စကားဦး
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့်အချိန်မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သည် မြန်မာပြည် အရှေ့တောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများနှင့် အကြမ်းဖက်မှုများကို တိုးမြှင့်ပြုလုပ်လာခဲ့ပါသည်။ ဒေသတွင်းသတ်မှတ်ထားသည့် ကရင်ပြည်နယ်ရှိကလေးသူငယ်များသည် အကြမ်းဖက်မှုအန္တရာယ်ကို အထူးသဖြင့် ကြုံတွေ့ရသည့်အပြင် တိုက်ရိုက်ကျူးလွန်သော အကြမ်းဖက်ချိုးဖောက်မှုများနှင့် ၎င်းတို့၏ဖွံ့ဖြိုး တိုးတက်မှုနှင့် ကျန်းမာချမ်းသာသုခအတွက် အရေးပါသောဝန်ဆောင်မှုများအား ဖျက်ဆီးခြင်းကြောင့် ရေရှည်ထိခိုက်မှုများကိုလည်း ကြုံတွေ့နေရပါ သည်။
ရွာသားများ၏ ဖွင့်ဟပြောပြချက်များအပေါ်အခြေခံ၍ ဤအစီရင်ခံစာတွင် ၂၀၂၄ ခုနှစ် မှ ၂၀၂၅ ခုနှစ်အတွင်း လက်နက်ကိုင်အကြမ်းဖက်မှု၏ အမျိုးမျိုးသောသက်ရောက်မှုများကို ရေးသားဖော်ပြထားပါသည်။ ဤအစီရင်ခံစာတွင်ကလေးသူငယ်များ ပညာသင်ယူခွင့်ရရှိရန် ကြုံတွေ့နေရသောအခက်အခဲများကို လေ့လာဆန်းစစ်ထားပြီးSAC မှ ကျောင်းများကိုပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးမှုများ၊ ဖျက်ဆီးမှုများနှင့် ပညာရေးဆည်းပူးမှုများအပေါ် အနှောက်အယှက်များဖြစ်ပေါ်လာပုံကို အသေးစိတ်ဖော်ပြ ထားပါသည်။ ကလေးသူငယ်များသည် နေရပ်ရွှေ့ပြောင်းနေထိုင်ရသည့်အခြေအနေ၌ပင် ပဋိပက္ခအန္တရာယ်ကို အမြဲတစေကြောက်ရွံ့နေရင်း လုံလောက်သည့်နေရာထိုင်ခင်းနှင့် သင်ကြားရေးပစ္စည်းများမရှိပဲ ၎င်းတို့၏ ပညာရေးကို ဆက်လက်သင်ယူနေကြရပါသည်။ ပဋိပက္ခနှင့်ဆက်စပ်၍ ဖြစ်ပေါ်လာသောအသက်မွေးဝမ်း ကြောင်းဆိုင်ရာ စိန်ခေါ်မှုများသည် ကျောင်းထွက်မှုများကို ထပ်မံဖြစ်ပေါ်လာစေခဲ့ပါသည်။ ဤအစီရင်ခံစာ တွင် SAC မှပြုလုပ်သော ပစ်ခတ်တိုက်ခိုက်မှုများနှင့် ခရီးသွားလာရေးကန့်သတ်မှုများကြောင့် ကျန်းမာရေး၊ သန့်ရှင်းရေး၊ အစာအဟာရနှင့် ဘေးကင်းလုံခြုံသောနေထိုင်မှုပတ်ဝန်းကျင်တို့အား လက်လှမ်းမီရရှိနိုင်မှုအပေါ် ဆိုးရွားစွာအဟန့်အတားဖြစ်စေပြီး ကျန်းမာရေးအခြေအ နေပို၍ဆိုးရွားလာမှုကို ဖြစ်ပေါ်စေကြောင်း ဆန်းစစ်ထားပါသည်။ ဆေးခန်းများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် မကြာခဏပစ်မှတ်ထား တိုက်ခိုက်ခြင်းများခံရကြပြီး ထောက်ပံ့ရေးပစ္စည်းများကို စစ်ဆေးရေးဂိတ်များတွင်သိမ်းဆည်းခြင်းတို့ကြောင့် ဆေးဝါးများနှင့် ဆေးဖက်ဆိုင်ရာပစ္စည်းကိရိယာများ ပို၍လျော့နည်းလာမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ ဆေးဝါးကုသမှုကုန်ကျစရိတ် မြင့်မားခြင်းနှင့် ဆင်းရဲမှုမြင့်မားနေခြင်းများကြောင့် ကလေးများ၏ ကျန်းမာရေးအခြေအနေ ပို၍ဆိုးရွားလာပါသည်။
ထို့အပြင် စစ်ရေးလှုပ်ရှားမှုများနှင့် ဆက်လက်ဖြစ်ပွားလျှက်ရှိနေသော အကြမ်းဖက်မှုများသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာလူမှုကျန်းမာချမ်းသာသုခအပေါ် သက်ရောက်မှုကိုလည်း ဆန်းစစ်ဖော်ပြထားပါသည်။ ပစ်ခတ်တိုက် ခိုက်မှုများကြောင့် လုံခြုံမှုမရှိသော အခြေအနေအောက်တွင် အမြဲတစေနေထိုင်ရခြင်းသည် ကလေးသူငယ်များအတွက် ကြောက်ရွံ့မှုနှင့် စိတ်ဖိစီးမှုများကိုဖြစ်ပေါ်စေခဲ့ပါသည်။ ၎င်းတို့ထဲမှ များစွာသောသူများသည် မိသားစုဝင်များဆုံးရှုံးရခြင်း၊ ၎င်းတို့၏နေအိမ်များ ဖျက်ဆီးခံရသည်ကိုမြင်တွေ့ရခြင်း သို့ဟုတ် နေရပ်ရွှေ့ပြောင်းနေထိုင်နေရခြင်းတို့ဖြင့် ကြုံတွေ့နေကြရပါသည်။ ဤကဲ့သို့သော ရင်ဆိုင်ကြုံတွေ့ ရမှုများကြောင့် မိသားစုနှင့် လူမှုအသိုင်းအဝိုင်း၏ဘဝများ အဟန့်အတားဖြစ်လာခဲ့ပြီး ကလေးသူငယ်များ အတွက် ကစားခြင်း၊ သင်ယူခြင်းနှင့် အနာဂတ်အပေါ်မျှော်လင့်နိုင်သည့် ကလေးဘဝတစ်ခုကို ရရှိနိုင်ခြင်းမရှိနိုင်တော့ပါ။ ထို့အပြင်၊ လူငယ်များအကြား မူးယစ်ဆေး ဝါးအသုံးပြုမှု တိုးလာခြင်းကဲ့သို့သော ကျယ်ပြန့်သော လူမှုရေးဆိုင်ရာပြဿနာများကိုလည်း ဖြစ်ပေါ်စေပါသည်။ ဤအစီရင်ခံစာတွင် SAC မှ များသောအားဖြင့် ကျူးလွန်နေသော ဆက်လက်ဖြစ်ပွားနေသည့်အကြမ်းဖက်မှုများသည် ကလေးများ၏ အသက်ဘေးနှင့် ကျန်းမာချမ်းသာသုခအပေါ် မည်သို့အန္တရာယ်ဖြစ်စေသည်ကိုလည်း ဆန်းစစ်ဖော်ပြထားပါသည်။ ကလေးသူငယ်များအား သတ်ဖြတ်မှု၊ ဒဏ်ရာရရှိစေမှု၊ အတင်းအဓမ္မဖမ်းဆီးမှု၊ အတင်းအဓမ္မပျောက်ဆုံးစေမှု၊ လူမဆန်စွာဆက်ဆံမှု နှင့် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို KHRG မှ သတင်းမှတ်တမ်းပြုစုခဲ့ပါသည်။ ထို့အပြင်၊ လက်နက်ကိုင်စစ်သားများမှလည်း ကလေးသူငယ်များကို စစ်သားအဖြစ် စုဆောင်းခေါ်ယူခြင်းအကြောင်းအရာများကိုလည်း ဖော်ပြထားပါသည်။
ဤကဲ့သို့ ပြင်းထန်သော ချိုးဖောက်ကျူးလွန်မှုများနှင့် ဆိုးကျိုးသက်ရောက်မှုများရှိသော်လည်း ကလေးသူငယ် များ နှင့် ၎င်းတို့၏အသိုင်းအဝိုင်းများသည် ထူးကဲသာလွန်သော ကြံ့ကြံ့ခံနိုင်စွမ်းကို ဖော်ပြကြပါသည်။ အန္တရာယ်အလွန်ကြီးမားသော အခြေအနေများအောက်တွင်ပင် ကျောင်းများ၊ ဆေးခန်းများနှင့် အထောက်အပံ့ ကွန်ယက်များကို ဆက်လက်ထိန်းသိမ်းနေကြပြီး ကလေးသူငယ်များကလည်း ဘေးကင်းလုံခြုံမှု၊ ပညာရေးနှင့် ငြိမ်းချမ်းသော အနာဂတ်အတွက် မျှော်လင့်ချက်များကို ထုတ်ဖော်ပြောပြကြပါသည်။ ထို့အပြင် ဤအစီရင်ခံစာတွင် လူသားချင်းစာ နာထောက်ထားမှုအထောက်အပံ့ ရရှိနိုင်မှုအခြေအနေကို သုံးသပ်ထားပြီး ဒေသတွင်းထောက်ပံ့ရေးစနစ်များ အတွင်းရှိ အရေးကြီးသောလှစ်ဟာမှုများကိုလည်း ဖော်ပြထားပါသည်။
ဤအစီရင်ခံစာ၏ ရှာဖွေတွေ့ရှိချက်များအရ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများသည် ဆက်လက် ဖြစ်ပွားနေသော ပုံစံတစ်ခုအဖြစ် တွေ့ရှိရပြီး ထိုအကြမ်းဖက်မှုများကို ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်ထားသော ကြီးလေး သောချိုးဖောက်ကျူးလွန်မှုခြောက်ခုဆိုင်ရာဖွဲ့စည်းတည်ဆောက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် လူ သားချင်းစာနာထောက်ထားမှု ဥပဒေများအောက် ပြင်းထန်သောချိုးဖောက်မှုများအဖြစ် သတ်မှတ်နိုင်သည်။ ထို့အပြင် အချို့အခြေအနေများတွင် စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်သည်။ SAC ၏ အကြမ်းဖက်မှုလုပ်ရပ်များကို ရပ်တန့်စေရန်၊ ကလေးများ၏အသက်ဘေးကို ကာကွယ်ရန်၊ ဂုဏ်သိက္ခာနှင့် ကျန်းမာချမ်းသာသုခ ပြန်လည်ရရှိနိုင်ရန်အတွက် ချက်ချင်းအရေးတယူလုပ်ဆောင်ရန် လိုအပ်နေပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကလေးသူငယ်များကို ကာကွယ်ခြင်းသည် ပဋိပက္ခဖြေရှင်းမှုအတွက် ဒုတိယအရေးကြီးရာမဟုတ်ဘဲ ၎င်းသည် အဓိပ္ပါယ်ပြည့်ဝပြီး ထာဝရငြိမ်းချမ်းမှုတည်ဆောက်ရန်အတွက် မရှိမဖြစ်လိုအပ်သော ခြေလှမ်းတစ်ခုဖြစ်ပါသည်။
