၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာစစ် တပ်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအ ပေါ် တိုက်ခိုက်မှုများအား ပြင်းပြင်းထန်ထန် လုပ်ဆောင်လာသည့်အတွက် ရေရှည်ကြိမ်ဖန်များစွာ ထွက်ပြေးတိမ်း ရှောင်ရမှုများကို ဖြစ်ပေါ်လာစေသည်။ ဤသို့ခွဲခြားခြင်းမရှိ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့်ရွာသားများ အထူးသဖြင့် အမျိုးသမီးများနှင့် ၎င်းတို့၏ကလေးများအရေအတွက်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ ၃၃၀,၀၀၀ ကျော်သာရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်တွင် ၃.၇၅ သန်းအထိ မြင့်တက်လာခဲ့သည်။ ဒေသတွင်းသတ်မှတ်ထားသည့်ကရင်ပြည်နယ်တွင်လည်း ထိုသို့ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ အရေအတွက်မှာ ၂၀၂၂ ခုနှစ် အစောပိုင်းတွင် ၁၄၄,၀၀၀ ကျော်သာ ရှိသော်လည်း ၂၀၂၆ ခုနှစ်၊ မေလတွင် ၁.၂ သန်းကျော်ထိမြင့်တက်လာခဲ့သည်။

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့်လက်နက်ကိုင်တိုက်ပွဲများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ထပ်ခါတလဲလဲကျူးလွန်နေသည့်အခြေအနေထဲတွင်နေထိုင်နေကြသည့် နေရပ်စွန့်ခွာတိမ်းရှောင်သူအမျိုးသမီးများ၏သက်သေခံချက်များက စစ်ဘေးရှောင်နေရမှုသည် တစ်ကြိမ်တစ်ခါသာဖြစ်ပွားခြင်းမဟုတ်ပဲ မလုံခြုံမှုများအား အဆက်မပြတ်ခံစားရစေသောအခြေအနေဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြလျက်ရှိသည်။ စစ်ဘေးရှောင်နေခြင်းသည် လုံခြုံသောရပ်ဝန်းသို့ ရွှေ့ပြောင်းနေထိုင်ခြင်းဟု နားလည်နိုင်သော်လည်း KHRG မှရရှိထားသောအချက်အလက်များအရ စစ်ဘေးရှောင်နေမှု၏တစ်ဖက်တွင် ပိုမိုရှုပ်ထွေးသောအခြေအနေများရှိကြောင်းကို ဖော်ပြလျက်ရှိသည်။ နေအိမ်မှထွက်ပြေးတိမ်းရှောင်နေရသောအမျိုးသမီးများအများစုသည် လုံခြုံသည့်နေရာသို့ရောက်ရှိခြင်းမဟုတ်ပဲ အခြားပုံစံမတူသောအန္တရာယ်မကင်းသည့် ပတ်ဝန်းကျင်တစ်ခုသို့ရောက်ရှိသွားခြင်းသာဖြစ်သည်။ နေအိမ်အတည်တကျမရှိခြင်းနှင့် စိတ်ချရသည့်ဝန်ဆောင်မှုများအားလက်လှမ်းမမီခြင်း၊ အခါအားလျော်စွာ သို့မဟုတ် ကြိမ်ဖန်များစွာ စစ်ဘေးရှောင်နေရခြင်း၊ ၎င်းတို့အတွက် အခြေခံလိုအပ်ချက်များကိုရရှိရန်အတွက် အကန့်အသတ်ရှိစေနိုင်သော်လည်း အတူတကွသွားလာခြင်းကို ရှောင်ကျဉ်ခြင်းများအပါအဝင် သွားလာလှုပ် ရှားခွင့်ကန့်သတ်ခြင်းနှင့် အခြေခံအခွင့်အရေးများအား ငြင်းပယ်ခံရသည့်အခြေအနေများကြားတွင် နေ့စဉ်ဆုံးဖြတ်ချက်များချမှတ်ရခြင်းများနှင့်ပတ်သက်၍ ၎င်းတို့ကြုံတွေ့ရသည့်အခြေအနေများကို အမျိုးသမီးများမှတင်ပြခဲ့သည်။

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ စစ်ဘေးရှောင်အမျိုးသမီးများနှင့်ပြုလုပ်ခဲ့သည့်အင်တာဗျူးများအပေါ် အခြေခံ၍ ဤအစီရင်ခံစာတွင် စစ်ဘေးရှောင်နေစဉ် ၎င်းတို့ကြုံတွေ့ရသည့်အဓိကပုံစံတူအခြေအနေများကို ဖော်ထုတ်တင်ပြထားသည်။ ဤအစီရင်ခံစာတွင် ပဋိပက္ခနှင့်ဆက်စပ်သောအကြမ်းဖက်မှုကြောင့်ဖြစ်ပေါ်လာသည့် ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအန္တရာယ်များကိုဖော်ထုတ်တင်ပြခြင်းဖြင့်စတင်ထားပြီး မလုံခြုံမှု၊ သွားလာလှုပ်ရှားမှုများအားကန့်သတ်ထားခြင်းနှင့် လိင်ပိုင်းဆိုင်ရာနှင့် ကျား-မအခြေပြုအကြမ်းဖက်မှုများက အမျိုးသမီးများ၏နေ့စဉ်ဘဝတွင် စီမံခန့်ခွဲနိုင်မှုစွမ်းရည်ကို မည်ကဲ့သို့သက်ရောက်မှုရှိနေကြောင်း ဖော်ပြထားသည်။ ၎င်းတို့၏အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းရန်အတွက် လိုအပ်ချက်များရှိသော်လည်း သွားလာလှုပ်ရှားမှုများအားလျှော့ချခြင်း သို့မဟုတ် ရှောင်ကျဉ်ခြင်းအားဖြင့် ၎င်းတို့၏လုံခြုံရေးကိုစီမံကြသည်။ ထို့နောက်တွင် စစ်ဘေးရှောင်နေရမှုကြောင့် အစားအသောက်၊ နေရာထိုင်ခင်းနှင့် ဝင်ငွေလုပ်ငန်းများအပါအဝင် ၎င်းတို့၏စားဝတ်နေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ် သက်ရောက်မှုများအားရှာဖွေဖော်ထုတ်ခဲ့ပြီး ထိုအရင်းအမြစ်များအားရရှိနိုင်ရန်အတွက် အမျိုးသမီးများကြုံတွေ့ရသည့်အတားအဆီးများကို မီးမောင်းထိုးဖော်ပြထားသည်။ ဤအစီရင်ခံစာတွင် နေရပ်စွန့်ခွာတိမ်းရှောင်နေရမှုကြောင့် ကြုံတွေ့ရသည့်ကျန်းမာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအား လက်လှမ်းမီနိုင်မှုအပေါ်သက်ရောက်မှုများအား ထည့်သွင်းဖော်ပြထားသည်။ ထိုသက်ရောက်မှုများတွင် ယိုယွင်းပျက်စီးနေသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ ဆေးဝါး အခက်အခဲ၊ သားဖွားမှုနှင့် မိခင်ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကြုံတွေ့ရသည့်အခက်အခဲများပါဝင်သည်။ ထို့နောက်တွင် ကာလရှည်ကြုံတွေ့ခံစားကြရသည့်မလုံခြုံမှုများအပြင် ကြောက်ရွံ့မှု၊ ဝမ်းနည်းပူဆွေးမှုနှင့် ရပ်ရွာလူမှုဘဝပြိုကွဲပျက်စီးခြင်းများကြောင့်ဖြစ်ပေါ်လာသည့် စိတ်လူမှုဆက်ဆံ‌ရေး ကျန်းမာပျော်ရွှင်ခြင်းအပေါ်သက်ရောက်မှုများကို ဆန်းစစ်ဖော်ပြထားပါသည်။ 
နောက်ဆုံးတွင် နေရပ်စွန့်ခွာတိမ်းရှောင်နေရသောအမျိုးသမီးများ၏အနာဂတ်အတွက် အမြင်သဘောထားများနှင့် ၎င်းတို့၏လုံခြုံရေး၊ ဂုဏ်သိက္ခာပိုင်းနှင့် နေရပ်ပြန်နိုင်ရေးအတွက်မျှော်မှန်းချက်များအပြင် တရားမျှတမှု၊ တာဝန်ယူမှု တာဝန်ခံမှုနှင့် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးအတွက် ၎င်းတို့၏ရှုမြင်သုံးသပ်ချက်များကို တင်ပြထားသည်။ ဤအခန်းတွင် စစ်ဘေးရှောင်နေရသောအမျိုးသမီးများသည် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုလုပ်ငန်းစဉ်များတွင် သဘောတူလက်ခံသူများသက်သက်သာမဟုတ်ပဲ တက်ကြွစွာပါဝင် ဆောင်ရွက်သူများဖြစ်ပြီး ၎င်းတို့၏အမြင်သဘောထားများကို ထိုလုပ်ငန်းစဉ်များတွင်ထည့်သွင်းဆောင်ရွက် သင့်သည်။

ဤအစီရင်ခံစာတွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိပဋိပက္ခများနှင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရမှုများ၏အခြေအနေမှန်များကို နားလည်သဘောပေါက်နိုင်ရန်အတွက် စစ်ဘေးရှောင်အမျိုးသမီးများ၏အမြင်သဘောထားများကိုဗဟိုပြုခြင်းကအရေးကြီးကြောင်း မီးမောင်းထိုးပြထားသည်။ ဤရင်ဆိုင်ခံစားရမှုများသည် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေပြီး လူမှုအသိုက်အဝန်းအားလုံးအ‌ပေါ်သက်ရောက်မှုရှိသည်။ ဤရှုထောင့်ဖြင့် ၎င်းအတွေ့အကြုံများကိုဆန်းစစ်ခြင်းသည် ၎င်းတို့အနေဖြင့် လက်တွေ့တွင် အန္တာရယ်များကြား မည်ကဲ့သို့ရှင်သန်ရပ်တည်နေရပုံကိုတွေ့ရှိနိုင်ပြီး စစ်ဘေးရှောင်အမျိုးသမီးများသာကြုံတွေ့ရသည့်စိန်ခေါ်မှုများနှင့် ထိုစိန်ခေါ်မှုများက ၎င်းတို့၏မိသားစုများနှင့် လူမှုအသိုက်အဝန်းအပေါ် မည်သို့သက်ရောက်မှုရှိနေကြောင်းကိုလည်း ထုတ်ဖော်ပြသနိုင်သည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် အစီရင်ခံစာသည် စစ်ဘေးရှောင်နေရခြင်းနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေအားဖော်ပြနိုင်သကဲ့သို့ ထိခိုက်ခံစားရသူများ၏အတွေ့အကြုံနှင့် ဦးစားပေးချက်များမှတစ်ဆင့် တင်ပြသူများ၏လိုအပ်ချက်များကိုလည်း မီးမောင်းထိုးဖော်ပြနိုင်သည်။ အစိုးရများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တာဝန်ယူမှုယန္တရားများအား ဆက်လက်ဖြစ်ပွားလျက်ရှိသောပဋိပက္ခများအားဖြေရှင်းရန်အတွက် ကြိုးပမ်းရာတွင် ဤအမြင်သဘောထားများအား ထည့်သွင်းစဉ်းစား၍  တုံ့ပြန်မှုပေးရန်အတွက် ဤအစီရင်ခံစာမှ တောင်းဆိုလျက်ရှိသည်။

