဒါနဲ့ သူထ လိုက်ပြီး ကျွန်မကိုဒီလိုပြောတယ်။ ‘အိုကေ။ ငါမင်းကိုအိမ်ပြန်ပို့ပေးမယ်။’ ပြီးတော့ သူဆိုင်ကယ်ကိုပြန်လှည့်ပြီးထွက် သွားတယ်။”

 

ထိုနောက်တွင် ၎င်းတို့သည် တဇ---ကျေးရွာမှာရှိတဲ့ပထမဆုံးအိမ်ကိုမရောက်ခင် တောင်ခြေရင်းရှိ တစ်နေရာအရောက် တွင် စောတ---သည် ဆိုင်ကယ်ကိုဆက်မမောင်းပဲ နောက်တစ်ခါရပ်လိုက်သည်။ ထိုအချိန်တွင် နော်ရ---က ၎င်းအား တောင်းပန်သည့်အကြောင်းကို ယခုလိုပြောပြသည်။ “ဒီတစ်ခါတော့ ကျေးဇူးပြုပြီး ကျွန်မကိုအိမ်ပြန်ရောက်သည့်အထိ ပို့ပေးပါ။’ သူက ခေါင်းမူးသလိုလုပ်ပြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူအရက်သောက်ထားပြီးမူးနေတုန်းပဲလေ။ ပြီး တော့ သူပြောတာက သူဆိုင်ကယ်ကို ဆက်မမောင်းနိုင်တော့ဘူးတဲ့။ သူကျွန်မကို တောင်ခြေရင်းမှာရှိတဲ့လမ်းပေါ်မှာ ချ ထားလိုက်တယ်။ သူ့ကိုကျွန်မမေးတယ်။ ‘ကျွန်မအိမ်ကို ဘယ်လိုပြန်ရမလဲ။ ခြေကျင်နဲ့ပဲပြန်ရမလား။’ သူပြန်ပြောတာ က ‘ဟုတ်တယ်။ မင်းခြေကျင်နဲ့ပဲပြန်တော့’တဲ့။ ပြီးတော့ ကျွန်မသူ့ကို ပြောတာက ‘ကျွန်မခြေကျင်နဲ့ပြန်ရင် ကျွန်မ နောက်ကို မလိုက်ရတော့ဘူးနော်’။ သူလက်ခံသွားတယ်။”

 

ထို့နောက် သူမသည် အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့သည်။ သူမသည် ညအချိန်တွင် တစ်ဦးတည်းမသွားလာဖူးသည့် အတွက်ကြောင့် တဇ---ရွာသို့ရောက်သောအခါတွင် တစ်စုံတစ်ဦးကို အိမ်ပြန်လမ်းက ဘယ်မှာလဲဟု မေးမြန်းခဲ့ရသည်။ တဇ---ရွာမှ ရွာသားတစ်ဦးက လမ်းမကြီးအတိုင်းတည့်တည့်ဆက်သွားပါဟု သူမအား လမ်းညွှန်ပေးခဲ့သည်။ နောက်ဆုံး တွင် ည (၉း၃၀)မိနစ်ဝန်းကျင်တွင် သူမသည် သူမ၏တဝမ်းကွဲအိမ်သို့ ရောက်ရှိခဲ့သည်။ သူမ၏တဝမ်းကွဲနာမည်သည် နော်န---ဖြစ်သည်။ ဤအကြောင်းကို နော်ရ---က ယခုလိုပြောပြသည်။ “သူကျွန်မနောက်ကို မလိုက်လာတာ ပိုကောင်း တယ်။ ကျွန်မရဲ့တဝမ်းကွဲအိမ်မှာရောက်တဲ့အချိန်မှာ တဝမ်းကွဲက ကျွန်မရောက်နေမှန်းမသိဘူး။ အဲဒါနဲ့ ကျွန်မသူမကို ခေါ်တယ်။ သူမက ‘ဘယ်သူလဲ’လို့မေးတယ်။ ‘ကျွန်မပါပဲ’လို့ပြန်ဖြေတယ်။ သူမက ကျွန်မမျက်နှာကို ဓာတ်မီးနဲ့ ထိုးလိုက်တယ်။ ကျွန်မမျက်နှာမကောင်းတာကို သူမတွေ့သွားတယ်။ အဲဒါကြောင့် သူမက ‘ဘယ်သူနဲ့ပြန်လာတာလဲ၊ လူဘယ်နှစ်ယောက်နဲ့ပြန်လာတာလဲ’လို့ ကျွန်မကိုမေးတယ်။ ကျွန်မက ‘တစ်ယောက်ထဲပဲပြန်လာတယ်”လို့ ပြန်ဖြေ တယ်။ ကျွန်မဆက်ပြီးပြောပြတယ်။ ‘တဇ---ရွာကိုရောက်ပြီးနောက်မှာ လမ်းအတိုင်းတစ်ယောက်ထဲပဲပြန်လာတယ်။’ ပြီးတော့ သူမက ‘တဇ---ရွာမရောက်ခင်မှာ ဘယ်သူတွေနဲ့ပြန်လာလဲ’လို့ ကျွန်မကိုဆက်မေးတယ်။ ကျွန်မလည်း ‘အဲဒီလူကို မသိဘူး။ ဒါပေမဲ့သူအရက်မူးနေတယ်။ သူပြောတာက သူက စတ---ရွာမှာနေတယ်’ သူမကိုပြောပြတယ်။ ပြီးတော့ ကျွန်မက တဝမ်းကွဲကိုမေးကြည့်တယ်။ ‘ကျွန်မကိုဆိုင်ကယ်နဲ့လာကြိုဖို့ တစုံတယောက်ကိုမေးခိုင်းတာရှိ လား။’ သူမက ဘယ်သူ့ကိုမှမခိုင်းမိပါဘူးလို့ပြန်ဖြေတယ်။ ပြီးတော့ သူမက ကျွန်မကို ဆက်ပြီးမေးတယ်။ ‘ဘယ်သူက မင်းကိုအိမ်ပြန်လာပို့တာလဲ။’ ကျွန်မက ‘အဲဒီလူကို မသိဘူး။ သူပြောတာက တဝမ်းကွဲက သူ့ကိုအကူအညီတောင်းပြီး ကျွန်မကိုလာကြိုပေးတာ။ အဲဒါကြောင့် သူနဲ့လိုက်သွားခဲ့တာ’လို့ပြန်ဖြေတယ်။ ပြီးတော့ သူမက ‘သူမင်းကို တစ်ခုခု လုပ်ခဲ့လား’လို့ ကျွန်မကိုဆက်မေးတော့တာပဲ။”