နိဒါန်း
ကလေးသူငယ်များသည် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ၎င်းတို့၏အသိုင်းအဝိုင်းများ၏ အနာဂတ်အတွက် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်သူများဖြစ်ကြပါသည်။ သို့သော် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ် နေသောတိုက်ပွဲများနှင့် လက်နက်ကိုင်ပဋိပက္ခများသည် ၎င်းတို့အပေါ် အလွန်အကျွံ ဆိုးကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေပါသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့်အချိန်မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ (SAC)[1] ၏ အမိန့်ပေးမှုအောက်ရှိ ဗမာစစ်တပ်[2]သည် ရွာသားများ၏ ကြိုးပမ်းအားထုတ်မှုများကို ချေမှုန်းရန် တိုက်ခိုက်မှုများအား ကျယ်ပြန့်စွာ ပြုလုပ်လာခဲ့ပါသည်။ ဤကဲ့သို့သော အရပ်သားများအပေါ် ၎င်းတို့လုပ်ဆောင်လာခဲ့သော ဖိနှိပ်ချုပ်ချယ်မှုများသည် သမိုင်းတစ်လျှောက်တွင် ကာလကြာမြင့်စွာဖြစ်ပေါ် နေခဲ့ပြီး ဆက်လက်၍ဖြစ်ပွားလျှက်ရှိနေပါသည်။ ဤအစီရင်ခံစာကာလအတွင်း SAC သည် ရွာသားများအပေါ် ဆန့်ကျင်ကျူးလွန်မှုများကို ပို၍ပြင်းထန်စွာ ဆောင်ရွက်ပြုလုပ်လာခဲ့ကြောင်း KHRG မှ မှတ်တမ်းပြုစုခဲ့ ပါသည်။ ဤကဲ့သို့သော တိုက်ခိုက်မှုများထဲတွင် လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်ခြင်း၊ ကျေးရွာများကိုမီးရှို့ခြင်း၊ ညှဥ်းပမ်းနှိပ်စက်ခြင်း၊ အတင်းအဓမ္မဖမ်းဆီးခြင်း၊ အတင်းအဓမ္မ ပျောက်ဆုံးစေခြင်း၊ သတ်ဖြတ်ခြင်းများနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စသည်တို့ ပါဝင်ပါသည်။ ထိုကဲ့သို့သောလုပ်ရပ်များသည် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်း ကို ဖြစ်ပေါ်လာစေခဲ့ပြီး ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးဆုံးရှုံးမှုများကို ဖြစ်ပေါ် စေပါသည်။
၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များမှာ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသည့် အချိန်အတောအတွင်း အန္တရာယ်များကို ရင်ဆိုင်နေရသောသူ များထဲမှ ကလေးသူငယ်များသည် လူမှုအသိုက်အဝန်းများအပေါ် SAC ၏ တိုက်ရိုက်တိုက်ခိုက်ခြင်းနှင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခြင်းများကို ဆောင်ရွက်နေသောကြောင့် အကြမ်းဖက်မှုနှင့် အခွင့်အရေးဆုံးရှုံးမှုများဖြင့် ပိုမိုကြုံတွေ့ နေကြရပါသည်။ ဤတိုက်ခိုက်မှုများသည် ကလေးသူငယ်များကို ထောက်ပံ့ပေးနေသော လူမှုအသိုက်အဝန်းများအဖို့ အန္တရာယ်ဖြစ်စေပါသည်။ မိဘများနှင့် ချစ်ရသောသူများကို သတ်ဖြတ်ခြင်း၊ ဒဏ်ရာရစေခြင်း၊ နေအိမ်များအားဖျက်ဆီးခြင်းနှင့် ကလေး သူငယ်များမှီခိုအားထားနေရသော လူမှုအဖွဲ့အစည်း၏အခြေခံအဆောက်အဦးများအပေါ် အင်အားဆုတ်ယုတ် မှုကို ဖြစ်စေပါသည်။ ၎င်းတို့၏ မိသားစုများနှင့် ကျေးရွာများအပေါ် အန္တရာယ်ရှိသောလုပ် ဆောင်မှုများအပြင် ဗမာစစ်တပ်မှ ကလေးသူငယ်များအား သတ်ဖြတ်ခြင်း၊ ဒဏ်ရာရစေခြင်းအပြင် ၎င်းတို့မှီခိုနေရသောပညာရေး၊ ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုကွန်ယက်များကို တိုက်ခိုက်ဖျက်ဆီးပစ်ခြင်း အားဖြင့် ကလေးသူငယ်များအပေါ် ခြိမ်းခြောက်မှုများ တိုက်ရိုက်ပြုလုပ်ခဲ့ပါသည်။ ဤလုပ်ရပ်များသည် ၎င်းတို့၏စိတ်ပိုင်းဆိုင်ရာကျန်းမာချမ်းသာသုခကို လုံးဝထိခိုက်စေပါသည်။ နိုင်ငံတကာဥပဒေအောက်တွင် အထူးကာ ကွယ်မှုများကို အာမခံထားသော်လည်း ဒေသတွင်းသတ်မှတ်ထားသောကရင်ပြည်နယ်[3]ရှိ ကလေးသူငယ်များ သည် ၎င်းတို့၏ဖြစ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂုဏ်သိက္ခာတို့အပေါ် ဆက်တိုက်နှင့် တိုက်ရိုက်ခြိမ်းခြောက်မှု အန္တရာယ်များအောက် ဆက်လက်နေထိုင်နေကြရပါသည်။ မြန်မာပြည်ရှိ ပဋိပက္ခကို ဖြေရှင်းရန်အတွက် အဓိပ္ပာယ်ပြည့်ဝသော မည်သည့်ကြိုးပမ်းအားထုတ်မှုမဆိုတွင် တိုက်ရိုက်၊ ပြင်းထန်ပြီး ကလေးသူငယ်များ၏ အခွင့်အရေးများကို ကျယ်ပြန့်စွာ ချိုးဖောက်ကျူးလွန်ခြင်းတို့အား အသိအမှတ်ပြုရမည်ဖြစ်ပါသည်။ ထို့ကြောင့် ကလေးများအား ကာကွယ်ရေး၊ ၎င်းတို့အား ပြုစုစောင့်ရှောက်ရေးနှင့် အသက်ရှင်သန်နိုင်ရေးအတွက် ထောက်ပံ့ပေးနေသောစနစ်များကို အရေးကြီးဦးစားထားရာအဖြစ် သေချာစွာဆောင်ရွက်ရမည်ဖြစ်ပါသည်။
ဤအစီရင်ခံစာ၌ လက်နက်ကိုင်ပဋိပက္ခနှင့် SAC ၏ ချိုးဖောက်ကျူးလွန်မှုများသည် ကလေးသူငယ်များ၏ လုံခြုံ ရေး၊ ကိုယ်ရည်ကိုယ်သွေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မည်သည့်နည်းလမ်းများဖြင့် ချိုးဖောက်နေသည်ကို ဆန်းစစ်ဖော်ပြထားပါသည်။ ကျောင်းများ၊ ဆေးခန်းများနှင့် လူမှုအသိုက်အဝန်းနေရာများကို ဗုံးကြဲခြင်းတို့ ကြောင့် ကလေးများသည် ဘေးကင်းလုံခြုံမှုရှိသော ပတ်ဝန်းကျင်များတွင် ပညာရေး၊ ကျန်းမာရေးရရှိရန်နှင့် လေ့လာကစားနိုင်ခွင့် မရရှိကြတော့ပါ။ အသက်မွေးဝမ်းကြောင်းလုပ်ငန်းဆိုင်ရာများ ဖျက်ဆီးခံရခြင်း၊ သွားလာခွင့်ပိတ်ပင်ခံရခြင်းနှင့် မကြာခဏနေရပ်ရွေ့ပြောင်းနေထိုင်ရခြင်းတို့ကြောင့် မိသားစုများသည် အစားအစာ၊ ဆေးဝါးနှင့် နေရာထိုင်ခင်းများကိုရရှိရန်အတွက် အခက်အခဲများကို ရင်ဆိုင်နေရသည်။ ရလာဒ်အနေဖြင့် ကလေးသူငယ်များသည် တည်ငြိမ်အေးချမ်းမှုနှင့် ဘေးကင်းလုံခြုံမှုမရှိသည့် အခြေအနေများ အောက် ကြီးပြင်းလာခဲ့ကြရပါသည်။ အချို့သူများသည် ထပ်မံတိုက်ခိုက်ခံရခြင်းမှ ရှောင်ကြဉ်ရန် ကျောင်းမှထွက်ခဲ့ကြရပြီး အချို့သူများမှာ ကာကွယ်နိုင်သည့်ရောဂါများ နှင့် အသက်အန္တရာယ်ရှိစေသည့် ဆာလောင်မွတ်သိပ်မှုများကို ရင်ဆိုင်နေရကြသည်။ ထို့အပြင် ၎င်းတို့သည် အရေးတကြီးလိုအပ်နေသော ထောက်ပံ့မှုများကို အနည်းငယ်သာရရှိနေကြပါသည်။ ဤအခြေအနေများကြောင့် မိသားစုဘဝနှင့် လူမှုအသိုက်အဝန်း၏တည်ငြိမ်မှုများ ချို့ယွင်းသွားခဲ့ရပြီး ကလေးသူငယ်များသည် ကြောက်ရွံ့မှု၊ စိတ်ဒဏ်ရာနှင့် မိမိတို့အနာဂတ်အပေါ်မသေချာမှုများဖြင့် ရင်ဆိုင်နေကြရပါသည်။ တစ်ဆက်တည်းတွင် ကလေးသူငယ်များသည် ဗမာစစ်တပ်၏ သတ်ဖြတ်မှုခံရခြင်း၊ ညှဥ်းပမ်းနှိပ်စက်မှုခံရခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ခံရခြင်း၊ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် မြေမြှုပ်မိုင်းပေါက်ကွဲ ထိခိုက်ဒဏ်ရာရရှိမှု စသည့်အကြမ်း ဖက်မှုပုံစံများကို တိုက်ရိုက်ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။ SAC တပ်ဖွဲ့များမှ အသက်မပြည့် သေးသော ကလေးသူငယ်များကို စစ်တပ်ထဲသို့ အတင်းအဓမ္မစုဆောင်းခေါ်ယူခြင်းသည် ကလေးသူငယ်များကို စစ်ရေးဘက်သို့ ပိုမိုဆွဲဆောင်သွားစေပြီး ပြင်းထန်သောအန္တရာယ်များနှင့် ရင်ဆိုင်နေရစေသည်။ အခြားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU)[4] လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)[5] နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)[6] များသည်လည်း ဖမ်းဆီးခြင်း၊ မြေမြှုပ်မိုင်းများထောင်ခြင်း သို့မဟုတ် လူငယ်များကိုစစ်သားစုဆောင်း ခေါ်ယူခြင်းစသည့် ချိုးဖောက်မှုအချို့ကို ကျူးလွန်နေကြသည်ဟု တင်ပြသည့် အချက်အလက်များရှိနေပြီး ၎င်းတို့၏ကျူးလွန်သည့်အတိုင်းအတာသည် အလွန်နည်းပါးလှပါသည်။
ရှိနှင့်ပြီးသားအခက်အခဲများကို ပိုမိုဆိုးရွားစေသည့်အရာတစ်ခုမှာ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက် ဒေသများတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီ သယ်ယူပို့ဆောင်ခြင်းကို SAC မှ ကန့်သတ်တားမြစ် ထားခြင်းကြောင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် အသက်ရှင်သန်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သောအရာများ အထူးဖြင့် အစားအစာ၊ ဆေးဝါးများနှင့် ကျောင်းသုံးပစ္စည်းများ ရရှိနိုင်မှုမရှိကြ တော့ပါ။ ရလာဒ်အနေဖြင့် ကလေးသူငယ်များသည် အန္တရာယ်ရှိသောအခြေအနေဖြင့် ပို၍ရင်ဆိုင်ကြရပြီး ၎င်းတို့၏ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါသည်။ အဓိကကူညီထောက်ပံ့မှုပေးသူများအဖြစ် ဆက်လက်ဆောင်ရွက်နေသည့် ဒေသခံလူထုအခြေပြုအဖွဲ့အစည်းများသည် SAC စစ်တပ်၏လက်အောက်ရှိ ဆိုးရွားသောစိန်ခေါ်မှုများဖြစ်သည့် စစ်ဆေး ရေးဂိတ်များ၌ နှောက်ယှက်မှုခံရခြင်းနှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များကို အမြဲတစေရင်ဆိုင်ကြုံတွေ့နေရပါသည်။ ထို့ကြောင့် ၎င်းတို့ဆောင်ရွက်နေသည့်ကူညီ ထောက်ပံ့မှုများ ဆက်လက်တည်မြဲစွာရှိနေရန် နိုင်ငံတကာတာဝန်ရှိပုဂ္ဂိုလ်များထံမှ ပို၍အားကောင်းသော ထောက်ပံ့မှုကို လိုအပ်နေပါသည်။
ဤတိုက်ခိုက်မှုများကို ကြုံတွေ့နေရသော်လည်း ကလေးသူငယ်များနှင့် ၎င်းတို့၏လူမှုအသိုက်အဝန်းများသည် ထူးခြားပေါ်လွင်သော ကြံ့ကြံခံနိုင်စွမ်းကို ဆက်လက်တင်ပြကြပါသည်။ ရွာသားများသည် လျှို့ဝှက်ကျောင်း များနှင့်ပြောင်းရွေ့ဆေးခန်းများကို စီမံခန့်ခွဲကြပြီး ရှားပါးသောအရင်းအမြစ်များရှိလျှင့်ကစား အဆိုပါအရင်း အမြစ်များကိုမျှဝေကာ အပြန်အလှန်ထောက်ပံ့မှုများ ပေးခဲ့ကြပါသည်။ ကလေးသူငယ်များသည် အကြမ်းဖက်မှုကင်းဝေးသောအနာဂတ်တစ်ခုအတွက် ဆက်လက်အိပ်မက်မက်နေကြပြီး ထိုအနာဂတ်တွင် ၎င်းတို့အနေဖြင့် ပညာသင်ကြားနိုင်ခြင်း၊ ကစားနိုင်ခြင်းနှင့် ဘေးကင်းလုံခြုံမှုရှိစွာ ကြီးပြင်းနိုင်ခြင်းစသည်တို့ ပါဝင်ပါသည်။ ဖြစ်ရပ်မှန်များကို မှတ်တမ်းပြုစုခြင်းအားဖြင့် ဤအစီရင်ခံစာတွင် မြန်မာပြည်အရှေ့တောင် ပိုင်းရှိ ကလေးသူငယ်များအပေါ် SAC ၏ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်မှုများနှင့် လက်နက်ကိုင် ပဋိပက္ခတို့၏ ဆိုးကျိုးသက်ရောက်မှုများကို ဖော်ပြထားသည့်အပြင် အန္တရာယ်အလွန်များသောအခြေအနေ များကြားတွင်ရှိသည့်တိုင် ၎င်းတို့ကိုကာကွယ်ရန် လူမှုအသိုက်အဝန်းများ၏ စိတ်ပိုင်းဖြတ်မှုကိုလည်း ဖော်ပြထားပါသည်။ သက်သေခံချက်များအားလုံးတွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များသည် ချိုးဖောက်ကျူးလွန်မှုနှင့် အခြေခံလိုအပ်ချက်ချို့တဲ့မှုများအား မည်ကဲ့သို့ ကြုံတွေ့နားလည်သည့်အပေါ် အခြေအမြစ်ရှိသည့် သဘောထားတစ်ခုကိုဖော်ပြထားပါသည်။
ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ပထမနှစ်ဝက်အတွင်း ကလေးသူငယ်များအား ထိခိုက်နစ်နာစေသာ ပြဿနာများနှင့် ၎င်းတို့၏အတွေ့အကြုံများကို နားလည်သဘောပေါက်နိုင်ရန်အတွက် မိတ်ဆက်တင်ပြ ထားပြီး မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကလေးသူငယ် များအတွက် အခြေခံအခွင့်အရေးများကို ရရှိနိုင်စေရန် လိုအပ်သောအဆင့်များအကြောင်းကို နိုင်ငံတကာတာဝန်ရှိ ပုဂ္ဂိုလ်များသိရှိနိုင်ရန် အထောက်အကူဖြစ်စေ ပါသည်။ ကလေးသူငယ်များနှင့် ၎င်းတို့၏လူမှုအသိုက်အဝန်းများ၏အသံများကို ပိုမိုပေါ်လွင်အောင် ဖော်ပြခြင်းအားဖြင့် ဤအစီရင်ခံစာသည် ၎င်းတို့ကြုံတွေ့နေရသည့် အန္တရာယ် များကို မှတ်တမ်းတင်ဖော်ပြ သည့်အပြင် ဘေးကင်းလုံခြုံသောအနာဂတ်တစ်ခုအတွက် ၎င်းတို့၏ တောင်းဆိုချက်များနှင့် မျှော်မှန်းချက်များ ကိုလည်း အလေးပေးဖော်ပြထားပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိကလေးသူငယ်များကို အကာအကွယ် ပေးခြင်းသည် ပဋိပက္ခဖြေရှင်းရေးအတွက် ဒုတိယအရေးကြီးရာမဟုတ်ဘဲ စစ်မှန်၍ အဓိပ္ပယ်ပြည့်ဝသည့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတစ်ရပ်ဆီသို့ရောက်ရှိနိုင်ရန် လိုအပ်သောအဆင့်တစ်ခုဖြစ်သည်။
အဓိကရှာဖွေတွေ့ရှိချက်များ
မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသများတွင် ဗမာစစ်တပ်၏ စစ်ရေးတိုက်ခိုက်မှုများကြောင့် ကလေး သူငယ်များ ပဋိပက္ခဒဏ်ကို အများဆုံးခံစားရသည့်အဖွဲ့ ဖြစ်လာခဲ့ပါသည်။ SAC မှ ကျေးရွာများကို တိုက်ရိုက် နှင့် ခွဲခြားမှုမရှိ ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ကလေးသူငယ်များ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရမှုများ မကြာခဏဖြစ်ပေါ်လာပြီး ကလေးသူငယ်များ၏ အသက်ရှင်သန်ရေးအတွက် ၎င်းတို့ အားကိုးနေသော ပညာရေး၊ ကျန်းမာရေး နှင့် လူမှုဖူလှုံရေးစနစ်များ ပျက်စီးခြင်း သို့မဟုတ် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း KHRG အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ သတ်မှတ် ထားသည့် ကလေးသူငယ်များအပေါ် ကြီးလေးသောချိုးဖောက်မှု ခြောက်ခုအတွင်း အကျုံးဝင်သော အကြမ်းဖက် ကျူးလွန်မှုများကို မကြာခဏပြုလုပ်လေ့ရှိကြောင်း မှတ်တမ်းပြုစုခဲ့ပြီး ထိုအကြမ်းဖက်ကျူးလွန် မှု အများစုကို ဗမာစစ်တပ်မှ အဓိက ကျူးလွန်ခဲ့ခြင်းဖြစ်ပါသည်။ SAC ၏ မကြာခဏ ပြုလုပ်သောအကြမ်းဖက် မှုများသည် နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဥပဒေများကိုလည်း ချိုးဖောက်နေပြီး ၎င်းတို့ကို စစ်ရာဇဝတ်မှုများ သို့မဟုတ် လူသားမျိုးနွယ်ဆန့်ကျင်သောရာဇဝတ်မှုများအဖြစ် သတ်မှတ်နိုင်ပါသည်။
အထူးသဖြင့် SAC မှ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများအသုံးပြုခြင်းဖြင့် ကျောင်းများကို ပစ်မှတ်ထားတိုက်ခဲ့သောကြောင့် ကျောင်းသားများ၏ပညာရေးသင်ယူခွင့်ကို ပြင်းထန်စွာ အကန့်အသတ်ဖြစ်စေခဲ့ ပါသည်။ ထိုတိုက်ခိုက်မှုများကြောင့် ကလေးများသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ပြီး ကျောင်းအဆောက်အဦးများနှင့် ပစ္စည်းကိရိယာများပျက်စီးသွားကာ ကျောင်းထွက်သူများ၏ အချိုးအစားမြင့်တက်လာခဲ့ သည်။ SAC ၏ တိုက်ခိုက်မှုခံရသောကျောင်းများသည် ဒေသခံရွာသားများ သို့မဟုတ် ကရင်အုပ်ချုပ်ရေးမှ အဓိကတာဝန်ယူဆောင်ရွက်သောကျောင်းများဖြစ်သည်။ ထို့အပြင် တိုက်ခိုက်မှုများနှင့် ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်းနေထိုင်နေရမှုများနှင့် ဆင်းရဲမွှဲတေမှုများ တိုးလာခြင်းကြောင့် ကလေးသူငယ်များ၏ပညာရေးသင်ယူခွင့်ကို အဟန့်အတားဖြစ်စေခဲ့ပါသည်။
ထိုနည်းတူ၊ SAC ၏ စစ်ရေးတိုက်ခိုက်မှုများသည် ကလေးသူငယ်များ၏ ကျန်းမာရေးဝန်ဆောင်မှုများနှင့် အခြေခံအသက်ရှင်သန်ရန်လိုအပ်ရာများအပေါ် ဆိုးရွားစွာထိခိုက်စေခဲ့ပါသည်။ SAC မှ ကျေးရွာများနှင့် ကျန်းမာရေးစောင့် ရှောက်မှုပေးနေသည့်အဆောက်အဦးများကို တိုက်ခိုက်ခြင်း၊ စစ်ဆေးရေးဂိတ်များနှင့် ခရီးသွားလာမှုကန့်သတ်မှုများအပြင် SAC စီမံအုပ်ချုပ်သောကျန်းမာရေးစောင့်ရှောက်ကုသမှုစရိတ် မြင့်မားသောကြောင့် ၂၀၂၄ မှ ၂၀၂၅ အတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကလေးများအကြား ကာကွယ် နိုင်သောရောဂါများနှင့် သေဆုံးမှုများမြှင့်တက်လာခဲ့သည်။ ထိုတိုက်ခိုက်မှုများသည် အစားအစာမလုံလောက်မှု ကို မြှင့်တက်စေပြီး ကလေးများကို ဘေးကင်းလုံခြုံမှုမရှိသောနှင့် သန့်ရှင်းမှုမရှိသော နေထိုင်မှုအခြေအနေများ တွင်ရှိနေစေကာ အရေးပါသည့်ဆေးခန်းများ၊ ဆေးဝါးများနှင့် ကာကွယ်ဆေးထိုးခြင်းများကို ရရှိခွင့် ဖြတ်တောက်စေပြီး မျိုးပွားကျန်းမာရေးကာကွယ်မှု ရရှိခွင့်ကိုလည်း အကန့်အသတ်ဖြစ်စေခဲ့ပါသည်။
SAC ၏ ကျေးရွာများအပေါ် တိုက်ခိုက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကလေးသူငယ်များ၏ စိတ်ပိုင်း ဆိုင်ရာလူမှုကျန်းမာရေးအတွက် ကြီးမားသော ဆိုးကျိုးသက်ရောက်မှုရှိလာခဲ့ပါသည်။ ကလေးသူငယ် များသည် အကြမ်းဖက်မှုများကို မျက်မြင်ကိုယ်တွေ့ခဲ့ကြရပြီး ချစ်ရသောမိသားစုဝင်များ ဒဏ်ရာရသေဆုံးခြင်း၊ ၎င်းတို့မိသား စုဘဝ၏တည်ငြိမ်မှုပျက်စီးသွားခြင်း၊ ၎င်းတို့၏နေအိမ်များဆုံးရှုံးသွားရခဲ့ရခြင်းနှင့် စောင့်ရှောက်မှု ရရှိခွင့်မရှိခြင်း စသည်တို့နှင့်ကြုံတွေ့နေကြရပါသည်။ တိုက်ခိုက်မှုများဖြစ်ပွားနိုင်သောအန္တရာယ်ကြောင့် လည်း ကလေးသူငယ် များသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီကကဲ့သို့ ကစားခြင်း၊ ပညာရေးရယူခြင်းနှင့် လူမှုဆိုင်ရာပွဲများသို့ တက်ရောက်ခြင်းများပြုရန် အတားအဆီးဖြစ်စေခဲ့ပါသည်။ တိုက်ခိုက်မှုများကြောင့် ဆင်းရဲမွှဲတေမှု၊ နေရပ်ရွှေ့ပြောင်းနေထိုင်နေရမှုအပြင် ကလေးသူငယ်များအကြား မူးယစ်ဆေးဝါးအသုံးပြုမှု များ များပြားလာခဲ့ပါသည်။ ဤကဲ့သို့သောအတွေ့အကြုံများကြောင့် ကလေးသူငယ်များစွာသည် အလွန်အမင်း ကြောက်ရွံ့မှု၊ စိုးရိမ်မှုအပြင် အိပ်မပျော်ခြင်း၊ အမျက်ဒေါသထွက်ခြင်း သို့မဟုတ် စိတ်ပင်ပန်းမှုများကို ခံစားနေကြရပါသည်။
တစ်ချိန်တည်းတွင် အစီရင်ခံစာတင်ပြသည့်ကာလအတွင်း SAC ၏ တိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများ ကြောင့် ကလေးသူငယ် ရာနှင့်ချီစွာ ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ထဲတွင် ထာဝရမသန်မစွမ်းဖြစ်သွားကြသူများ၊ စိတ်ဒဏ်ရာရရှိ သူများနှင့် သေဆုံးသူများပါဝင်သည်။ ထိုတိုက်ခိုက်မှုများတွင် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ် မှုများ၊ သေနတ်ဖြင့် ပစ်ခတ်မှုများနှင့် မြေမြှုပ်မိုင်းများပေါက်ကွဲမှု ပါဝင်ပြီး ၎င်းတို့သည် အိမ်များ၊ ကျောင်းများ၊ ကျေးရွာများ၊ လယ်ယာများနှင့် ဘုရားရှိခိုးရာနေရာများတွင် ဖြစ်ပွားခဲ့သည်။ SAC မှ အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခြင်း၊ အတင်းအဓမ္မပျောက်ဆုံးစေခြင်း၊ ညှဥ်းပမ်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများ နှင့် ကလေးသူငယ်များကို အတင်းအဓမ္မစစ်သား စုဆောင်းခေါ်ယူခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။ ထို့အပြင် KNLA အပါအဝင် တခြားလက်နက်ကိုင်အဖွဲ့များမှလည်း အစီရင်ခံစာတင်ပြသည့် ကာလအတွင်း အသက်မပြည့်သေးသော ကလေးသူငယ်များကို စစ်သားအဖြစ် စုဆောင်းခေါ်ယူခဲ့ကြသည်။