အစီရင်ခံစာပြုစုပုံနည်းစနစ်

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသမှနေရပ်စွန့်ခွာတိမ်းရှောင်နေရသောအမျိုးသမီးများ ပဋိပက္ခအတွင်းကြုံတွေ့နေရသည့်စိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာနားလည်နိုင်ရန်အတွက် KHRG သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကြားတွင် စစ်ဘေးရှောင်အမျိုးသမီးများနှင့် အင်တာဗျူး ၂၉ ခု ပြုလုပ်ခဲ့သည်။ ဤအင်တာဗျူးများမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်တွင် အမျိုးသမီးများ၏ရုပ်ပိုင်းဆိုင်ရာလုံခြုံရေး၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စိတ်လူမှုဆက်ဆံ‌ရေးကျန်းမာပျော်ရွှင်ခြင်းနှင့် ပတ်သက်၍၎င်းတို့ထွက်ပြေးတိမ်းရှောင်ရချိန် ကြုံတွေ့ခဲ့ရသောအခြေအနေများနှင့် အမျိုးသမီးအခွင့်အရေးအခြေအနေများကိုဆန်းစစ်ခဲ့သည်။ အင်တာဗျူးများသည် သတ်မှတ်ချက်အချို့ရှိပြီး KHRG ၏ဝန်ထမ်းများအတွက် ပြင်ဆင်ထားသည့် စံမေးခွန်းလွှာကိုအခြေခံ၍ ဆောင်ရွက်ခဲ့သည်။ ဤအင်တာဗျူးများကို KHRG ၏ကွင်းဆင်းသုတေသနဝန်ထမ်းများက ပြုလုပ်ခဲ့သည်။ ထိုဝန်ထမ်းများသည် ဒေသခံများဖြစ်ပြီး ၎င်းတို့ဒေသအတွင်းရှိ အမျိုးသမီးများခံစားရသည့်အခြေအနေများကို မှတ်တမ်းတင်ရန်အတွက် လေ့ကျင့်သင်ကြားပေးထားသူများဖြစ်သည်။ အင်တာဗျူးများတွင် ပါဝင်သူအားလုံးကို ဤသုတေသနပြုချက်၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ အသိပေးရှင်းလင်းထားပြီး ၎င်းတို့တင်ပြသည့်အချက်အလက်များအား အသုံးပြုခွင့်ကိုလည်း တောင်းခံထားပြီးဖြစ်သည်။ 

ဤသုံးသပ်မှုများအား ပံ့ပိုးပေးနိုင်ရန် KHRG မှ ယခင်ဒေသခံများ (အမျိုးသမီး ၁၅ ဦးနှင့် အမျိုးသား ၇ ဦး) နှင့် ပြုလုပ်ခဲ့သည့်အခြားအင်တာဗျူး ၂၂ ခု ကိုလည်း ပြန်လည်သုံးသပ်ခဲ့သည်။ ထိုအင်တာဗျူးများတွင် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်း စစ်ဘေး‌ရှောင်ရသူ အမျိုးသမီးများကြုံတွေ့ခံစားရသည့်အခြေအနေများကို ဖော်ပြထားသည်။ KHRG ၏ကွင်းဆင်းသုတေသနဝန်ထမ်းများမှ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အကြား ပေးပို့ထားသည့် ၎င်းတို့ဒေသအတွင်း ဖြစ်ပျက်နေသော နေရပ်စွန့်ခွာတိမ်းရှောင်နေရမှုနှင့် လူ့အခွင့်အရေးအခြေအနေများကို တင်ပြထားသည့် ကွင်းပိုင်းအစီရင်ခံစာ ၃၇ စောင် (မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ၊ နောက်ဆုံးရဒေသတွင်းသတင်းတို နှင့် ဒေသတွင်းနောက်ဆုံးရအခြေအနေတင်ပြချက်များ) ကိုလည်းဆန်းစစ်ခဲ့သည်။ နောက်ဆုံးအနေဖြင့် ၂၀၂၆ ခုနှစ်၊ မေလတွင် (ဒေသတွင်း လူထုအခြေပြု အဖွဲ့အစည်းများ (CBO)၊ ဒေသတွင်းလုပ်ငန်းဆောင်ရွက်နေသည့် ဝန်ဆောင်မှုပေးသူများဖြစ်သည့် ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) နှင့် ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်ရသူ ကရင်ပြည်သူများဆိုင်ရာ ကော်မတီ (CIDKP) တို့နှင့် အင်တာဗျူး ၃ ခု ပြုလုပ်ခဲ့သည်။ 

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် နေရပ်စွန့်ခွာတိမ်းရှောင်နေရခြင်းနှင့်ပတ်သက်၍ နောက်ခံသမိုင်းနှင့် အခြေအနေ

ကရင်လူမျိုးများ ၎င်းတို့၏အခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်မှုသမိုင်းကြောင်းအားဖော်ပြရာတွင် နေရပ်စွန့်ခွာတိမ်းရှောင်နေရမှုသည် ၎င်းတို့၏ဆန္ဒနှင့်ဆန့်ကျင်၍သော်လည်းကောင်း အလွန်ဆိုးရွားလှသည့်ဖိနှိပ်မှုများအားခုခံရန်အတွက်ရည်ရွယ်၍ ဗျူဟာတစ်ခုအနေဖြင့် အသုံးပြုသည်ကိုမြင်တွေ့နိုင်သည်။ ယေဘုယျအားဖြင့် ဤထွက်ပြေးတိမ်းရှောင်မှုများသည် မြန်မာစစ်အစိုးရကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ဗမာလူမျိုးများနှင့် တိုင်းသူပြည်သားများအပေါ်အာဏာပြလို၍ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ စစ်တပ်မှဆက်လက်၍အာဏာစွဲကိုင်ထားပြီး တာဝန်ယူမှု တာဝန်ခံမှုမရှိပါက အရပ်သားများအပေါ်လူ့အခွင့်အရေးချိုးဖောက်နေမှုများမှာ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ပြီး ကရင်ပြည်နယ်အတွင်းနေထိုင်သူများအနေဖြင့် ၎င်းတို့အတွက်အကာအကွယ်ရရှိရန် နေရပ်စွန့်ခွာတိမ်းရှောင်နေရမှုအား နည်းဗျူဟာတစ်ခုအနေဖြင့် ဆက်လက်အသုံးပြုနေရဦးမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးစနစ်အောက်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) အဖြစ်အမည် ပြန်လည်သတ်မှတ်ခဲ့သည်။ ဤအခြေအနေက ၁၉၈၈ ခုနှစ်ကဲ့သို့ပင် နိုင်ငံတစ်ဝန်းပဋိပက္ခများပေါ်ပေါက်လာစေရန်လှုံ့ဆော်ပေးပြီး ပြည်တွင်းမှဆန္ဒပြသူများသည် KNU အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်အတူ စစ်တပ်အားခုခံတိုက်ခိုက်ရန်အတွက် တိုင်းရင်းသားနယ်မြေဒေသများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

မြန်မာစစ်တပ်သည် အဓမ္မပြုကျင့်မှုနှင့် အခြားသောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ဆယ်စုနှစ်ပေါင်းများစွာ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လာခဲ့သည့်အတွက် အမျိုးသမီးများနှင့် LGBTQIA+ လိင်စိတ်ခံယူမှုကွဲပြားသူများအတွက် ပို၍အန္တရာယ်ရှိသည်။ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအား လက်လှမ်းမီနိုင်မှု မျှတမှုမရှိခြင်း၊ လူမှုအသိုက်အဝန်း၏သတ်မှတ်ချက်အရ အမျိုးသမီးများအား လုပ်ခလစာမရှိသည့်အိမ်မှုကိစ္စများနှင့် ကလေးကြည့်ရှုစောင့်‌ရှောက်ရခြင်း အလုပ်များလုပ်ဆောင်ရသောကြောင့် ထပ်ခါတလဲလဲ စစ်ဘေးရှောင်နေရခြင်းကို တုံ့ပြန်ရန်အတွက် အမျိုးသမီးများ၏ခံနိုင်ရည်အားကို ပိုမိုကျဆင်းစေသည်။
ကရင်ပြည်နယ်အတွင်းရှိ ရွာသားများသည် သမိုင်းတစ်လျှောက် ဖိနှိပ်မှုကိုတွန်းလှန်လာခဲ့ပြီး ကြိမ်ဖန်များစွာနေရပ်စွန့်ခွာတိမ်းရှောင်နေရသော်လည်း ကြံ့ကြံ့ခံရင်ဆိုင်ကာ ၎င်းတို့၏လူမှုအသိုက်အဝန်း ဆက်လက်ရပ်တည်ရန်အတွက် ပတ်ဝန်းကျင်တစ်ခု ဖန်တီးလိုက်ခြင်းပင်ဖြစ်သည်။

အခန်းများ၏ခြုံငုံသုံးသပ်ချက်

အခန်း ၂။ လုံခြုံရေးအန္တရာယ်နှင့် တိုက်ခိုက်မှုများ

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးသည့်အချိန်မှစ၍ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူမှုအသိုက်အဝန်းများသည် အဓိကအားဖြင့် မြန်မာစစ်တပ်မှကျူးလွန်သည့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မြေပြင်တိုက်ခိုက်မှုများဖြင့် ရမ်းသမ်းပစ်ခတ်မှု သို့မဟုတ် ပစ်မှတ်ထားတိုက်ခိုက်မှုများကို တိုးမြင့်ခံစားလာရသည်။ ထိုသို့တိုက်ခိုက်မှုများသည် ရွာသားများ၏ပညာသင်ယူခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိခွင့်များအားချိုးဖောက်နေပြီး စာသင်ကျောင်းများ၊ ဆေးပေးခန်း များနှင့် ဘာသာရေးအဆောက်အုံများကိုလည်း ဖျက်ဆီးလျက်ရှိသည်။ ဤချိုးဖောက်မှုများသည် ကရင်ပြည်နယ်အတွင်းရှိ ထွက်ပြေးတိမ်းရှောင်နေထိုင်ရသောအမျိုးသမီးထုအား အခြေခံလူ့အခွင့်အရေးကိုခံစားခွင့်မရှိပဲ အလွန်အန္တရာယ်ရှိသည့်ရပ်ဝန်းတွင် အသက်ရှင်သန်နေရသည်။