 

နောက်ဆုံးတွင် နော်ရ---သည် သူမ၏တဝမ်းကွဲဖြစ်သူအား လမ်းတစ်လျှောက်တွင်သူမကြုံတွေ့ရသည့်အဖြစ်အပျက် များကို ဖြစ်ကြောင်းကုန်စင်ပြောပြခဲ့သည်။ သူမ၏တဝမ်းကွဲသည် ဤကိစ္စကိုသိရှိရပြီးနောက် တဇ---ကျေးရွာမှ ရွာသား တစ်ဦးကိုဆက်သွယ်၍ မည်သူက နော်ရ---ကို အိမ်ပြန်လာပို့ပေးခဲ့ကြောင်း မေးမြန်းခဲ့သည်။ နော်ရ---သည် သူမ၏ တဝမ်းကွဲက မည်သည့်ရွာသားကို ဆက်သွယ်ခဲ့သည်ကိုမသိရှိရပါ။ ထို့နောက် နော်န---သည် ထိုအမျိုးသား (ပြစ်မှုကျူး လွန်သူ)၏ကိုယ်လုံး၊ကိုယ်ပေါက်နှင့်မျက်နှာအနေအထားဘယ်လိုရှိကြောင်း မေးမြန်းခဲ့သည်။ ထိုရွာသားသည် ပြစ်မှု ကျူးလွန်သူတရားခံမှာ မုတ်ဆိတ်ရှိခြင်း၊ အရပ်ပုခြင်း၊ အသားညိုခြင်း နှင့်ထိပ်ပြောင်ခြင်းစသည်တို့ကို သရုပ်ဖော်ပြော ပြခဲ့သည်။ ထို့နောက် သူမသည် (နော်န---) တဇ---ကျေးရွာမှ အခြားအဒေါ်တစ်ဦးကိုဖုန်းဖြင့်ဆက်သွယ်၍ အခင်းဖြစ် သည့်ညတွင် ရွာကိုဆိုင်ကယ်ဖြင့်ပြန်လာသည့်သူတစ်ဦးဦးကို မြင်တွေ့ခဲ့လားဟု မေးမြန်းစုံစမ်းခဲ့သည်။ ထိုအဒေါ်လည်း ရွာကိုဆိုင်ကယ်ဖြင့်ပြန်လာသည့်သူတစ်ဦးကိုမြင်တွေ့ခဲ့ကြောင်း နော်န---အား ပြောပြခဲ့သည်။ နော်န---သည် ဆိုင်ကယ် ဖြင့်ပြန်လာသည့်သူသည် အရက်မူးနေသလားဟု ထိုအဒေါ်အား ဆက်လက်မေးမြန်းခဲ့သည်။ အဒေါ်လည်း ထိုသူသည် အရက်အနည်းငယ်မူးနေသည်ဟု ပြန်လည်ပြောပြသည်။ ထို့အပြင် အဆိုပါဆိုင်ကယ်ဖြင့်ပြန်လာသည့်သူသည် ထိုအဒေါ်၏တူလေးလည်းဖြစ်နေသည်။ ထို့နောက် နော်န---သည် သူမ၏တဝမ်းကွဲဖြစ်သူ နော်ရ---ကြုံတွေ့ခဲ့သည့်အ ကြောင်းကို ထိုအဒေါ်အား ပြောပြခဲ့သည်။ ထိုအဒေါ်လည်း သူမ၏တူလေးသည် ယခင်က ဆိုးသွမ်းသည့်စရိုက်ရှိ ကြောင်း နော်န--- အား ပြောပြခဲ့သည်။ ထို့အပြင် အဒေါ်သည် ဤအမှုကိုထိရောက်စွာ အရေးယူပေးရန်အတွက် နော်န--- အား တောင်းဆိုခဲ့သည်။