ဒေသခံ လူထုအခြေပြုအဖွဲ့အစည်းများသည် ကလေးသူငယ်များ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေး ရန်အတွက် မရပ်မနားကြိုးစားဆောင်ရွက်နေသော်လည်း SAC ၏ ဆက်တိုက်တိုက်ခိုက်မှု အန္တရာယ်များနှင့် ငွေကြေးထောက်ပံ့မှုအကန့်အသတ်သာရှိခြင်းတို့ကြောင့် မိခင်များနှင့် ကလေးများသည် အသက်ရှင်သန်ရန် အတွက် လိုအပ်သောအထောက်အပံ့များမရှိ ဖြစ်နေခဲ့ကြပါသည်။ ထို့အပြင် SAC မှ လူသားချင်းစာနာထောက် ထားမှု ဆောင်ရွက်သူများကိုလည်း ခြိမ်းခြောက်မှုပြုလုပ်ခဲ့ခြင်းတို့ကြောင့် ဝေးလံခေါင်ဖျားသည့်ဒေသ၌ရှိသော အထူးအကူအညီလိုအပ်နေသူများထံသို့ အကူအညီရောက်ရှိရန် ကြီးမားသည့်အခက်အခဲကို ဖြစ်ပေါ်စေခဲ့ ပါသည်။
ဤအခြေအနေများအောက်တွင် ရွာသားများသည် ၎င်းတို့၏အသိုင်းအဝိုင်းအတွင်းရှိ ကလေးသူငယ်များကို ကာကွယ်ရန်နှင့် ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများကို ဆက်လက်ရရှိနိုင်ရေးအတွက် နည်းလမ်းအမျိုး အမျိုးတို့ကို ဆက်လက်အသုံးပြုနေကြပါသည်။ ၎င်းတို့မှ ကျောင်းများနှင့်ဆေးခန်းများကို ပြောင်းရွှေ့ခြင်း၊ ဗုံးခိုကျင်းများတူးခြင်း၊ ဆရာ၊ဆရာမများအားထောက်ပံ့ရန်နည်းလမ်းရှာခြင်း၊ ဒဏ်ရာရရှိသော ကလေးများကို နယ်စပ်ရှိဝန်ဆောင်မှု များရယူနိုင်ရန် သယ်ယူပို့ဆောင်ခြင်း၊ ကလေးများကိုအားပေးခြင်းနှင့် ဘေးကင်းလုံခြုံ သောနေရာများတွင် လူစု လူဝေးများ ကျင်းပခြင်းစသည့်နည်းလမ်းများကို အသုံးပြုနေကြပါသည်။
အကြံပြုချက်များ
ကမ္ဘာ့ကုလသမဂ္ဂ၊ အလှူရှင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ -
- မြန်မာနိုင်ငံနှင့် ပတ်သက်ဆက်ဆံမှုများအားလုံးတွင် ကလေးသူငယ်များအခြေပြု ကာကွယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ကို ဦးစားပေးဆောင်ရွက်ရန်။ ထို့အပြင် အာဏာသိမ်း စစ်တပ် သို့မဟုတ် ၎င်း၏နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် အဖွဲ့အစည်းများကို တရားဝင်အသိအမှတ် ပြုခြင်းမှ ပြတ်သားစွာ ရှောင်ကြဉ်ရန်။
- အရပ်သားများ၊ အထူးသဖြင့် ကလေးသူငယ်များကို တိုက်ခိုက်နိုင်သော အာဏာသိမ်းစစ်တပ်၏ စွမ်းအားလျော့နည်းသွားစေရန် လက်နက်နှင့်လေယာဉ်ဆီများအပေါ် လုံးဝတားမြစ်မှုများနှင့် ထိရောက်ပြီးဦး တည်မှုရှိသော ပူးပေါင်းအရေးယူမှုများကို အာဏာသိမ်းစစ်တပ်နှင့် ၎င်းနှင့်ဆက်နွယ် ပတ်သက်သူများအပေါ် ဆောင်ရွက်ရန်။
- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ဒီမိုကရေစီနည်းလမ်းမကျသော ရွေးကောက်ပွဲများကို အများပြည်သူရှေ့တွင် ပူးပေါင်းရှုတ်ချကြောင်း ထုတ်ဖော်ကြေညာရန်။ ထိုရွေးကောက်ပွဲများသည် အာဏာသိမ်းစစ်တပ်၏ တရားမဝင်အုပ်ချုပ်မှုကို တည်မြဲစေလိုသော ရည်ရွယ်ချက်သာဖြစ်ပြီး ပြည်သူများ၏ သဘောဆန္ဒမပါဝင် ကြောင်း အလေးပေးဖော်ပြရန်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း စစ်မှန်သောဒီမိုကရေစီကိုသာ ထောက်ခံ ကြောင်း ထပ်မံအတည်ပြုရန်။
- မြန်မာနိုင်ငံအတွက် ချိန်ဆညှိ၍ရနိုင်သော ငွေကြေးထောက်ပံ့မှုကို ထိန်းသိမ်းပြီး အရေးပေါ်အနေဖြင့် တိုးမြှင့်ပေးရန်။ ဖြစ်ပေါ်နေသော လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်းအပေါ် ဆင်ခြင် သုံးသပ်ခြင်းအားဖြင့် ပဋိပက္ခကြောင့် ဆိုးကျိုးသက်ရောက်မှုကြုံတွေ့ရသူများ၊ ထွက်ပြေးတိမ်းရှောင် နေကြရသူများ အထူးသဖြင့် ကလေးသူငယ်များအတွက် လိုအပ်သောကာကွယ်မှု၊ ဝန်ဆောင်မှုများနှင့် အသက်ကယ်ဆယ်ရေး အထောက်အပံ့များရရှိကြောင်း သေချာစေရန်။
- ပဋိပက္ခဒဏ်ခံစားနေရသူများနှင့် ထွက်ပြေးတိမ်းရှောင်နေသူ ကလေးသူငယ်များအတွက် နယ်စပ်ဖြတ် ကျော်နှင့် လူထုအခြေပြုအဖွဲ့အစည်းများ (CBOs) မှ ဦးစီး စီစဥ်ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှု များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ အစာအာဟာရ၊ နေရာထိုင်ခင်းနှင့် စိတ်ကျန်းမာရေးအစီအစဉ်များ အတွက် ရေရှည်ထောက်ပံ့မှုကို ဦးစားပေးဆောင်ရွက်ရန်။
- ကလေးသူငယ်များအတွက် အမှန်တကယ် အကျိုးကျေးဇူးများ ရရှိနိုင်မှုအပေါ် အကူအညီများနှင့် သံတမန် ဆိုင်ရာဆက်ဆံရေးများကို အခြေခံရန်နှင့် ထောက်ပံ့မှုများကို အာဏာသိမ်းစစ်တပ်ထံသို့ ရောက်ရှိခြင်းမရှိ ရန် သေချာစွာဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုအတွက် အာမခံပေးခြင်း နှင့် အကျိုးအမြတ်အဖြစ် အသုံးချခြင်းနှင့် အန္တရာယ် ကာကွယ်နိုင်ရေးကို အာမခံရန်။
- စာသင်ကျောင်းများနှင့် ဆေးခန်းများပေါ် တိုက်ခိုက်ခြင်း ကလေးစစ်သားခေါ်ယူစုဆောင်းခြင်း၊ ကူညီ ထောက်ပံ့မှုများကို ငြင်းပယ်ခြင်းအပါအဝင် ကလေးသူငယ်များအပေါ် ပြင်းထန်သောချိုးဖောက်ကျူး လွန်မှုများကို စောင့်ကြည့်ပြီး အများပြည်သူထံသို့တင်ပြနိုင်ရန် ဒေသခံ လူထုအခြေပြုအဖွဲ့အစည်း များနှင့်ပူးပေါင်းဆောင်ရွက်ရန်။
- အာဏာသိမ်းစစ်တပ်၏ အတင်းအဓမ္မစစ်သားစုဆောင်းမှုများနှင့် လူအစုလိုက်အပြုံလိုက် နေရပ် ရွှေ့ ပြောင်းနေထိုင်နေမှုများကို ပြန်လည်ပို့ဆောင်ခြင်းမပြုရန်မူဝါဒကို တင်းကျပ်စွာလိုက်နာဆောင်ရွက် ရန်နှင့် ပဋိပက္ခကြောင့်ထွက်ပြေးတိမ်းရှောင်နေရသောကလေးသူငယ်များနှင့် မိသားစုများအတွက် ကာကွယ်ပေးကြောင်း သေချာစေရန်။
- ဒုက္ခသည်များနှင့် ထွက်ပြေးတိမ်းရှောင်နေသော ကလေးသူငယ်များအား နိုင်ငံမဲ့ခြင်းနှင့် အသိအမှတ် ပြုမခံရခြင်းတို့မှ တားဆီးကာကွယ်နိုင်ရန် ပညာရေးရရှိနိုင်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ခွင့်နှင့် မွေးစရင်းမှတ်ပုံတင်ခွင့် ရရှိနိုင်ခြင်းတို့အတွက် အာမခံပေးရန်။
- နိုင်ငံတကာတရားစီရင်ရေးစနစ်များ၊ နိုင်ငံတာကာတရားစွဲခွင့်နှင့် ကလေးသူငယ်များအပေါ် ထိခိုက်မှုများကို စုံစမ်းစစ်ဆေးနိုင်သော လုပ်ငန်းစဉ်များအားဖြင့် တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ ကို ထောက်ပံ့ရန်။
- မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လူ့အခွင့်ရေးချိုးဖောက်ကျူးလွန်မှုအခြေအနေ အား နိုင်ငံတာရာဇဝတ်တရားရုံး (ICC) အပိုဒ် ၁၃ (က) အောက် အရေးတယူဆောင်ရွက်ရန်၊ အပိုဒ် ၁၃ (ခ) အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ လွှဲပြောင်းညွှန်ပြနိုင်ရေးအတွက် သံတမန်ဆိုင်ရာဖိအားပေး ဆောင်ရွက်ရန်နှင့် ကလေးသူငယ်များအပေါ်ထိခိုက်မှုများကို စုံစမ်းစစ်ဆေးခြင်း၊ သက်သေအထောက် အထားများစုဆောင်းခြင်း၊ သက်သေများအားကာကွယ်ခြင်းနှင့် ကျူးလွန်ခံရသူများ၏ အဓိပ္ပယ်ပြည့်ဝ သောပါဝင်ခြင်းတို့အတွက် နိုင်ငံရေးနှင့် ငွေကြေးအရ အထောက်အပံ့များပေးရန်။
နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) အပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေး ဆောင်ရွက်နေသူများထံသို့ -
- မရှိမဖြစ်လိုအပ်သော ကျန်းမာရေး၊ အစာအာဟာရနှင့် စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို နယ်စပ်ဖြတ် ကျော်ပို့ဆောင်ခြင်းနှင့် ရွှေ့ပြောင်းပို့ဆောင်ခြင်းဖြင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသခံများအားလုံးထံ သို့ ရောက်ရှိစေရန် ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများအတွက် ရရှိနိုင်သော ထောက်ပံ့မှုများ ကိုတိုးချဲ့ပေးရန်။
- စာသင်ကျောင်းအဆောက်အဦးများ ပြန်လည်တည်ဆောက်ခြင်းနှင့် သင်ကြားရေးပစ္စည်းများပေးခြင်း တို့ကို အဓိကထားဆောင်ရွက်ခြင်းအားဖြင့် အရေးပေါ်အခြေအနေများအတွင်း ပညာရေးကိုထောက်ပံ့ မှုတိုးမြှင့်ပေးရန်နှင့် ပဋိပက္ခနှင့် နေရပ်ရွှေ့ပြောင်းနေထိုင်နေရခြင်းရှိနေသော်လည်း ကလေးသူငယ် များ ပညာဆက်လက်ဆည်းပူးနိုင်ရန်အတွက် ပညာသင်ဆုများပေးအပ်ရန်။
- ဆယ်ကျော်သက်အရွယ်ကလေးများ၏ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု မှ ကာကွယ်ပေးရေးများကို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ အသိပညာပေးသည့်ချဉ်းကပ်မှုမှတစ်ဆင့် အရေးတကြီး ကိုင်တွယ်ဆောင်ရွက်ပေးရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်စိတ်ဒဏ်ရာများကို ကြုံတွေ့ခံ စားရသောကလေးများ ပို၍ကောင်းမွန်သောကူညီပံ့ပိုးမှုများရရှိရန်အတွက် လူ့သားချင်း စာနာထောက် ထားမှုဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်နေသောဒေသခံလူထုအဖွဲ့အစည်းများနှင့် အရေးပေါ်ကူညီဆောင်ရွက်ပေးနေသူများ၏စွမ်းဆောင်ရည်များအားမြင့်တင်ရန်လိုအပ်သောရန်ပုံငွေများ တိုးမြင့်ပေးရန်။
- ထိုင်းနိုင်ငံအခြေစိုက်သည့်ကလေးအခွင့်အရေးလှုပ်ရှားသူများအပါအဝင် အထူးသဖြင့် မြန်မာပြည် အရှေ့တောင်ပိုင်းမှ နေရပ်စွန့်ခွာရသော ကလေးသူငယ်များနှင့်ပြည်သူလူထုများ မှီခိုအားထားရသည့် နယ်စပ်ဒေသရှိစာသင်ကျောင်းများနှင့်ဆေးပေးခန်းများကို ကူညီထောက်ပံ့မှုများပေးရန်။
နိုင်ငံတကာ တရားစီရင်ရေးယန္တရားများနှင့် အမျိုးသားရှေ့နေများအပါအဝင် သက်ဆိုင်ရာတာဝန်ခံ၊ တာဝန်ရှိသူ များထံသို့ -
- မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ကလေးအခွင့်အရေးချိုးဖောက်မှုများဆိုင်ရာသက်သေအထောက် အထားများကိုမှတ်တမ်းပြုစုပြီး ကာကွယ်ပေးနေသော ဒေသခံမိတ်ဖက်အဖွဲ့အစည်းများကို ပံ့ပိုးပေးခြင်း ဖြင့် တာဝန်ခံမှုရှိသောယန္တရားများကို ပိုမိုအားကောင်းလာစေရန်။
- ပြစ်ဒဏ်ကင်းလွတ်ခွင့်အား တားဆီးရန်အတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေသော မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များအားလုံးကို တာဝန်ခံမှုရှိစေရန်နှင့် စုံစမ်းစစ်ဆေးခြင်းများ လုပ်ဆောင်နေစဉ်တွင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) နှင့် ကလေးသူငယ် များကာကွယ်စောင့်ရှောက်ရေးစံချိန်၊စံနှုန်းများအား အကောင်အထည်ဖော်ဆောင်နေသော KNU အတွက် စွမ်းရည်မြှင့်တင် ပေးခြင်းနှင့် ၎င်းတို့၏လုပ်ငန်းများကို လွတ်လပ်စွာလေ့လာစောင့်ကြည့် နေသည့်ယန္တရားများကို ကူညီပံ့ပိုးပေးရန်။
- မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားနေသောရာဇဝတ်မှုများကို နိုင်ငံတကာစုံစမ်းစစ်ဆေးမှုများ အ တွင်း ပါဝင်လာစေရန်အတွက် စုံစမ်းစစ်ဆေးမှုနယ်ပယ်အား ကျယ်ပြန့်အောင်လုပ်ဆောင်ရန်နှင့် ထိခိုက် နစ်နာရသောတိုင်းရင်းသားလူထုများအားလုံးပါဝင်ခြင်းနှင့် ၎င်းတို့အားအပြည့်အဝအသိ အမှတ်ပြု၍ အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးနှင့်အခြားတည်ရှိနေသော တရားဥပဒေလမ်းကြောင်း များမှတစ်ဆင့် တာဝန်ခံ၊ တာဝန်ယူမှုရှိစေအောင် ဖော်ဆောင်ပေးရန်။
- စုံစမ်းစစ်ဆေးမှုများနှင့် တရားဥပဒေအရ အရေးယူဆောင်ရွက်ရာတွင် ကလေးသူငယ်များအပေါ် အလေး ထားမှုရှိစေရန်၊ အသက်ရှင်ကျန်ရစ်သူများ၏ဘေးကင်းလုံခြုံရေး၊ ၎င်းတို့၏ဂုဏ်သိက္ခာနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုကာကွယ်ရန်အတွက် သေချာလုပ်ဆောင်ပေးရန်။
- ထိခိုက်နစ်နာရသောကလေးများနှင့်မိသားစုဝင်များအတွက် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုနှင့်စားဝတ်နေရေးများအား လက်လှမ်းမီရရှိရန် ဆောင်ရွက်ပေးရာတွင် ဒေသခံအရပ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြန်လည်ထူထောင်ရေးမူဝါဒများကို ရေးဆွဲချမှတ် ရန်။
လူထုအခြေပြုအဖွဲ့အစည်းများ (CBO) နှင့် တိုင်းရင်းသားဝန်ဆောင်မှုပေးသူများထံသို့ -
- နည်းပညာပံ့ပိုးမှု၊ အသိပညာပေးသင်တန်းများ၊ အမှုဖြစ်စဉ်များအား မှန်ကန်တိကျစွာ လွှဲပြောင်းသည့် လမ်းကြောင်းများမှတစ်ဆင့် လူထုအပေါ်အခြေပြု၍ ကလေးသူငယ်များအား ကာကွယ်ပေးသည့် ကွန်ရက်များ အားကောင်းလာစေရန်နှင့် စောင့်ကြည့်လေ့လာခြင်းနှင့်တာဝန်ခံမှုယန္တရားများ ခိုင်မာလာစေရန်။
- ဒေသတွင်းသတ်မှတ်ထားသော ကရင်ပြည်နယ်ရှိ ခရိုင်များအားလုံးတွင်နေထိုင်ကြသော ထိခိုက်နစ် နာရသည့်ကလေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လှုပ်ရှားနေသော မတူကွဲပြားသည့်ဝန်ဆောင်မှုပေးသူများအကြား ညှိနှိုင်းဆောင်ရွက်ပူးပေါင်းမှုများကို ဆက်လက် မြှင့်တင်ရန်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ခေါင်းဆောင်များသို့ -
- ကလေးစစ်သားများ စုဆောင်းခြင်းနှင့်အသုံးပြုခြင်းကို အဆုံးသတ်ပေးနိုင်ရန်အတွက် တည်ဆဲဥပဒေ များ နှင့်မူဝါဒများ အားကောင်းလာအောင်လုပ်ဆောင်ပေးရန်နှင့် ကလေးစစ်သားများအနေဖြင့် ၎င်းတို့၏တပ်ရင်း၊ တပ်ဖွဲ့မှ နုတ်ထွက်ခိုင်းစေခြင်း၊ လွတ်ပေးစေခြင်း၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်း ရေးအတွက် ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိသောလုပ်ငန်းစဉ်များ သေချာစွာဆောင်ရွက်ပေးရန်။
- ကလေးများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနေသော ဒေသခံအဖွဲ့အစည်း များနှင့်လူထုများကို ဘေးကင်းလုံခြုံမှုပေး၍ အတားအဆီးမရှိဘဲ ဝင်ရောက်ခွင့်ပေးရန်၊ အကူအညီလို အပ်နေသူများထံသို့ ကူညီထောက်ပံ့မှုများရောက်ရှိအောင် သေချာဆောင်ရွက်ပေးရန်နှင့် ကလေးများ ကို ဗဟိုပြုထား၍ ဆေးဖက်ဆိုင်ရာဝန်ဆောင်မှု၊ အာဟာရရရှိရေးနှင့်ပညာရေးဝန်ဆောင်မှုများကို ဦးစားပေးရန်။
- နိုင်ငံရေး၊ စစ်ရေး သို့မဟုတ် အခြားသောအရေးများအားလုံးထက် ကလေးများအတွက် အကောင်းဆုံး ဖြစ်စေသောအကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်ရန်။
- လက်နက်ကိုင်တပ်ဖွဲ့များအားလုံးအနေဖြင့် စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဘာသာရေး ဆိုင်ရာနေရာများနှင့်အခြားသောရပ်ရွာအဆောက်အဦးများကို စစ်ရေးရည်ရွယ်ချက်များအတွက် အသုံးပြုခြင်းအားရှောင်ကျဥ်ရန်အတွက် တင်းတင်းကြပ်ကြပ် သေချာဆောင်ရွက်ပေးရန်။
- လွတ်လပ်စွာကစားခွင့်၊ အနားယူခွင့်၊ ပညာသင်ကြားခွင့်နှင့် ဘေးကင်းလုံခြုံသော လူမှုဘဝပိုင်ဆိုင်ခွင့် အစရှိသောကလေးသူငယ်များ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပြီး မြှင့်တင်ပေးရန်၊ ၎င်းအပြင် ဥပဒေမူဝါဒများရေးဆွဲရာတွင်ဖြစ်စေ၊ ရန်ပုံငွေနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံဆောင်ရွက် ရာတွင်ဖြစ်စေ ကလေးများ၏အခွင့်အရေးများကို ဦးစားပေး၍ ထည့်သွင်းစဉ်းစားပေးရန်။
အစီရင်ခံစာပြုစုပုံနည်းစနစ်
စစ်ပဋိပက္ခကာလအတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသများတွင်နေထိုင်ကြသော ကလေးသူ ငယ်များကြုံတွေ့ရသည့်အခက်အခဲစိန်ခေါ်မှုများကို ပိုမိုသိရှိနားလည်ရန်အတွက် KHRG သည် ၂၀၂၅ ခုနှစ်၊ မေလ နှင့်ဇွန်လတွင် ကလေးများ၊ မိဘပြည်သူများ၊ ရပ်ရွာအကျိုးလုပ်ဆောင်သူများ (၉၃) ဦးကိုတွေ့ဆုံမေးမြန်းခဲ့ပါသည်။ ဤတွေ့ဆုံမေးမြန်းမှုများတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ ဒေသတွင်းသတ်မှတ်ထား သောကရင်ပြည်နယ်ရှိ ကလေးသူငယ်များ၏ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလှုံရေးနှင့်အကာအကွယ်ပေးရေးဆိုင်ရာ အခွင့်အရေးများနှင့်ဆိုင်သောအခြေအနေကို လေ့လာဆန်းစစ် ထားပါသည်။ KHRG တွေ့ဆုံမေးမြန်းခဲ့သည့် အရွယ်ရောက်ပြီးသော လူကြီး (၅၄) ဦးထဲတွင် အမျိုးသား (၁၉) ဦးနှင့် အမျိုးသမီး (၃၅) ဦးပါဝင်ပါသည်။ ထိုနည်းတူ တွေ့ဆုံမေးမြန်းသည့် အရွယ်မရောက်သေးသော ကလေး (၃၉) ဦးထဲတွင် ယောင်္ကျားလေး (၁၈) ဦးနှင့်မိန်းကလေး (၂၁) ဦးပါဝင်ပါသည်။ ဤတွေ့ဆုံမေးမြန်းမှုထဲတွင် KHRG ဝန်ထမ်းများမှ ပြင်ဆင်ထားသည့် မေးခွန်းများနှင့် ပြင်လွယ်ပြောင်းလွယ်စေရန် ပုံစံချထားသည့်မေးခွန်း များ (semi-structured interviews) ကို အသုံးပြု၍ တွေ့ဆုံမေးမြန်းမှုခဲ့ပါသည်။ KHRG လေ့ကျင့်သင်ကြားပေးသောဒေသခံအဖွဲ့ဝင်များဖြစ်သည့် KHRG သတင်းစုဆောင်းသူများမှ အဆိုပါတွေ့ဆုံ မေးမြန်းမှုများကိုပြုလုပ်၍ ဒေသတွင်း ကလေးသူငယ်များ ကြုံတွေ့ရသောအခက်အခဲစိန်ခေါ်မှုများကို မှတ်တမ်းပြုစုခဲ့ခြင်းဖြစ်သည်။[7] အစီရင်ခံစာ၏ရည်ရွယ်ချက်ကို တွေ့ဆုံမေးမြန်းခဲ့သည့်သူအားလုံးအား အသိပေးထားပြီး ၎င်းတို့၏အချက် အလက် များကို အသုံးပြုရန်ခွင့်ပြုချက်ရယူပြီးဖြစ်သည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ မေလတွင် KHRG သည် မူတြော်ခရိုင်နှင့်ဒူးပလာယာခရိုင်တို့တွင် ကလေးများနှင့်အတူ အဖွဲ့လိုက်ဆွေးနွေးပွဲ (၅)ခုကိုလည်း ပြုလုပ်ခဲ့ပါသည်။
ဤတွေ့ဆုံမေးမြန်းမှုများကို KHRG လှုပ်ရှားရာနယ်မြေများ ခရိုင် (၇) ခုစလုံးတွင် ပြုလုပ်ခဲ့ပါသည်။ ထိုသို့လုပ် ဆောင်ရာ၌ မြေပြင်အခြေအနေတွင် လုံခြုံရေးအန္တရာယ်များနှင့်ကြုံတွေ့ရသောကြောင့် ဤအစီရင်ခံစာ အတွက် သုတေသနပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုများသည် ခရိုင်များအားလုံးကို အချိုးတူစွာကိုယ်စားပြု နိုင်ခြင်း မရှိပါ။ KHRG အနေဖြင့် ဒူးသထူ (သထုံ)ခရိုင်တွင် တွေ့ဆုံမေးမြန်းမှု (၁၁) ခု၊ တောအူး (တောင်ငူ) ခရိုင်တွင် တွေ့ဆုံမေးမြန်းမှု (၁၄) ခု၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်တွင် တွေ့ဆုံမေးမြန်းမှု (၇) ခု၊ မြိတ်-ထားဝယ်ခရိုင်တွင် တွေ့ဆုံမေးမြန်းမှု (၆) ခု၊ မူတြော် (ဖာပွန်) ခရိုင်တွင် တွေ့ဆုံမေးမြန်းမှု (၃၂) ခု၊ ဒူးပလာယာခရိုင်တွင် တွေ့ဆုံမေးမြန်းမှု (၁၇) ခုနှင့်ဘားအံခရိုင်တွင် တွေ့ဆုံမေးမြန်းမှု (၆) ခုပြုလုပ်နိုင်ခဲ့ပါ သည်။[8] ဤခရိုင်များ၏အမည်နာမများကို ကျေးလက်နေရွာသားများ နှင့် ဒေသခံကရင်အဖွဲ့အစည်း အများစုက ခေါ်ဝေါ်သုံးနှုန်းကြပါသည်။ KHRG အနေဖြင့် ဤခရိုင်များ၏အမည် များကိုခေါ်ဝေါ်သုံးနှုန်းခြင်းသည် နိုင်ငံရေးအယူအဆနှင့်မသက်ဆိုင်ပါကြောင်း ရှင်းလင်းလိုပါသည်။
ဤအစီရင်ခံစာအတွက် လေ့လာသုံးသပ်ချက်များပို၍ပြုလုပ်နိုင်ရန် KHRG သည် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များအတွင်း ကလေးသူငယ်များအပေါ် ထိခိုက်နစ်နာသောအခြေအနေများပါရှိသည့် ယခင်ကရွာသားများ နှင့်ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှု (၁၅၇) ကိုလည်း ပြန်လည်ကြည့်ရှု၍ လိုအပ်သောအချက်အလက်များကို ထည့်သွင်းရေးသားထားပါ သည်။ ထို့အပြင် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များအတွင်း ဒေသခံအဖွဲ့ဝင်များမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းပြုစု၍ ပေးပို့လာသော မြေပြင်အစီရင်ခံစာ (၇၆) စောင်ကိုဖတ်ရှု ပြီး ဤအစီရင်ခံစာထဲတွင် ထည့်သွင်းဖော်ပြထားပါသည်။ ထိုမြေပြင်အစီရင်ခံစာများတွင် မှုခင်းဖော်ပြသည့် မှတ်တမ်းလွှာ၊ နောက်ဆုံးရဒေသတွင်းသတင်းတိုနှင့် ဒေသတွင်းနောက်ဆုံးရအခြေအနေတင်ပြချက် များပါဝင်သည်။