၂.၁။ စစ်ဘေးရှောင်နေထိုင်ရသည့်ကာလအတွင်း ကြုံတွေ့ရသည့်တိုက်ခိုက်မှုအန္တရာယ်

  • မြန်မာပြည်အရှေ့တောင်ပိုင်းရှိ စစ်ဘေး‌ရှောင်အမျိုးသမီးများအတွက်ခိုလှုံရန် လုံးဝလုံခြုံစိတ်ချရသည့်နေရာမရှိသကဲ့သို့ ဆိုးရွားသည့်လုံခြုံရေးဆိုင်ရာအန္တရာယ်များအား အမြဲတစေကြုံတွေ့နေကြရသည်။ ဤသို့ထွက်ပြေးနေစဉ် သို့မဟုတ် စစ်ဘေး‌ရှောင်နေစဉ်တွင် တိုက်ခိုက်မှုများအား ရင်ဆိုင်ရသည့်အတွက် ၎င်းတို့အနေဖြင့် ခိုလှုံရန်နေရာရှာဖွေသည့်အခါ ဘေးကင်းလုံခြုံရန်အတွက် အန္တရာယ်အနည်းဆုံးနေရာကို ရွေးချယ်ရသည်။
  • အချို့သော စစ်ဘေး‌ရှောင်အမျိုးသမီးများသည် ၎င်းတို့၏နေအိမ်နှင့် ပိုင်ဆိုင်မှုများအား တစ်ကြိမ်ထက်မနည်း ဆုံးရှုံးခဲ့ကြရပြီး ထိလွယ်ခိုက်လွယ်သူများဖြစ်သည့်အတွက် မြန်မာစစ်တပ်မှ စစ်ရှောင်စခန်းများအား သို့မဟုတ် အနီးပတ်ဝန်းကျင်ဒေသများအား မကြာခဏတိုက်ခိုက်နေခြင်းက ထိုစစ်ဘေးရှောင်နေရသည့်အမျိုးသမီးများနှင့် ၎င်းတို့အားမှီခိုနေရသောကလေးသူငယ်များအပေါ် ပိုမိုကြီးမားသည့်အန္တရာယ်များကျရောက်စေနိုင်သည်။ အင်တာဗျူးဖြေဆိုခဲ့သည့်အမျိုးသမီးများထဲမှ အနည်းဆုံး ၂၀ ဦးသည် နှစ်ကြိမ်ထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 
  • KHRG မှ အင်တာဗျူးပြုလုပ်ခဲ့သည့် စစ်ဘေးရှောင်အမျိုးသမီး ၉၀ ရာခိုင်နှုန်းကျော်က ၎င်းတို့အနေဖြင့် ရွှေ့ပြောင်းနေထိုင်သည့်ဒေသတွင်ပင် လုံခြုံသည်ဟုမခံစားရကြောင်း ဖော်ပြခဲ့သည်။ မြန်မာစစ်တပ်၏စစ်ဆင်ရေး၊ တိုက်ခိုက်မှုများနှင့် စစ်ရှောင်သည့်နေရာအနီးအနားတွင် လက်နက်ကြီးပစ်ခတ်မှုများအပြင် လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းများဖြင့်ကင်းထောက်မှုများကြောင့် အများစုမှာ တိုက်ခိုက်မှုအန္တရာယ်များကြုံတွေ့နေကြရသည်။
  • စစ်ဘေးရှောင်အမျိုးသမီးများနှင့် ၎င်းတို့၏မိသားစုဝင်များသည် တိုက်ခိုက်ခံရနိုင်မှုအန္တရာယ်များကို  တုံ့ပြန်ရန် ကြိမ်ဖန်များစွာ ထွက်ပြေးတိမ်းရှောင်ကြရပြီး အမျိုးသမီးများအနေဖြင့် တိုက်ခိုက်မှုများဖြစ်နိုင်ချေနည်းပါးသည့် မြန်မာစစ်တပ်၏စစ်ရေးလှုပ်ရှားမှုနှင့် ဝေးကွာသည့်ဒေသများအား ရှာဖွေကြရသည်။

“ကျွန်မတို့ လေယာဉ်သံကြားတယ်။ ဒါပေမယ့် လေယာဉ်လာပြီဆိုတာနဲ့ ကျွန်မတို့ချက်ခြင်းထွက်ပြေးတယ်။ ကျွန်တို့ရဲ့နေရာမှာဆက်မနေရဲဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်မတို့ကြောက်လည်းကြောက်တယ်။ လန့်လည်း လန့်တယ်။ ကျွန်မတို့ လေယာဉ်အသံကြားတိုင်း ကလေးတွေကိုခေါ်ပြီးထွက်ပြေးတယ်။” မက---၊ ဘိတ်-ထားဝယ်ခရိုင်မှစစ်ဘေးရှောင်သူ 
 

၂.၂။ လှုပ်ရှားသွားလာမှုနှင့် ခရီးသွားလာမှုကန့်သတ်ချက်များနှင့်ဆက်စပ်သည့် လုံခြုံရေးအန္တရာယ်များ

  • လက်နက်ကိုင်တိုက်ပွဲများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံရေးမငြိမ်သက်မှုများသည် မြန်မာပြည် အရှေ့တောင်ပိုင်းရှိ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအား ၎င်းတို့၏ကျေးရွာများမှစွန့်ခွာစေပြီး လူမှုဖွဲ့စည်းပုံပျက်ပြားခြင်း၊ ကာကွယ်ရေးစနစ်များပျက်စီးယိုယွင်းခြင်း၊ စီးပွားရေးမတည်ငြိမ်မှုမြင့်မားလာခြင်းနှင့် လူမှုအသိုက်အဝန်းအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများ ရုတ်တရက် မြင့်မားလာခြင်းကိုကြုံတွေ့ခံစားရစေသည်။ ဤအချက်များပေါင်းစုခြင်းက အထူးသဖြင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအအပေါ် လိင်ပိုင်းဆိုင်ရာနှင့် ကျား-မအခြေပြုအကြမ်းဖက်မှုနှင့် ဆက်စပ်သည့်အန္တရာယ်များကို မြင့်တက်လာစေသည်။
  • မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့်စစ်လက်နက်အကြွင်းအကျန်များ များစွာရှိနေခြင်းက ရွာသားများအတွက် အဆက်မပြတ်ခြိမ်းခြောက်မှုများဖြစ်စေပြီး အထူးသဖြင့် စစ်ဘေးရှောင်နေရသော ရွာသားများအနေဖြင့် ထွက်ပြေးသည့်အခါ၊ အစားအသောက်နှင့် ဝန်ဆောင်မှုများရရှိရန် ခရီးသွားသည့်အခါ သို့မဟုတ် ၎င်းတို့၏နေအိမ်များနှင့် ပိုင်ဆိုင်မှုများကိုစစ်ဆေးရန်အတွက် မဖြစ်မနေ နေအိမ်သို့ မကြာခဏပြန်ရသည့်အတွက် အန္တရာယ်ကျရောက်နိုင်ချေပိုမြင့်မားသည်။
  • မြန်မာစစ်တပ်၏စစ်ဆေးရေးဂိတ်များသည် ရွာသားများအားဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့် ခြိမ်းခြောက်ခြင်း များခံရနိုင်ချေရှိသည့်အန္တရာယ်ရှိသောနေရာများဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးသည့်အချိန်မှစ၍ မြန်မာစစ်တပ်သည် ၎င်းတို့လှုပ်ရှားသည့် နေရာများတွင် စစ်ဆေးရေးဂိတ်များနှင့် မှတ်ပုံတင်စစ်ဆေးမှုများကို ပိုမိုတိုးမြင့်လုပ်ဆောင်လာသည်။ ဤကန့်သတ်ချက်များက ကျေးလက်ဒေသရှိစစ်ဘေးရှောင်များ၏အဓိကလိုအပ်ချက်များဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအသောက်နှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် မြို့သို့ သွားရောက်ခြင်းကို ဟန့်တားလျက်ရှိသည်။
  • လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများနှင့် တွေ့သည့်နေရာတွင်ပစ်ခတ်ခြင်းဗျူဟာများ အပါအဝင် မြန်မာစစ်တပ်၏ဆက်လက်တိုက်ခိုက်မှုများကြောင့် အထူးသဖြင့် KNU ထိန်းချုပ်နယ်မြေများနှင့် ရောယှက်အုပ်ချုပ်ရာနယ်မြေများတွင် ခရီးသွားလာမှုများကိုပိုမိုအန္တရာယ်များစေပြီး စစ်ဘေးရှောင်နေရသည့် အမျိုးသမီးများအား အသွားအလာကန့်သတ်မှုများဖြစ်ပေါ်စေသည်။

“လက်ရှိမှာတော့ ကျွန်မဘယ်မှမသွားရဲဘူး။ သူတို့ [မြန်မာစစ်တပ်တွေ] ကျွန်မကိုဖမ်းမှာကြောက်တယ်။ […] ကျွန်မသားငယ်လေးကိုကာကွယ်ဆေးထိုးဖို့တောင် ကျွန်မ မသွားသေးဘူး။ အခြားလူတွေက သူတို့နဲ့အတူတူ [ဆေးခန်း သို့မဟုတ် ဆေးရုံ] သွားဖို့ပြောပေမယ့် ကျွန်မခရီးထွက်ရမှာတကယ်ကြောက်နေသေးတယ်။” ဒေါ်ရက---၊ ဘိတ်-ထားဝယ်ခရိုင်မှစစ်ဘေးရှောင်သူ

၂.၃။ စစ်ဘေး‌ရှောင်အမျိုးသမီးများအသုံးပြုသည့် ကာကွယ်ရေးနည်းဗျူဟာများ

  • ဆယ်စုနှစ်များစွာဖြစ်ပေါ်နေသည့် လက်နက်ကိုင်တိုက်ပွဲများနှင့် ဆိုးရွားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေပြီး ထွက်ပြေးတိမ်းရှောင်ရခြင်းကြောင့် ၎င်းတို့အနေဖြင့် ပိုမိုအားနည်းလာသည့်အချိန်တွင်ပင် အမျိုးသမီးများသည် ကိုယ့်ကိုယ်ကိုအားတင်းကာ ခံနိုင်ရည်ရှိစွာနေထိုင်ရန် ရွေးချယ်ခဲ့ကြသည်။ စစ်ဘေးရှောင်နေရသူများ အထူးသဖြင့် မိခင်များအနေဖြင့် ၎င်းတို့အပေါ်၊ ၎င်းတို့၏သားသမီးများအပေါ်နှင့် ဒေသတွင်းလူမှုအသိုက်အဝန်းအပေါ်ကျရောက်မည့် လုံခြုံရေးဆိုင်ရာအန္တရာယ်များကို ရှောင်ရှားနိုင်ရန် သို့မဟုတ် အန္တရာယ်အား လျှော့ချနိုင်ရန်အတွက် ၎င်းတို့အဓိကသုံးသည့်နည်းဗျူဟာများမှာ လူမှုအဖွဲ့အစည်းမှ ဘေးကင်းလုံခြုံရေးအစီအစဉ်များ ပြုလုပ်ထားခြင်း၊ ကလေးများအား ၎င်းတို့၏စောင့်ရှောက်မှုအောက်တွင်နေစေခြင်းနှင့် လူမှုအသိုက်အဝန်း၏ ဝိုင်းဝန်းပံ့ပိုးကူညီမှုများဖြစ်သည်။

အခန်း ၃။ အသက်မွေးဝမ်းကြောင်းစိန်ခေါ်မှုနှင့် အခြေခံလိုအပ်ချက်များလက်လှမ်းမီရန်အတွက်အခက်အခဲများ

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ စစ်ဘေးရှောင်အမျိုးသမီးများသည် ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် လုံခြုံရေးအန္တရာယ်များကြောင့် ၎င်းတို့၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအား လုပ်ကိုင်ခွင့်နှင့် ၎င်းတို့၏အခြေခံလိုအပ်ချက်များပြည့်မီရန်အတွက် စိန်ခေါ်မှုများစွာ ရင်ဆိုင်ရလျက်ရှိသည်။ ဤအခြေအနေက ၎င်းတို့၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအား ဖျက်ဆီးနှောင့်ယှက်ခြင်းများဖြစ်စေပြီး အစားအသောက်၊ ရေအရင်းအမြစ်၊ နေရာထိုင်ခင်းနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများအားလက်လှမ်းမီနိုင်မှု လျော့နည်းစေသည်။

၃.၁။ အလုပ်အကိုင်အခွင့်အလမ်းမရှိခြင်း

  • မြန်မာပြည်အရှေ့တောင်ပိုင်းရှိ စစ်ဘေးရှောင်အမျိုးသမီးအများစုမှာ ၎င်းတို့၏အဓိကအသက်မွေးဝမ်းကြောင်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းအပေါ်မှီခိုအားထားကြသည့်အတွက် နေရပ်ရွှေ့ပြောင်းတိမ်းရှောင်နေရစဉ် ၎င်းတို့၏စိုက်ခင်းများ သို့မဟုတ် စပါးခင်းများကို လုပ်ကိုင်ခွင့်ဆုံးရှုံးရသည့်အခါ ၎င်းတို့၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုပါ ဆုံးရှုံးကြရသည်။ အမျိုးသမီးအင်တာဗျူးဖြေဆိုသူ သုံးပုံတစ်ပုံခန့်မှာ ၎င်းတို့အနေနှင့် နေရပ်ရွှေ့ပြောင်းတိမ်းရှောင်နေရစဉ် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ၎င်းတို့၏အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် လုံလောက်သည့် ငွေကြေးများရှာဖွေနိုင်ခြင်းမရှိကြောင်း တင်ပြခဲ့သည်။
  • ဝန်ထမ်းခန့်အပ်မှု၊ အလုပ်အကိုင်ရရှိမှု၊ လုပ်ခလစာနှုန်းထားများနှင့်ပတ်သက်၍ ခွဲခြားဆက်ဆံမှုများရှိကြောင်း စစ်ဘေးရှောင်အမျိုးသမီးများက ဖော်ပြခဲ့ကြသည်။