 

နောက်တစ်နေ့တွင် (၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့) နော်န---နှင့်သူမ၏မိခင်တို့သည် စတ---ကျေးရွာသို့သွား ၍ ဘက---ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံခဲ့သည်။ နော်န--- သည် အမှုကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား တင်ပြခဲ့သည်။ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စုအာဏာပိုင်များနှင့်ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) တို့ သည် ၎င်းအမှုကို ကြားသိရှိရပြီးနောက် အမှုကိုကိုယ်တွယ်ရန် ချက်ချင်းစတင်လုပ်ဆောင်ခဲ့သည်။ ထို့နောက် လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုကိုကျူးလွန်ခဲ့သူ စောတ--- အား သွားရောက်ဖမ်းဆီးခဲ့ပြီး ၎င်းအား ဘက--- ကျေးရွာအုပ်စုမှ ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနရုံးသို့ ပို့ဆောင်၍ လိုအပ်သည့်သတင်းအချက်အလက်များကို မှတ်တမ်း ပြုစုခဲ့သည်။

 

ထို့နောက် ဘက--- ကျေးရွာအုပ်စုမှ KNPF လုံခြုံရေးတာဝန်ခံတစ်ဦးနှင့် KNPF အရာရှိများသည် စောတ--- ကို KNPF ဌာနရုံးဖြစ်သော ဘူးသိုရဲစခန်းသို့ ပို့ဆောင်ခဲ့ပြန်သည်။ ဘူးသိုရဲစခန်းသည် ဘူးသိုမြို့နယ်၊ ဘူးအာဒဲကျေးရွာအုပ်စုရှိ ဘူးသိုမြို့နယ်ရုံးတွင်တည်ရှိသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ၎င်းတို့သည် KNPF ဌာနရုံးသို့ ရောက်ရှိလာခဲ့သည်။ စောတ---သည် ရဲစခန်းသို့ရောက်ရောက်ရှိခြင်းတွင် ၎င်းအား အချုပ်ထဲတွင် ထိန်းသိမ်းထားခဲ့ သည်။ ၎င်းကို တစ်လခွဲကြာထိန်းသိမ်း၍ စစ်ဆေးမေးမြန်းခဲ့သည်။ ထို့နောက် ၎င်းအား ခရိုင်အဆင့် KNPF အကျဉ်း ထောင်ထဲသို့ လွှဲပြောင်းပို့ဆောင်ခဲ့သည်။ (ခရိုင်အဆင့် တရားရုံးသည် အမှုကိုကြားနာပြီး ပြစ်ဒဏ်စီရင်ချမှတ်ခဲ့သည်။) ပြစ်ဒဏ်များမှာ စောတ---အနေဖြင့် နစ်နာသူမိန်းကလေးအား ဂုဏ်သိက္ခာစော်ကားမှုအတွက် လျော်ကြေးငွေ ဘတ် (၁၀၀၀၀၀) ပေးဆောင်ရမည်ဖြစ်ပြီး ထိုလျော်ကြေးငွေ ကို ဘတ် (၅၀၀၀၀) နှုန်းဖြင့်နှစ်ကြိမ်ပေး၍ရနိုင်သည်။ (၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း လက်ခံရရှိသည့်သတင်းများအရ နော်ရ--- ဖြစ်စေ၊ သူမ၏မိသားစုဖြစ်စေ ၎င်းတို့အနေဖြင့် မည်သည့်လျော်ကြေးငွေမှ လက်ခံရရှိခြင်းမရှိသေးပေ။) စောတ---အား ထောင်ဒဏ် (၁၃)နှစ်ကျစေခဲ့သည်။ (သို့သော် လည်း ၎င်းသည် KNU ဗဟိုတရားရုံးဆီမှာ အယူခံပြီးနောက်တွင် ၎င်း၏ပြစ်ဒဏ်ကို ထောင် (၁၂)နှစ်သာ ကျစေခဲ့သည်။