နောက်ဆုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ကရင်ပြည်နယ်တွင် လူမှုရေးရာဝန်ဆောင်မှု ပေးသူများ၊ ဒေသခံအဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ တွေ့ဆုံမေးမြန်းမှု (၄) ခုပြုလုပ်ခဲ့ပါသည်။ ထိုအဖွဲ့အစည်း များသည် ပြည်တွင်းနေရပ်စွန့်ခွာရသူကရင်ပြည်သူများဆိုင်ရာကော်မတီ (CIDKP)၊ ကရင်အမျိုးသမီးအစည်း အရုံး (KWO)၊ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) နှင့် ကရင်ကျန်းမာရေးနှင့်လူမှုကယ်ဆယ်ရေးဌာန (KDHW) တို့ဖြစ်သည်။ ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ကိုယ်စားလှယ်တစ်ဦးကိုလည်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဤအစီရင်ခံစာတွင်ပါဝင်သည့်တစ်ချို့သုတေသနသည် အကန့်အသတ်များရှိပါသည်။ KHRG သတင်းမှတ် တမ်းခြင်းဆိုင်ရာမူဘောင်သည် မြန်မာပြည်အရှေ့တောင်ပိုင်းမှ ကျေးလက်ဒေသများရှိ ရွာသားများ၏အခြေအ နေများကိုသာအဓိကထား၍ မှတ်တမ်းပြုစုပါသည်။ သို့ဖြစ်ပါ၍ SAC အုပ်ချုပ်သောမြို့ပြဒေသများရှိ ကလေးများကြုံတွေ့ရသောအခက်အခဲစိန်ခေါ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်မှတ်တမ်းပြုစုထားခြင်းမရှိပါ။ ထို့အပြင် ဤအစီရင်ခံစာတွင် ကလေးလူကုန်ကူးမှု သို့မဟုတ် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ပြဿနာများကို ဖော်ပြထားခြင်းမရှိပါ။ ထို့အတူ ဤအစီရင်ခံစာတွင်ဖော်ပြထားသော စစ်ပဋိပက္ခနှင့် ဆက်စပ်၍ ကလေးသူငယ်များ နှင့်ရပ်ရွာလူထုအား အကြမ်းဖက်တိုက်ခိုက်သည့်ဖြစ်စဉ်အရေအတွက် များသည် မြေပြင်အခြေအနေနှင့်အများကြီးကွာခြားမှု ရှိပါသည်။ အကြောင်းမှာ ဒေသခံလူထုများအနေဖြင့် သတင်းမှတ်တမ်းပြုစုရာတွင်ဖြစ်စေ၊ သတင်းမှန်တင်ပြရာတွင်ဖြစ်စေ အခက်အခဲစိန်ခေါ်မှုများရှိနေပါသည်။တွေ့ဆုံမေးမြန်းခဲ့သည့်သူများနှင့်ရွာသားများ၏လုံခြုံရေးအတွက် ၎င်းတို့၏နာမည်များနှင့်ရပ်ရွာအမည်များကို အက္ခရာ တစ်လုံး သို့မဟုတ် နှစ်လုံးဖြင့်အစားထိုးအသုံး၍ဆင်ဆာဖြတ်ထားပါသည်။ ဤသို့ဆင်ဆာဖြတ်ထား ပြီး အသုံးပြုသည့်စကားရပ်များသည် အမည်နာမအစစ်အမှန်များနှင့် ဆက်စပ်အသုံးပြုခြင်းမရှိသကဲ့သို့ KHRG ၏ယခင်အစီရင်ခံစာများတွင် အသုံးပြုခဲ့သောစကားလုံးများနှင့်လည်းသက်ဆိုင်မှုမရှိပါ။ ဤကဲ့သို့ ဆင်ဆာဖြတ်တောက်ထားသည့်အမည်နာမများနှင့် နေရာများ၏အမည်အစစ်အမှန်များကို KHRG ၏ဖိုင်ထဲ တွင် သိမ်းဆည်းထားပါသည်။
Footnotes:
[1] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အစိုးရ၏အုပ် ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။ ဤအစိုးရအဖွဲ့ကိုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တပ်မတော်အစိုးရအရာရှိရှစ်ဦးနှင့် အရပ်သားရှစ်ဦးတို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ဥက္ကဌမှ မြန်မာနိုင်ငံအစိုးရ၏အကြီးအကဲအဖြစ်သော် လည်းကောင်း၊ မြန်မာနိုင်ငံ၏ စစ်ဘက်ဆိုင်ရာဝန်ကြီးအဖွဲ့ကိုသော်လည်းကောင်း ဦးစီးဦးဆောင်မှုပြုသည်။ မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် SAC ၏ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်အစိုးရက နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် (SSPC) ဟု အမည်ပြောင်းလဲခဲ့သည်။
[2] ဗမာစစ်တပ်၊ ဗမာတပ်မတော်၊ တပ်မတော်နှင့် SAC (နစက/စစ်ကောင်စီ)သည် ဤအစီရင်ခံစာတွင် ဗမာတို့၏ လက်နက်ကိုင်တပ်ဖွဲ့ များကိုရည်ညွှန်းရန်အတွက် ဤအစီရင်ခံစာတလျှောက်တွင် အပြန်အလှန်ပြောင်းလဲအသုံးပြုထားသည်။ ရွာသားများကိုယ်တိုင်က ဗမာစစ်တပ်၊ ဗမာစစ်သားများ သို့မဟုတ် အာဏာသိမ်းပြီးနောက် ဗမာစစ်အစိုးရမှ ကိုယ်တိုင်ပြောင်းလဲခေါ်ဆိုခဲ့သော နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (နစက - SAC) သုံးနှုန်းခဲ့သည်။
[3] ဒေသတွင်းသတ်မှတ်ထားသည့်ကရင်ပြည်နယ်တွင် အောက်ပါနေရာဒေသများဖြစ်သည့် မြန်မာပြည်အရှေ့တောင်ပိုင်းမှ ကရင် ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး၏အစိတ်အပိုင်းများပါဝင်သည်။ ကရင်ပြည်နယ်သည် မြန်မာပြည်အရှေ့ တောင်ပိုင်းတွင်တည်ရှိပြီး တိုင်းရင်းသားကရင်လူမျိုးများမှအဓိကအားဖြင့်မှီတင်းနေထိုင်ကြသည်။ ကရင်လူမျိုးအများစုသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသအများစုတွင် အခြားတိုင်းရင်းသားများဖြစ်သည့် ဗမာ၊ ရှမ်း၊ မွန်၊ ပအို့ဝ်အပါအဝင် တိုင်းရင်းသားလူမျိုးစုများနှင့်အတူနေထိုင်ခဲ့ကြသည်။
[4] ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ - KNU) သည် အဓိက ကရင်နိုင်ငံရေး အဖွဲ့အစည်းဖြစ်သည်။ ၎င်းအား ၁၉၄၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၄၉ ခုနှစ်မှစတင်၍ ဗမာအစိုးရနှင့် ပဋိပက္ခပဲ လိုခဲ့သည်။ KNU သည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ နေရာဒေသကြီးများတွင် အာဏာစွဲကိုင်နိုင်ခဲ့ပြီး ၁၉၇၆ ခုနှစ်မှစတင်၍ ဒီမိုကရေစီဖက်ဒရယ်စနစ်တည်ဆောက်ရေးအတွက် တောင်းဆိုခဲ့သည်။ ၎င်းသည် ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်စာချုပ်အား လက်မှတ်ထိုးခဲ့ သော်လည်း ၂၀၂၁ ခုနှစ် မြန်မာ့တပ်မတော်မှ အာဏာသိမ်းပြီးနောက် KNU သည် NCA ပျက်ပြယ်သွားပြီဟု တရားဝင်ထုတ်ပြန်ခဲ့သည်။
[5] ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
[6] ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သည် လက်နက်ကိုင်တောင်လှန်ရေးတစ်ခုဖြစ်ပြီး နိုင်ငံအနှံ့အပြားတွင် လွှတ်လပ်စွာဖွဲ့စည်း တည်ထောင်ထားသည့် ဒေသခံပြည်သူ့စစ်များဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းခြင်းနှင့် စစ်အာဏာရှင်၏ဆက်တိုက်ရက်စက်ကြမ်းကြုပ်သော အကြမ်းဖက်လုပ်ရပ်များကြောင့် ထိုအဖွဲ့၏အများစုသည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဟုအခိုင်အမာဆိုထားသည့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နှင့် စတင်ပူးပေါင်းဆောင်ရွက်လာကြပြီး ၂၀၂၁ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် NUG မှ အနာဂတ်ဖက်ဒရယ်အတွက်ရှေးရှုရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များအား တရားဝင်သတ်မှတ်ပေးခဲ့သည်။
[7] KHRG ၏ သတင်းအချက်အလက်မှတ်တမ်းပြုစုပုံအပြည့်အစုံနှင့် အစီရင်ခံစာရေးသားမှုနည်းလမ်းများကို စာဖတ်သူများ သိရှိလိုပါက KHRG ထံသို့ ခွင့်တောင်းရယူနိုင်ပါသည်။
[8] ရှင်းလင်းချက်အနေဖြင့် ဤခရိုင်များအတွက် ဗမာအသုံးအနှုန်းများကို ကွင်းထဲတွင် ထည့်သွင်းထားသော်လည်းမြန်မာ အစိုးရ၏ စီမံအုပ်ချုပ်မှု နယ်မြေများနှင့် ဆက်စပ်ခြင်းမရှိပါ။