 

“ကျွန်မအနေနဲ့ကတော့ အခုလောလောဆယ်အရမ်းအလုပ်လုပ်ချင်တယ်။ ဒါပေမယ့် ကျွန်မက အမျိုးသမီးဖြစ်လို့ ဘယ်သူမှကျွန်မကိုမခန့်ဘူး။” နော်လ---၊ ဒူးပလာယာခရိုင်မှစစ်ဘေးရှောင်သူ

  • တချိန်တည်းမှာပင် နေရပ်ရွှေ့ပြောင်းတိမ်းရှောင်နေရချိန်တွင် အိမ်ထောင်စု၏ပုံစံပြောင်းလဲမှုကြောင့် အမျိုးသမီးများအနေနှင့် ဝန်ထုတ်များကို နှစ်ဆထမ်းကြရသည်။ ကရင်ပြည်နယ်ရှိအမျိုးသမီးများသည် ရိုးရာအရ အဓိကအိမ်ထောင်မှု ထိန်းသိမ်းစောင့်ရှောက်သူများဖြစ်သည်သာမက စားဝတ်နေရေးအတွက် နေ့စဉ်အလုပ်များနှင့် အခြားစားဝတ်နေရေးဆိုင်ရာအလုပ်များကိုပါ လုပ်ဆောင်ကြရသည်။

၃.၂။ ဆက်လက်ဖြစ်ပွားနေသည့်တိုက်ပွဲများကြား နေရပ်စွန့်ခွာတိမ်းရှောင်နေရခြင်းနှင့်အတူတွဲပါလာသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်ချက်များ

  • အင်တာဗျူးဖြေဆိုသူ အမျိုးသမီး ၈၀ ရာခိုင်နှုန်းကျော်က ၎င်းတို့အနေနှင့် ထွက်ပြေးတိမ်းရှောင်နေစဉ် အစားအစာ၊ ရေနှင့် တစ်ကိုယ်ရေအသုံးအဆောင်များမရှိသည့်အတွက် စားဝတ်နေရေးအခက်အခဲနှင့်ရင်ဆိုင်ရကြောင်း တင်ပြခဲ့သည်။ စစ်ဘေးရှောင်အမျိုးသမီးအများစုသည် ထွက်ပြေးတိမ်းရှောင်ရန်ကြိုတင်ပြင်ဆင်ထားနိုင်ခြင်းမရှိသည့်အတွက် အစားအစာနှင့် ပစ္စည်းများအား ၎င်းတို့နှင့်အတူသယ်ယူလာနိုင်ခြင်းမရှိပါ။

 “အခက်ခဲဆုံးကတော့ပြောရမယ်ဆိုရင် အစားကောင်းကောင်းမစားရတာပဲ။ ကျွန်မတို့ ကောင်းကောင်းမနေရဘူး။ ကျွန်မတို့ပြေးလာတုန်းက ဘာပစ္စည်းမှမသယ်ခဲ့ရဘူး။”  နော်အဒ---၊ ဒူးသထူခရိုင်မှစစ်ဘေးရှောင်သူ

  • အင်တာဗျူးဖြေဆိုသူ အမျိုးသမီးလေးပုံသုံးပုံက နေစရာအိမ်ရရှိရန်အခက်အခဲနှင့် လူနေမှုအခြေအနေဆိုးရွားခြင်း များနှင့်ဆိုင်သည့် ၎င်းတို့ကြုံတွေ့ရသောအခက်အခဲများကို တင်ပြခဲ့သည်။ ထိုအခြေအနေက ၎င်းတို့၏စားဝတ်နေရေးကို ပိုမိုခက်ခဲစေသည်။ သစ်တောများနှင့် ဂူများအတွင်း ထွက်ပြေးတိမ်းရှောင်နေရသူများသည် မြေပြင်ပေါ်တွင်အိပ်ကြရပြီး ၎င်းတို့တွင် အမိုးအကာမရှိပါ။
  • အချို့နေရပ်ရွှေ့ပြောင်းတိမ်းရှောင်သူများအနေနှင့် အကူအညီများရရှိသော်လည်း လုံလောက်မှုမရှိကြောင်း မေးခွန်ဖြေဆိုသူများကတင်ပြခဲ့ကြသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့မှ တွေ့ဆုံမေးမြန်းခဲ့သည့်အမျိုးသမီးများ၏ တင်ပြချက်အရ သစ်တောနှင့် ဂူများသို့သွားရောက်ရာတွင် ခရီးသွားလာရန်လုံခြုံရေးမြင့်မားသည့်အတွက် ထိုကဲ့သို့သောနေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြသူများသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများရရှိလေ့မရှိပါ။

၃.၃။ အသက်မွေးဝမ်းကြောင်းလက်လှမ်းမီရန် ရင်ဆိုင်ဖြေရှင်းသည့်နည်းလမ်းများ

  • စစ်ဘေးရှောင်အမျိုးသမီးများအနေဖြင့် ၎င်းတို့ကြုံတွေ့ရသည့်စားဝတ်နေရေးအခက်အခဲများကို ဖြေရှင်းရာ တွင် အစားအစာနှင့်အဝတ်အစားများအချင်းချင်းဝေငှသုံးဆောင်ခြင်း၊ အခြေခံလိုအပ်ချက်များဝယ်ယူရရှိ ရန်အတွက် အခြားသူများထံမှ ငွေကြေးချေးယူခြင်းနှင့် တောတောင်များတွင် အသီးအရွက်များရှာဖွေစား သောက်ခြင်းအစရှိသော မတူညီသည့်နည်းလမ်းများကို အသုံးပြုကြကြောင်း အင်တာဗျူးဖြေဆိုသည့်သူများသုံးပုံနှစ်ပုံခန့်က တင်ပြခဲ့ကြသည်။

အခန်း ၄။ ကျန်းမာရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှု

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရပ်ရွာအဆောက်အဦးများနှင့် ရွာသားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် မြန်မာစစ်တပ်၏လုပ်ရပ်များကြောင့် စစ်ဘေးရှောင်အမျိုးသမီးများအနေဖြင့် ကျန်းမာရေးဆိုင်ရာအခက်အခဲများကို ပို၍ကြုံတွေ့လာရသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အလမ်းများအား ပို၍ရရှိနိုင်အောင် အရေးတကြီးလုပ်ဆောင်ရန် လိုအပ်လာပါသည်။ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဆေးရုံ၊ ဆေးခန်းများထိခိုက်ပျက်စီးသည့်အခြေအနေတွင် စစ်ဘေးရှောင်လူထုများသည် ဆင်းရဲစွာ နေထိုင်ရှင်သန်ရပြီး ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း အပြည့်အဝမရရှိကြပေ။ စစ်ဘေးရှောင်နေရာဒေသများတွင် ဖျားနာခြင်း၊ ဆေးဝါးများရှားပါးခြင်း၊ ကျန်းမာရေးလုပ်သားများနည်းပါးခြင်း၊ မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုများမလုံလောက်ခြင်းနှင့် သန့်ရှင်းမှုအားနည်းသည့် နေထိုင်မှုပုံစံများရှိနေခြင်းတို့ကြောင့် အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ဆိုးရွားသည့်ကျန်းမာရေးပြဿနာများကို ပို၍ကြုံတွေ့ ရနိုင်ခြေရှိသည်။

၄.၁။ စစ်ဘေးရှောင်အမျိုးသမီးများကြုံတွေ့ရသောကျန်းမာရေးပြဿနာများ

  • နေမကောင်းဖျား နာသည့် သို့မဟုတ် ကျန်းမာရေးပြဿနာများခံစားရသော စစ်ဘေးရှောင်ရွာသားများသည် ၎င်းတို့၏ကျန်းမာရေးပြဿနာများကို ဖြေရှင်းရာတွင်သော်လည်းကောင်း၊ ဆေးကုသမှုရရှိရန်ကြိးစားရာတွင်သော်လည်းကောင်း အခက်အခဲများစွာကြုံတွေ့ရသည်။ အကြောင်းမှာ ၎င်းတို့စစ်ဘေးရှောင်ရသည့်နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှုများရရှိမည့်အခွင့်အလမ်းများ အလွန်နည်းပါးလွန်းလှပါသည်။
  • KHRG အင်တာဗျူးခဲ့သည့် ရွာသားများ၏တင်ပြချက်အရ အမျိုးသမီးများအကြားတွင် အဖြစ်များလေ့ရှိသော ရောဂါများမှာ ငှက်ဖျား၊ တုပ်ကွေး၊ ကိုယ်ပူဖျားနာဖြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်း ကိုက်ခြင်း၊ အရေပြားယားယံခြင်း၊ ဝမ်းလျှောခြင်း၊ အစာအိမ်ရောင်ခြင်းနှင့် ဗိုက်အောင့်ခြင်း စသည်တို့ဖြစ်သည်။ ဤရောဂါများသည် ပုံမှန်အခြေအနေဆိုလျှင် ကုသ၍ပျောက် ကင်းနိုင်သော်လည်း ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းသောရေနှင့် အာဟာရပြည့်ဝသောအစားအစာများရရှိရန်ခက်ခဲသောအခြေအနေအောက် တွင် ထိုရောဂါများသည် ပို၍ဆိုးရွားလာပါသည်။
  • စစ်ဘေးရှောင်စခန်းအများစုတွင် အထူးသဖြင့် တောထဲရှိစစ်ဘေးရှောင်နေရာများတွင် လူဦးရေထူထပ်မှုများရှိသည့်အခြေအနေတွင်နေထိုင်ရပြီး မစင်အညစ်အကြေးများကို ချောင်းထဲတွင်စွန့်ပစ်နေရသောကြောင့် အကျိုးဆက်အနေဖြင့် ရောဂါပိုးများပျံ့နှံ့၍ ကျန်းမာရေးပြဿနာများပို၍ဆိုးရွားလာပါသည်။ ထို့အပြင် စစ်ဘေးရှောင်ရသည့်နေရာ တော်တော်များများတွင် အညစ်အကြေးများစီမံခန့်ခွဲမှုအားနည်းသည့်အတွက်ကြောင့် ကူးစက်ရောဂါများ ပို၍လွယ်ကူစွာပျံနှံ့စေ၍ ကျန်းမာရေးအတွက်အန္တရာယ်များဖြစ်ပေါ်စေသည်။
  • စစ်ဘေးရှောင်စခန်းများတွင်နေထိုင်ရသည့်အမျိုးသမီးအများစုသည် ၎င်းတို့ ဓမ္မတာလာသည့်အချိန်တွင် ရာသီပြဿနာကိုဖြေရှင်းရာမှာ အခက်အခဲစိန်ခေါ်မှုများစွာရှိသည်။ အင်တာဗျူးဖြေဆိုသူများ၏ရှင်းပြချက်များအရ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်မရှိခြင်း၊ သန့်ရှင်းရေးပစ္စည်းကိရိယာများလုံလောက်စွာမရှိခြင်းနှင့် ရာသီလာ စဉ်သုံးရမည့်ပစ္စည်းများမရရှိနိုင်ခြင်းတို့ကြောင့် အမျိုးသမီးများရာသီလာသည့်အချိန်တွင် ၎င်းတို့၏တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့်ဂုဏ်သိက္ခာအား ထိခိုက်စေပါသည်။