 

စောတ--- သည် အိမ်ထောင်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး သူ့မှာ သားသမီးနှစ်ဦးထွန်းကားသည်။ ၎င်းသည် ယခင်က တပ် မဟာ (၅) မူတြော်ခရိုင်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သားဟောင်းတစ်ဦးလည်းဖြစ် သည်။ သူသည် စစ်သားအဖြစ်တာဝန်ထမ်းဆောင်စဉ်တွင် စည်းကမ်းချိုးဖောက်၍ KNLA မှ ၎င်းအား အပြစ်ပေး၍ စစ် သားအဖြစ်မှ ထုတ်ပယ်ခဲ့သည်။ ထို့နောက် သူသည် ဇအ--- ကျေးရွာသို့ ပြန်လာနေထိုင်သည်။)

 

ဒေသခံအာဏာပိုင်များက နော်ရ---အတွက် လိုအပ်သည့်အရာများကိုပြင်ဆင်ပေးပြီး သူမအား ဘက--- ကျေးရွာအုပ်စု၊ စတ---ကျေးရွာရှိ စတ---ဆေးခန်းသို့ပို့ဆောင်ခဲ့သည်။ ထိုဆေးခန်းသည် မယ်တော်ဆေးခန်းမှ စီမံခန့်ခွဲသော ဆေးခန်း ဖြစ်သည်။ (မယ်တော်ဆေးခန်းသည် ပြည်တွင်းစစ်ဘေးရှောင်များကို ကူညီပံ့ပိုးပေးသော လူထုအခြေပြုအဖွဲ့အစည်း တစ်ခုဖြစ်သည်။) အရေးပေါ်မီးယပ်ကုသစောင့်ရှောက်မှုအပိုင်းကို (EmOC) တာဝန်ယူရသော  ကျန်းမာရေးလုပ်သား တစ်ဦးဖြစ်သူ နော်ဇ---သည် နော်ရ---အား အရေးပေါ်ကိုယ်ဝန်တားဆေးကို တိုက်ကျွေးခဲ့သည်။ နော်ရ---အနေဖြင့် ဆေးဝါးများနှင့်ဆေးဝါးကုသမှုအတွက် ငွေပေးဆောင်ရန်မလိုပါ။ ရက--- ကျေးရွာမှ ကရင်အမျိုးသမီးအစည်းအရုံး (KWO) သည်လည်း သူမကို ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ ယခုအချိန်တွင် (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လက်ခံရရှိသည့် သတင်းအရ) နော်ရ--- သည် ကျောင်းပြန်တက်နိုင်ပြီးဖြစ်သည်။ သူမ၏ဆရာမများနှင့်သူငယ်ချင်းတို့ သည်လည်း သူမအား ကျောင်းပညာရေးကိုအရှုံးမပေးရန်အတွက် အားပေးစကားများပြောကြသည်။ ထို့အပြင် KWO သည်လည်း သူမကို စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကုထုံးများ ပေးခဲ့ပါသည်။

 

နော်ရ--- သည် ဤဆိုးရွားသည့်အဖြစ်အပျက်ကိုကြုံတွေ့ခံစားပြီးနောက်တွင် သူမ၏ပတ်ဝန်းကျင်လည်း ဘဝကိုအရှုံး မပေးရန်နှင့် ကျောင်းပြန်ဆက်တက်ရန် အားပေးစကားများပြောကြသည်။ ထို့ကြောင့် သူမအနေဖြင့် အားမငယ်တော့ပဲ နွေးထွေးစွာခံစားရကြောင်း သိရှိရသည်။ သူမသည် အခြားအမျိုးသမီးများနှင့်မိန်းကလေးငယ်များအား အနာဂတ်တွင် ဤသို့အဖြစ်မျိုးမကြုံရစေအောင် နိုင်ငံတကာအဖွဲ့အစည်းများ သို့မဟုတ် သက်ဆိုင်ရာဒေသခံတာဝန်ရှိသူများအနေဖြင့် ဤအမှုကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းပေးရန် ဆန္ဒရှိသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

နစ်နာသူမိန်းကလေးနှင့်သူမ၏အမဖြစ်သူသည် ဤသတင်းအကြောင်းအရာများကို လိုအပ်သည့်နေရာတွင် သင့်တော် သလို အသုံးပြုရန်အတွက် KHRG အား ခွင့်ပြုချက်ပေးပါသည်။

Wed, 20 May 2026

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် မြေ ပြင်တွင် လက်ခံရရှိသော အစီရင်ခံစာ (၃) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #25-354-D1 ၊ #25-354-D2 နှင့် #25-354-A1-I1 တို့ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်