“ရာသီလာတာနဲ့ပတ်သက်ပြီး တစ်ချို့အမျိုးသမီးတွေက ကျန်းမာရေးပြဿနာရှိတယ်။ သူတို့က ရာသီပုံမှန်မလာဘူးလေ။ (…) အဲမှာ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူက ရာသီလာတဲ့ပြဿနာရှိတယ်။ စစ်ဘေးရှောင်ရလို့ သူတကယ်ပဲအရမ်းဝမ်းနည်းတယ်။ ရာသီလာတဲ့ပြဿနာနဲ့ စိတ်ဖိစီးမှုတွေကြောင့် သူသေလုမျောပါးဖြစ်ခဲ့ရတယ်။ (…) သူက ဆေးခန်းကိုသွားလည်းပဲ ပြဿနာကမဖြေရှင်းသွားဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့သွေးမှာ (ရာသီသွေး) ပြဿနာတစ်ခုခုရှိနေတယ်လေ။”  နော်လ---၊ ဒူးပလာယာခရိုင်မှစစ်ဘေးရှောင်သူ

၄.၂။ ကျန်းမာရေးစောင့်ရှောက်မှုအားလက်လှမ်းမီရရှိရန် ကြုံတွေ့ရသောအတားအဆီးများ

  • မြန်မာစစ်တပ်မှ မကြာခဏဆိုသကဲ့သို့ ကျန်းမာရေးဆိုင်ရာအဆောက်အဦးများကို ရည်ရွယ်ချက်ရှိရှိသော် လည်းကောင်း၊ စစ်ရေးပစ်မှတ်နှင့်အရပ်သားပစ်မှတ်မခွဲခြားပဲ ရမ်းသမ်း၍သော်လည်းကောင်း အကြမ်းဖက် တိုက်ခိုက်ခြင်းကြောင့် ဆေးရုံ၊ ဆေးခန်းများထိခိုက်ပျက်စီးပြီး ဆေးဘက်ဆိုင်ရာလုပ်သားများလည်း ပစ်မှတ် ထားတိုက်ခိုက်ခံရပြီး မြန်မာစစ်တပ်၏စစ်လှုပ်ရှားများမြင့်မားလာခြင်းနှင့် ဆက်လက်ဖြစ်ပွားနေလျက် ရှိသော လက်နက်ကိုင်ပဋိပက္ခများကြောင့် အခြားသောကျန်းမာရေးနှင့်ဆိုင်သည့်အတားအဆီးများစွာ ဖြစ်ပေါ်စေသည်။
  • ခရီးသွားလာရေးအကန့်အသတ်များရှိခြင်းနှင့် မြန်မာစစ်သားများမှ အကြမ်းဖက်လာနိုင်သည့်အန္တရာယ်များ ကြောင့် အမျိုးသမီးများသည် ခရီးသွားလာခြင်းကိုရှောင်ရှားလေ့ရှိပြီး အကျိုးဆက်အနေဖြင့် ၎င်းတို့၏ကျန်းမာရေးပြဿနာများ ပို၍ဆိုးရွားလာသည်။
  • စစ်ဘေးရှောင်နေရာများ၌ ကျန်းမာရေးဝန်ဆောင်မှုများရယူရာတွင် ငွေကြေးအခက်အခဲများရှိသောကြောင့် အိမ်ထောင်ဦးစီးအဖြစ်တာဝန်ယူ၍ မိသားစုကိုထောက်ပံ့ရသည့်အမျိုးသမီးများအတွက် ပို၍အကျပ်အတည်း များဖြစ်စေသည်။ ထိုအမျိုးသမီးများသည် စစ်ဘေးရှောင်ရသည့်အချိန်အတွင်း ဝင်ငွေမရှိခြင်း သို့မဟုတ် ဝင်ငွေ နည်းပါးခြင်းစသည့်အခြေအနေများနှင့်ကြုံတွေ့နေရသည်။ ဆေးကုသမှုကုန်ကျစရိတ်မတတ်နိုင်သည့် စစ်ဘေးရှောင်အမျိုးသမီးများသည် ၎င်းတို့အနေဖြင့် ကျန်းမာရေးပြဿနာများကြုံတွေ့ရသည့်အချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုကို သွားရောက်ခံယူရန် စိုးရိမ်ပူပန်နေရကြောင်း တင်ပြခဲ့သည်။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်ဆေးရုံ၊ ဆေးခန်းများလုံလောက်စွာမရှိသည့်အတွက်ကြောင့် စစ်ဘေးရှောင်ရွာသားများသည် ဆေးဝါးများကိုလုံလောက်စွာရရှိနိုင်ရန် ရုန်းကန်နေရကြောင်း အင်တာဗျူးဖြေဆိုသူအများစုက တင်ပြခဲ့ကြသည်။
  • တောထဲတွင်စစ်ဘေးရှောင်ရသည့်အချိန်တွင် ဆေးဝါးများ၊ မွေးကင်းစကလေးများအတွက် ကာကွယ်ဆေးများ၊ တတ်သိကျွမ်းကျင်သောသားဖွားဆရာ၊ ဆရာများနှင့် သန့်ရှင်းသောနေရာထိုင်ခင်းများမရှိသောကြောင့် ကလေးမွေးဖွားရလျှင် မိခင်နှင့်မွေးကင်းစကလေးများအတွက် အလွန်အန္တရာယ်ရှိနေပါသည်။
  • အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်နေစဉ်တွင် လုံလောက်သောအစာအာဟာရများကို ရရှိရန်အရေးကြီးသည်။ သို့သော်လည်း အင်တာဗျူးဖြေဆိုသူများ၏တင်ပြချက်တွင် စစ်ဘေးရှောင်နေရာများတွင် နေထိုင် သည့်ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် နေ့စဉ်အသက်ရှင်ရန်အတွက်ပင် စားစရာများရရှိရန် ရုန်းကန်နေရသောကြောင့် ၎င်းတို့လိုအပ်သည့်အစာအာဟာရများကို ရရှိရန်ပို၍ခက်ခဲပါသည်။ အလားတူစွာ စစ်ဘေးရှောင်မိခင်များသည် ၎င်းတို့ကလေးငယ်များအနေဖြင့် အာဟာရချို့တဲ့မှုများနှင့်ရင်ဆိုင်ကြုံတွေ့ရကြောင်း ဖော်ပြခဲ့သည်။

၄.၃။ အရေးကြီးသောကျန်းမာရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်လမ်းကြောင်းများ

  • KDHW နှင့် BPHWT အစရှိသည့် ဒေသခံကျန်းမာရေးအဖွဲ့အစည်းများသည် ဆေးခန်းများကိုတည်ဆောက်ပြီး ကာကွယ်ဆေးများထိုးနှံပေးခြင်းများရှိသည်။ တစ်ချိန်ထဲတွင် KORD ၊ CIDKP နှင့် KWO အစရှိသောအဖွဲ့အစည်းများလည်း အစားအစာနှင့်နေရာထိုင်ခင်းအတွက် ကူညီထောက်ပံ့မှုများပေးကြသည်။ အဓိကအားဖြင့် KWO နှင့် KDHW အဖွဲ့အစည်းများသည် မိခင်နှင့်ကလေးများအတွက် အထူးကူညီထောက်ပံ့မှုများပေးဝေခြင်းရှိသကဲ့သို့ တစ်ခါတရံတွင်လည်း အခြားအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီထောက်ပံ့ပေးခြင်းများရှိသည်။
  • ဤသို့အကူအညီပေးမှုများရှိသော်လည်း ရန်ပုံငွေအကန့်အသတ်များ၊ သွားလာရေးအခက်အခဲများနှင့် လုံခြုံရေး အခြေအနေများကြောင့် ကူညီထောက်ပံ့မှုများသည် ပုံမှန်မရရှိကြသလို အမြဲတစေလုံလောက်မှု လည်းမရှိပါ။

အခန်း ၅။ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့်အမျိုးသမီးများ၏စိတ်ကျန်းမာရေးအခြေအနေ

နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့်အချိန်တွင်လည်း အမျိုးသမီးများသည် အိုးအိမ်စွန့်ခွာရမှုနှင့်ဆက်စပ်သည့်အခက်အခဲများအပြင် စစ်ပဋိပက္ခ၏ အမျိုးမျိုးသောဘေးအန္တရာယ်များနှင့်ပါ ဆက်လက်ရင်ဆိုင်နေကြရပါသည်။ ထို့အပြင် မြန်မာစစ်တပ်၏အကြမ်းဖက်လုပ်ရပ်များကြောင့်၎င်းတို့၏စိတ်ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများကို ပိုမိုကြီးထွားစေပါသည်။

၅.၁။ တိုက်ခိုက်မှုနှင့် နေရပ်စွန့်ခွာတ်နေရခြင်းများကြောင့်ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုများ

  • ကရင်ပြည်နယ်အတွင်း စစ်ဘေးရှောင်အမျိုးသမီးများနှင့်ပြုလုပ်ခဲ့သည့်အင်တာဗျူးများတွင် ကြောက်ရွံ့မှု အကြောင်းအား အများဆုံးထုတ်ဖော်ပြောဆို ခဲ့ကြပြီး အင်တာဗျူး ၄၁ ခုတွင် အကြိမ်ရေ ၂ဝ၆ ကြိမ်တိုင်တိုင် ထည့်သွင်းပြောဆိုခဲ့သည်။ ထုတ်ဖော်ပြောကြားခဲ့သည့် ဖြစ်စဥ်များအားလုံးတွင် အမျိုးသမီးများသည် အထူးသဖြင့် မြန်မာစစ်တပ်၏ရမ်းသမ်းတိုက်ခိုက်မှုနှင့် ပစ်မှတ်ထားအကြမ်းဖက်တိုက်ခိုက်မှုများကြောက်ရွံ့ရသည့်အကြောင်းကို တင်ပြခဲ့ကြပါသည်။ KHRG မှအင်တာဗျူးခဲ့သော စစ်ဘေးရှောင်အမျိုးသမီး ၈ဝ ရာခိုင်နှုန်းခန့်သည် မြန်မာစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကိုကြောက်ရွံ့နေကြကြောင်း တင်ပြကြပါသည်။
  • တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတွင် စစ်ဘေးရှောင်နေရသည့်အမျိုးသမီးများက တိုက်ပွဲဖြစ်ပွားသံများကြားရခြင်းသည် သူတို့၏စိတ်ဒဏ်ရာဟောင်းများကို နှိုးဆွစေကြောင်း ဆိုပါသည်။ ဤသည်မှာ အကြမ်းဖက်မှုများရပ်တန့်ခြင်းမရှိသလောက်ဖြစ်နေခြင်းကြောင့် ကြောက်လန့်နေရသည့်အပေါ် အမျိုးသမီးများအတွက် ရေရှည်စိတ်ကျန်းရေးပြဿနာများဖြစ်ပေါ်စေပါသည်။ အဆိုပါ ကျန်းမာရေးပြဿနာများသည် ကာလကြာရှည်ရှိနေသောစိတ်ဒဏ်ရာများ၊ ဆိုးရွားပြင်းထန်သောဝမ်းနည်းမှုများ၊ စဥ်ဆက်မပြတ်စိုးရိမ်ပူပန်မှုများပါ ပါဝင်ပါသည်။
  • တိုက်ခိုက်မှုများသည်လည်း မကြာခဏဆိုသလို ညဥ့်နက်သန်းခေါင်ယံအချိန်တွင် ဖြစ်ပွားလေ့ ရှိသဖြင့် ရွာသားအများစုသည် အိပ်မောကျမည်ကို စိုးရိမ်နေရပြီး အမြဲနိုးနိုးကြားကြား နေနေရသဖြင့် အိပ်ရေးပျက်သည့်ဒဏ်ကိုပါ ခံစားနေကြရပါသည်။ အင်တာဗျူးဖြေဆိုခဲ့သည့်အမျိုးသမီးများအနက် သုံးပုံတစ်ပုံကျော်သည် အိပ်စက်ရန်ခက်ခဲကြောင်း တင်ပြခဲ့ကြသည်။
  • အင်တာဗျူးဖြေဆိုခဲ့သူများက မြန်မာစစ်တပ်မှအိုးအိမ်များနှင့် လူမှုအသိုက်အဝန်းအဆောက်အအုံများဖျက်ဆီးခြင်းသည် ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်စေသည့်အဓိကကြောင်းအရင်းများဖြစ်ကြောင်း မီးမောင်းထိုးဖော်ပြကြပါသည်။
  • နေရပ်စွန့်ခွာတိမ်းရှောင်ရပြီးနောက်ပိုင်း အများဆုံးဖြစ်ပေါ်လေ့ရှိသည့်ခံစားမှုတစ်ခုမှာ အိမ်ကိုလွမ်းဆွတ်ပြီးဝမ်းနည်းရ ကြောင်း အင်တာဗျူးဖြေဆိုသူများကထုတ်ဖော်ပြောကြားကြပါသည်။ အမျိုးသမီးများအနေဖြင့် အိမ်သို့မပြန်နိုင်ကြပဲ အကြိမ်ကြိမ်အခါခါထွက်ပြေးတိမ်းရှောင်နေရပါသည်။ ယခုကဲ့သို့အကြမ်းဖက်မှုများထပ်ခါတလဲလဲကြုံတွေ့နေရပြီး မကြာခဏနေရပ်စွန့်ခွာတိမ်းရှောင်နေရမှုအပေါ် စိတ်ပင်ပန်းနွမ်းနယ်နေကြရသည့်အပြင် လုံခြုံမှုနှင့် ခိုလှုံရာလုံးဝမရှိတော့သည့် ခံစားချက်ကို အစဥ်အမြဲခံစားနေရကြောင်း အမျိုးသမီးများက ဆိုပါသည်။
  • ကြာရှည်သည့်ပဋိပက္ခများ၊ ရွာသားများအပေါ် ကျယ်ပြန့်စွာလုပ်ဆောင်နေသည့်တိုက်ခိုက်မှုများနှင့် နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများသည် လူမှုအသိုက်အဝန်းအတွင်း စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ်စိန်ခေါ်မှုအား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေကြောင်း အင်တာဗျူးဖြေဆိုသူများက တင်ပြကြပါသည်။

၅.၂။ တိုက်ခိုက်မှုများနှင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရခြင်းကြောင့် မိသားစုများအပေါ်သက်ရောက်မှုများ

  • ဆွေမျိုးသားချင်းသေဆုံးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိခြင်းသည် အမျိုးသမီးများနှင့် လူမှုအသိုက်အဝန်းတစ်ခုလုံးအတွက် လူမှုစိတ်ပိုင်းဆိုင်ရာသာယာဝပြောမှုအပေါ် ကြီးမားသည့်ထိခိုက်နစ်နာမှုဖြစ်စေပါသည်။ ခင်ပွန်းသည်ဆုံးရှုံးရခြင်းသည် မိသားစု၏ဘဏ္ဍာရေးအခြေအနေအား ပြင်းထန်စွာထိခိုက်ပျက်စီးစေသောကြောင့် အထူးသဖြင့် လူမှုစိတ်ပိုင်းဆိုင်ရာနှင့်စားဝတ်နေရေးအပေါ် စိတ်ဖိစီးစရာကောင်းသည့်စိန်ခေါ်မှုတစ်ရပ်ကို ‌ဆောင်ကျဥ်းစေပါသည်။
  • ရွာသားများသည် တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး ဒေသခံခေါင်းဆောင်များထံမှ ကြိုတင်သတိပေးချက် ရရှိပြီးနောက် ၎င်းတို့၏မိသားစုဝင်များနှင့်အတူ စစ်ဘေးရှောင်နိုင်ခဲ့သည်။ သို့သော်လည်း များသောအားဖြင့် ရုန်းရင်ဆန်ခတ်ရှိသောအခြေအနေအောက်တွင် အချို့ရွာသားများသည် ၎င်းတို့၏မိသားစုဝင်များနှင့်အတူ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိကြပဲ တကွဲတပြားခွဲခွာရသည်။ ခွဲခွာနေသည့်မိသားစုဝင်များ မည်သို့နေထိုင်ရသည်ကို မသိကြရသဖြင့် ဤအခြေအနေအပေါ် အလွန်အမင်းစိုးရိမ်နေကြရကြောင်း အင်တာဗျူးဖြေဆိုသူများက ထုတ်ဖော်ပြောပြခဲ့ပါသည်။

၅.၃။ ပိုမိုကျယ်ပြန့်သောလူမှုအသိုက်အဝန်းအပေါ်သက်ရောက်မှုများ

  • နေရပ်စွန့်ခွာတိမ်းရှောင်နေရခြင်းတွင် ဤကဲ့သို့တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား လူစုကွဲသွားခြင်းသည် ဆက်ဆံရေးများလည်း ကြဲသွားကြပြီး ယဥ်ကျေးမှုဓလေ့ထုံးတမ်းနှင့်ပတ်သက်ဆက်နွယ်မှုများအပေါ်ပျက်ပြားစေကြောင်း အမျိုးသမီးများကမျှဝေပြောကြားခဲ့သည်။ လူမှုအသိုက်အဝန်းတကွဲတပြားဖြစ်သွားခြင်းနှင့် အပြန်အလှန်ဖေးမကူညီမှုစနစ်ဆုံးရှုံးခြင်းသည် အသိုက်အဝန်းများအကြား ဝမ်းနည်းပူဆွေးမှုနှင့် အထီးကျန်မှုများဖြစ်ပေါ်စေကြောင်း တင်ပြကြပါသည်။
  • မြန်မာစစ်တပ်မှ လူစုလူဝေးရှိသည့် နေရာများဆီသို့ ဗုံးကြဲတိုက်ခိုက်လေ့ရှိသည့်အပေါ် လုံခြုံရေးဆိုင်ရာစိုးရိမ်မှုမြင့်မားသောကြောင့် အုပ်စုကြီးဖြင့် စုဖွဲ့နေထိုင်ခြင်းအား ရှောင်ကျဥ်ပြီး မည်သည့် ဆူညံမှုမှ မဖြစ်အောင် နေထိုင်ကြကြောင်း အမျိုးသမီးအချို့မှ ဝေမျှပြောကြားပါသည်။ ဤသည်ကား အမျိုးသမီးများအား လူမှုရေးဆိုင်ရာ အခမ်းအနားများလက်လှမ်းမီနိုင်ခွင့်အပေါ် သက်ရောက်စေပါသည်။ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများအားကြောက်ရွံ့နေရခြင်းကြောင့် လူမှုရေးဆိုင်ရာပွဲလမ်းသဘင်အခမ်းအနားများတက်ရောက်ခြင်းနှင့် ဦးဆောင်ကျင်းပခြင်းများပြုလုပ်ရန် စိန်ခေါ်မှုအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း အင်တာဗျူးဖြေဆိုသူ သုံးပုံတစ်ပုံမှ တင်ပြခဲ့သည်။
  • အင်တာဗျူးဖြေဆိုသူ ၇၅ ရာခိုင်နှုန်းမှ လူမှုအသိုက်အဝန်းအတွင်း ပညာသင်ကြားနိုင်ခွင့်အတွက် ကြီးမားသည့် စိန်ခေါ်မှုနှင့်ရင်ဆိုင်ကြုံတွေ့ နေရကြောင်းဆိုပါသည်။ မိမိ၏ကလေးများအား ကျောင်းထားလိုသော်လည်း မြန်မာစစ်တပ်မှ စာသင်ကျောင်းများအပေါ် ရမ်းသမ်းတိုက်ခိုက်မှုနှင့် တမင်ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုများကြောင့် ကလေးများကို ကျောင်းသို့ပို့ရန် ကြောက်ရွံ့နေကြကြောင်း အမျိုးသမီးအများအပြားက ဝေမျှပြောကြားလာပါသည်။ 
  • အမျိုးသမီးအများအပြားက နေရပ်စွန့်ခွာတိမ်းရှောင်ပြီးနောက်ပိုင်း ၎င်းတို့ကိုယ်တိုင် သို့မဟုတ် သူတို့သိသည့် အခြားအမျိုးသမီးများသည် ပညရေးကိုလက်လွှတ်ခဲ့ရကြောင်းနှင့် ၎င်းတို့၏ဘဝအခြေအနေပါ ပိုမိုဆိုးရွားလာခဲ့ကြောင်း ဆိုပါသည်။ ပညာသင်ကြားခွင့်ဆုံးရှုံးရခြင်းသည် အမျိုးသမီးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများဖြစ်ပေါ်နိုင်ကြောင်း အင်တာဗျူးဖြေဆိုသူအများအပြားက ဆိုပါသည်။

၅.၄။ စိတ်ပိုင်းဆိုင်ရာဖိစီးမှုပြဿနာများလျှော့ချရန်အတွက် အမျိုးသမီးများ၏နည်းဗျူဟာများ

  • မြန်မာစစ်တပ်မှတိုက်ခိုက်မှုနှင့် နောက်ဆက်တွဲဖြစ်ပေါ်လာသော နေရပ်စွန့်ခွာတိမ်းရှောင်နေရမှုများကြောင့် အမျိုးသမီးများ၏လူမှုစိတ်ပိုင်းဆိုင်ရာသာယာဝပြောမှုအပေါ်စိန်ခေါ်မှုများဆိုးရွားစွာရှိနေသော်လည်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိအမျိုးသမီးများသည် သူတို့၏စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို တက်ကြွစွာပြန်လည်မြှင့်တင်ရန်အတွက် နည်းလမ်းများစွာအသုံးပြုနေကြပါသည်။
  • အမျိုးသမီးများ၏စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုများကိုလျှော့ချရန် အဓိကနည်းလမ်းတစ်ခုမှာ အပြန်အလှန် အားပေးကူညီခြင်းပင်ဖြစ်ပါသည်။ အမျိုးသမီးများအတွက်သီးသန့်ဖြစ်သော အရေးကြီးသည့်နည်းဗျူဟာတစ်ခုမှာ အပြန်အလှန်ဖေးမကူညီခြင်းနှင့် ရံဖန်ရံခါဆိုသလို ဖြေရှင်းမှုနည်းလမ်းများရှာဖွေရန်အတွက် ၎င်းတို့၏အတွေ့အကြုံနှင့် စိုးရိမ်ပူပန်မှုများကိုစုစည်းပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဝေမျှခြင်းဖြစ်သည်။
  • အမျိုးသမီးအချို့သည် ဆုတောင်းခြင်း၊ ကျမ်းစာကျောင်းတွင် ဓမ္မစာပေများသင်ယူခြင်း၊ အွန်လိုင်းပေါ်မှဝိညာဥ်ရေးရာနှင့် စိတ်ဓာတ်ခွန်အားဖြည့်စေသည့် ဓမ္မတရားတော်နှင့် ဆရာတော်များ၏ဆုံးမသြဝါဒများကို ကြည့်ရှုကြားနာခြင်း၊ တရားကျင့်ခြင်းအပါအဝင် ကလေးသူငယ်များနှင့်အချိန်ကုန်ဆုံးခြင်းစသည်တို့ဖြင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားများကို ပြန်လည်ရယူနိုင်ခဲ့ကြပါသည်။

“ကျွန်မတို့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အားပေးစကားပြောကြတယ်။ စိတ်ဓာတ်ခိုင်မာစွာနဲ့နေဖို့ပြောကြတယ်။ ဒါကတစ်ရက်တည်းမဟုတ်ဘူးလေ။ ဒီလိုအခြေအနေက အချိန်ကာလအကြာကြီးရှိနေမှာ။ ငြိမ်းချမ်းမှုမရှိမခြင်း သေနတ်သံကိုတော့ကြားနေရဦးမှာဘဲလေ။ ဒါကြောင့် ကျွန်မတို့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့လိုတယ်။” နော်စ---၊ တောအူးခရိုင်မှစစ်ဘေးရှောင်သူ

အခန်း ၆။ တရားမျှတမှုအပေါ်ထင်မြင်ချက်များနှင့် အနာဂတ်အတွက်မျှော်လင့်ချက်များ

  • မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အမျိုးသမီးများနှင့်ပြုလုပ်ခဲ့သည့်အင်တာဗျူးအားလုံးတွင် အမျိုးသမီးများသည် ၎င်းတို့၏ကိုယ်တိုင်အတွက်၊ မိသားစုဝင်အများအတွက်၊ လူမှုအသိုက်အဝန်းအတွက်နှင့် တိုင်းပြည်အတွက် အနာဂတ်မျှော်လင့်ချက်နှင့် ဆန္ဒမွန်များရှိကြောင်း ထုတ်ဖော်ပြောကြားကြပါသည်။
  • အင်တာဗျူးပြုလုပ်ခဲ့သည့်အမျိုးသမီး လေးပုံသုံးပုံကျော်မှ ထုတ်ဖော်ပြောကြားမှုအများဆုံးခံစားချက်မှာ မိမိ၏ အိမ်အားလွမ်းဆွတ်သတိရပြီး ပြန်လည်နေထိုင်လိုကြခြင်းနှင့် ငြိမ်းချမ်းစွာနေထိုင်လိုကြခြင်းတို့ပင်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးသည် တရားမျှတမှုရရှိရေးဆိုင်ရာအတွက် မရှိမဖြစ်အရေးပါသည့်အယူအဆ တစ်ခုဖြစ်နေသည်ကို အခြားသောအင်တာဗျူးဖြေဆိုမှုများတွင်လည်း ထင်ဟပ်ပေါ်လွင်နေပါသည်။ အချို့မှာ ၎င်းတို့အပေါ်ကျူးလွန်ခဲ့သည့် ထိခိုက်နစ်နာမှုများအတွက် ပြန်လည်ကုစားမှုများရရှိသည်ကိုမြင်တွေ့လိုကြောင်း ထုတ်ဖော်ပြောကြားကြပါသည်။ 
  • အနာဂတ်သို့မျှော်ကြည့်သည့်အခါ အမျိုးသမီးများအတွက်အခွင့်အရေးများပိုမိုရရှိလိုကြပြီး ကျား၊မတန်းတူညီမျှမှု တိုးတက်ကောင်းမွန်လာသည်ကိုလည်းမြင်တွေ့လိုကြောင်း အမျိုးသမီးများကဆိုပါသည်။
  • နောက်ဆုံးအနေဖြင့် မြန်မာစစ်အာဏာရှင်ခေါင်းဆောင်များအား ၎င်းတို့ကျူးလွန်ခဲ့သည့်လုပ်ရပ်များအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုပြုစေလိုကြကြောင်း အမျိုးသမီးအများအပြား ထုတ်ဖော်ပြောကြားလာပါသည်။ အမျိုးသမီးအချို့မှာမူ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်အာဏာရှင်၏ရာဇဝတ်မှုများအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိရန်နှင့် အရေးယူဆောင်ရွက်မှုပြုရန် နောက်ထပ်တာဝန်ဝတ္တရားများရှိကြောင်း ရှုမြင်ကြပါသည်။

“ကျွန်မမိသားစုနဲ့ တခြားမိသားစုတွေ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်တာကို မြင်တွေ့ချင်ပါတယ်။ ကျွန်မတို့ လွတ်လွတ်လပ်လပ်နဲ့သွားလာလုပ်စားချင်ပါတယ်။ ပြီးတော့ အိမ်ထောင်စုတိုင်းကိုလည်း သူတို့ရဲ့အသက်မွေး ဝမ်းကြောင်းပြုမှုကို ကောင်းမွန်စွာနဲ့ လက်လှမ်းမီနိုင်စွမ်းရှိစေချင်ပါတယ်။ ကျွန်မကတော့ ဒီလိုမျိုးဘဲဖြစ်စေ ချင်တယ်။ ကျွန်မတို့အားလုံး စားနပ်ရိက္ခာအလုံအလောက်ရှိပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေထိုင်ချင်ပါတယ်။” မက---၊ ဘိတ်-ထားဝယ်ခရိုင်မှစစ်ဘေးရှောင်သူ

နိဂုံး

  • ၂ဝ၂၄ ခုနှစ်နှင့် ၂ဝ၂၅ ခုနှစ်များအတွင်း မှတ်တမ်းပြုစုခဲ့သည့် ကာလတစ်လျှောက်လုံးတွင် မြန်မာစစ်တပ်မှ တိုးမြင့်လုပ်ဆောင်လာသည့် တိုက်ခိုက်မှုများကြောင့် ကရင်ပြည်နယ်တစ်ဝန်းနေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာခဲ့ပြီး ပဋိပက္ခခံနေရသည့်အမျိုးသမီးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများပိုမိုဆိုးရွားလာစေပါသည်။ 
  • ရမ်းသမ်းတိုက်ခိုက်မှု သို့မဟုတ် တမင်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသည့် နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုများသည် အမျိုးသမီးများအား အန္တရာယ်ရှိသော ပတ်ဝန်းကျင်တစ်ခုမှ အခြားနေရာတစ်ခုသို့ မည်သို့ ရွှေ့ပြောင်းနေထိုင်ရမှုများဖြစ်ပေါ်စေကြောင်းနှင့် ထိုသို့ ဖြစ်ပေါ်ခြင်းအပေါ် စိန်ခေါ်မှုအသစ်များကြုံတွေ့ရခြင်းနှင့် ပိုမိုကြီးမားသောစိန်ခေါ်မှုများမည်သို့ဆင့်ကဲဖြစ်ပွားခဲ့ပြီး အမျိုးသမီးများနေရပ်စွန့်ခွာတိမ်းရှောင်နေရသည့်အပေါ် မည်သို့နားလည်သဘောပေါက်လာကြောင်းကို ဤအစီရင်ခံစာမှ ဖော်ပြထားပါသည်။ အတိအကျဆိုရသော် ဤအစီရင်ခံစာသည် နေရပ်စွန့်ခွာတိမ်းရှောင်မှုအပြင် ၎င်း၏နောက်ဆက်တွဲဖြစ်ပေါ်လာသော ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးနှင့် ဘေးအန္တရာယ်များ၊ အသက်မွေးဝမ်းကြောင်းပြုမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ယင်းနှင့် ဆက်စပ်နေသည့်အခြေခံလိုအပ်ချက်များအား လက်လှမ်းမီနိုင်စွမ်းအပေါ် အခက်အခဲများ၊ ကျန်းမာရေးနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုအပေါ်သက်ရောက်နေသည့် နောက်ဆက်တွဲဆိုးကျိုးများ၊ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် အမျိုးသမီးများ၏လူမှုစိတ်ကျန်းမာရေးသာယာဝပြောမှုအပေါ် နက်ရှိုင်းစွာ ဖြစ်ပေါ်လာသည့်ထိခိုက်မှုများစသည်တို့အား လေ့လာဆန်းစစ်ထားပါသည်။
  • တင်ပြချက်များအရ နေရပ်စွန့်ခွာနေရခြင်းသည် မြန်မာစစ်တပ်၏အကြမ်းဖက်လုပ် ရပ်များကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ မြန်မာစစ်တပ်၏လုပ်ရပ်များဖြစ်သော လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုနှင့် အခြားတိုက်ခိုက်မှုများကြောင့် သေကြေမှု၊ ထိခိုက် ဒဏ်ရာရရှိမှု၊ အိုးအိမ်နှင့် ပြည်သူပိုင်ပစ္စည်းများထိခိုက်ပျက်စီးမှုများလည်း ဖြစ်ပေါ်စေပြီး ထိုလုပ်ရပ်များသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေအောက်တွင် တားမြစ်ထားသည်။ ဤလုပ်ရပ်များသည် မလုံခြုံမှုများကို ဖြစ်ပေါ်စေပြီး မကြာခဏ ဆိုသလို ပြည်သူများအား ဘေးကင်းလုံခြုံမှုရှာဖွေရန် နေအိမ်မှ ထွက်ပြေးတိမ်းရှောင်စေပါသည်။ ထွက်ပြေးတိမ်းရှောင်နေစဥ်တွင်လည်း အခြေခံလိုအပ်ချက်များလက်လှမ်းမမီနိုင်မှုနှင့် ဒုက္ခမျိုးစုံကိုလည်းကြုံတွေ့နေရပါသည်။
  • မြန်မာစစ်တပ်၏တိုက်ခိုက်မှုများအပြင် ၎င်းနှင့်ဆက်စပ်သည့်အကြမ်းဖက်ချိုးဖောက်မှုများကြောင့် မြင့်တက် လာသည့်နေရပ်အနှံ့မှ မလုံခြုံမှုများသည် စစ်ဘေးရှောင်နေရသည့်အမျိုးသမီးများ၏လွတ်လပ်စွာသွားလာနေထိုင်ခွင့်အပေါ် သိသာထင်ရှားသည့်ကန့်သတ်ချုပ်ချယ်မှုများဖြစ်စေပါသည်။ အမျိုးသမီးများ၏ထုတ်‌ဖော်ပြောကြားချက်များအရ မြန်မာစစ်တပ်၏လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသည့်ကြောက်ရွံ့မှုများအပေါ် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၊ စားနပ်ရိက္ခာနှင့် အခြားလိုအပ်ချက်များကိုရယူနိုင်မှု၊ ယဉ်ကျေးမှု သို့မဟုတ် လူထုစုဝေးပွဲများသို့သွားရောက်ခြင်းကိုရှောင်ကြဉ်ခဲ့ရပြီး ဤကဲ့သို့ သွားလားလှုပ်ရှားမှုများအပေါ် ကန့်သတ်ချုပ်ချယ်ခြင်းသည် အခြေခံအခွင့်အရေးများထပ်မံဆုံးရှုံးရစေပါသည်။
  • ထို့အပြင် မြန်မာစစ်တပ်၏အကြမ်းဖက်လုပ်ရပ်များသည် နိုင်ငံတကာရာဇဝတ်မှုဥပဒေ (ICL) အောက်တွင်လည်း စိုးရိမ်ဖွယ်ရာဖြစ်စေပြီး စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများလည်း ချိုးဖောက်ရာ ရောက်ပါသည်။
  • မြန်မာစစ်တပ်၏တိုက်ခိုက်မှုများသည် ထပ်ခါတလဲလဲနှင့် နေရာအနှံ့အပြားတွင် ဖြစ်ပွားနေသည့်သဘောသဘာဝရှိသည့်အပြင် အချိန်ကြာလာသည်နှင့်အမျှ အရပ်သားများ၏နေ့စဉ်ပြုမူနေထိုင်မှုများကိုပါ ကန့်သတ်ချုပ်ချယ်လာခြင်းများကြောင့် အရပ်သားပြည်သူများကြုံတွေ့ခံစားရသည့်ကြောက်ရွံ့စိတ်များသည် လက်နက်ကိုင်ပဋိပက္ခမှပေါ်ထွက်လာသည့် ဘေးထွက်ဆိုးကျိုးသက်သက်မဟုတ်ပေ။ ဤသည်မှာ အရပ်သားလူနေမှုဘဝအပေါ် ကြိုတင်ခန့်မှန်း၍မရသည့် ထပ်တလဲလဲဖြစ်ပွားနေသောအကြမ်းဖက်မှုများနှင့်ရင်ဆိုင်နေရခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ညွှန်ပြနေပါသည်။
  • တင်ပြချက်များအရ နေရပ်စွန့်ခွာနေရခြင်းသည် မြန်မာစစ်တပ်၏အကြမ်းဖက်လုပ်ရပ်များကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ မြန်မာစစ်တပ်၏လုပ်ရပ်များဖြစ်သော လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုနှင့် အခြားတိုက်ခိုက်မှုများကြောင့် သေကြေမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ အိုးအိမ်နှင့် ပြည်သူပိုင်ပစ္စည်းများထိခိုက်ပျက်စီးမှုများလည်း ဖြစ်ပေါ်စေပြီး ထိုလုပ်ရပ်များသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေအောက်တွင် တားမြစ်ထားသည်။
  • အမျိုးသမီးများသည် ၎င်းတို့ရင်ဆိုင်နေရသည့်အခြေနေဆိုးများ၊ နစ်နာဆုံးရှုံးမှုများနှင့် စိုးရိမ်ကြောက်ရွံ့မှုများရှိသည့်တိုင်အောင် အလွန်ထူးခြားပြောင်မြောက်သည့် ကြံ့ကြံ့ခံနိုင်စွမ်းကို ဆက်လက်ထုတ်ဖော်ပြသလျက်ရှိသည်။ ၎င်းတို့မှ တစ်ဦးနှင့်တစ်ဦးအပေါ် သတင်းအချက်အလက်များ၊  တုံ့ပြန်လုပ်ဆောင်သည့်နည်းဗျူဟာများ၊ ကန့်သတ်မှု ရှိလှသည့်အရင်းအမြစ်များအားဝေမျှကြပြီး ရှင်သန်ရပ်တည်နိုင်ရေးအတွက် အပြန်အလှန်အားပေးမှုများဖြင့် ၎င်းတို့၏ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းကို ထုတ်ဖော်ပြသလျက်ရှိနေပါသည်။ သို့စေကာမူ ဤကဲ့သို့သောကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသည့်နည်းလမ်းများပေါ် အမျိုးသမီးများသည် ဖိနှိပ်အုပ်ချုပ်မှုကင်းဝေးကာ အခွင့်အရေးများအပြည့်အဝရှိပြီး ဂုဏ်သိက္ခာရှိသော လူမှုဘဝဖြင့်နေထိုင်ရသည်ဟု နားလည်သဘောပေါက်၍မရပါ။
     

“ ကျွန်မအိမ်နဲ့ရွာကိုသတိရတယ်။ ကျွန်မတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေထိုင်ခဲ့ဖူးတယ်။ ဘာသာရေးအခမ်းအနားပွဲတွေကိုလည်း ကျင်းပခွင့်ရှိခဲ့တယ်။ ကျွန်မတို့ရဲ့အိမ်ဆိုရင်လည်း ကလေးတွေရဲ့ပျော်ရွှင်သံနဲ့ပြည့်နှက်ခဲ့ဖူးတယ်။ ကျွန်မရဲ့ရွာနဲ့အိမ်ကိုအရမ်းလွမ်းတယ်။ အခုကျွန်မတို့အိမ်လည်း လူသူမရှိဘဲအထီးကျန်ဆိတ်သုဥ်းနေပြီး။ ကျွန်မအိမ်နဲ့ပတ်သက်တဲ့အရာရာတိုင်းကို သတိရနေတယ်။” နော်အဗ---၊ ဒူးသထူခရိုင်တွင်း စစ်ဘေးရှောင်သူ

အကြံပြုချက်များ

ကရင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ကြောင့် ဆက်လက်ဖြစ်ပွားနေသည့်ပဋိပက္ခများသည် လူ့အခွင့်အရေးချိုးဖောက်မှုများ၏အဓိကအကြောင်းအရင်းဖြစ်သည်ကို အသိအမှတ်ပြုလျက် ကျွန်ုပ်တို့မှ အောက်ပါအတိုင်း လေးလေးနက်နက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အာဆီယံ (ASEAN)၊ နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂ (UN) သို့ တိုက်တွန်းချက်များ

  • မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိုတွန်းအားဖြစ်စေသည့် အားလုံးပါဝင်နိုင်သောဒီမိုကရေစီနည်းကျသော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းလာစေရန် လုပ်ဆောင်နေကြသည့် ဒေသခံအဖွဲ့အစည်းများသည် ကာလကြာရှည် အတွေ့အကြုံများ၊ ဒေသတွင်းလက်လှမ်းမီနိုင်မှုနှင့် ဒေသခံထူထုနှင့် အပြန်အလှန်ယုံကြည်မှုရှိသည့်အလျောက် ဤကဲ့သို့ဒေသတွင်း တရားဝင်ကိုယ်စားပြုမှုရှိသော ဒေသခံအဖွဲ့အစည်းများထံသို့ ဘဏ္ဍာရေး၊ နိုင်ငံရေးနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများပေးအပ်ရန်။
  • နိုင်ငံရေး၊ သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာထိတွေ့ဆက်ဆံမှုများအပါအဝင် စစ်အုပ်စု၏ “အစိုးရ” ကို တရားဝင်မှုဖြစ်စေမည့် မည်သည့်လုပ်ရပ်ကိုမဆို တရားဝင်ဆက်လက်ရှုတ်ချရန်နှင့် ရှောင်ကြဉ်ရန်။ ပြုလုပ်ခဲ့သည့် ၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲများမဖြစ်သကဲ့သို့ မြန်မာပြည်သူလူထု၏ဆန္ဒကိုလည်း ကိုယ်စားမပြုပါ။ အရပ်သားအုပ်ချုပ်ရေးသို့ ကူးပြောင်းခြင်းဖြစ်သည်ဟု စစ်တပ်မှ အကြောင်းပြလုပ်ဆောင်သည့်လုပ်ရပ်များသည် ဟန်ပြသက်သက်သာဖြစ်ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းခြင်းကို မဆိုလိုပါ။
  • ရုရှားနှင့် တရုတ်နိုင်ငံကဲ့သို့ မြန်မာစစ်အုပ်စုထံ သံတမန်ရေးရာအရ ကျောထောက်နောက်ခံပေးနေသည့် နိုင်ငံများသည် စစ်အုပ်စုနှင့်ထိတွေ့ဆက်ဆံမှုအားလုံးကို ရပ်တန့်ရမည်။ ဤနိုင်ငံများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏အရေးယူဆောင်ရွက်မှုများကို ပိတ်ဆို့ခြင်း၊ စစ်အုပ်စု၏တရားဝင်မှုကို ပြန်လည်အသက်ဝင်စေခြင်းနှင့် လက်တွေ့တွင် ပြည်သူလူထုအပေါ် တိုက်ရိုက်ထိခိုက်နစ်နာစေသော ပဋိပက္ခရလဒ်များကိုလွှမ်းမိုးခြယ်လှယ်ခြင်းဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုကို အားပေးကူညီနေ ကြသည်။ လက်ရှိတွင် စစ်အုပ်စုနှင့်ထိတွေ့ဆက်ဆံမှုမပြုသည့် နိုင်ငံများအနေဖြင့် ရုရှား၊ တရုတ်နှင့် အခြားနိုင်ငံများကိုလည်း ထိုနည်းတူ လုပ်ဆောင်လာစေရန် ဖိအားပေးသင့်သည်။
  • စစ်အုပ်စုနှင့် ၎င်းတို့၏မိတ်ဖက်များ အမြတ်ထုတ်အသုံးချနေသည့်ဥပဒေဟာကွက်များကိုပိတ်ဆို့ခြင်းဖြင့် လက်ရှိချမှတ်ထားသော စစ်ရေးပိတ်ဆို့အရေးယူမှုများကို တင်းကျပ်စွာအကောင်အထည်ဖော်ရန်နှင့် မြန်မာစစ်တပ်အပါအဝင် စစ်လက်နက်ပစ္စည်းရောင်းဝယ်ပေးခြင်းမှတစ်ဆင့် စစ်တပ်ကိုအားပေးကူညီနေသူများ၏ လက်နက်၊ စက်သုံးဆီနှင့် အခြားစစ်ဘက်ဆိုင်ရာပစ္စည်းများအ‌ပေါ် ပိတ်ဆို့အရေးယူမှုများထပ်တိုးချမှတ်ရန်။
  • ကုလသမဂ္ဂသည်သမိုင်းတစ်လျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများကိုလုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်။ ယင်းကို ပြုပြင်တည့်မတ်ရန်အတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ကျွန်ုပ်တို့တိုက်တွန်းပါသည်။ ဤကဲ့သို့လုပ်ဆောင်ရာတွင် ဒေသတွင်းအတွေ့အကြုံများအပေါ် အခြေခံထားသည့်ကျွမ်းကျင်မှုများကို အလေးအနက်ထား ထည့်သွင်းစဉ်းစားခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ထိခိုက်ခံစားရသူများကို လူရာမဝင်သည့် ဒုက္ခခံစားရသူများအဖြစ်သဘောမထားဘဲ ပွင့်လင်းမြင်သာမှုရှိသောပူးပေါင်းဆောင်ရွက်မှုများလိုအပ်သည်။ လက်တွေ့ကျကျဆိုရသော် စစ်အုပ်စုသည် အဓိကပြဿနာအရင်းခံဖြစ်ကြောင်း တရားဝင် အသိအမှတ်ပြုခြင်းနှင့်အတူ စစ်တပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် မြန်မာပြည်သူများကိုယ်တိုင် လုပ်ဆောင်နေသည့် လက်ရှိကြိုးပမ်းအားထုတ်မှုများကို ထိရောက်စွာပံ့ပိုးကူညီခြင်းကို ဆိုလိုသည်။
  • မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သောလူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများနှင့် ဖြစ်နိုင်ခြေရှိသည့် စစ်ရာဇဝတ်မှုနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင်ခွင့် (Universal Jurisdiction) အရအမှုဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတကာမှတရားစွဲဆိုရေးအဖွဲ့များကိုပံ့ပိုးကူညီရန်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သို့ တိုက်တွန်းချက်များ

  • ဦးဆောင်မှုကဏ္ဍများအပါအဝင် KNU ဌာနအားလုံးတွင် အမျိုးသမီးများတန်းတူညီမျှစွာပါဝင်ခွင့် ရရှိစေမည့်မူဝါဒများကို ရေးဆွဲအကောင်အထည်ဖော်ခြင်းဖြင့် ရိုးရာ ကျား၊မ အယူအဆများ၊ လူမှုရေးအရခွဲခြားနှိမ့်ချမှုများနှင့် ပဒေသရာဇ် သို့မဟုတ် ဖိုကြီးစိုးရေးဝါဒအယူအဆများအပါအဝင် လိင်ပိုင်းဆိုင်ရာနှင့် ကျား-မအခြေပြုအကြမ်းဖက်မှု (SGBV) နှင့် ကျား၊မ ခွဲခြားဆက်ဆံမှုတို့၏အရင်းအမြစ်ပြဿနာများကိုဖြေရှင်းရန်။ ဤကဲ့သို့လုပ်ဆောင်ခြင်းဖြင့် အနာဂတ်အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေးကြိုးပမ်းမှုများတွင် အမျိုးသမီးများပါဝင်ခွင့်ရရှိစေရန် အထောက်အကူပြုမည်ဖြစ်သည်။
  • ဂျီနီဗာကောလ် (Geneva Call) နှင့် ၂၀၁၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ အခြေအနေများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများပိတ်ပင်တားဆီးရေးနှင့် ကျား၊မ ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာကတိကဝတ်ပြုလွှာပါ တာဝန်ဝတ္တရားများအားလုံးကို လိုက်နာစောင့်ထိန်းရန်။

အဓိကအရင်းခံအကြောင်းတရားများကို ဖြေရှင်းခြင်းသည်အခြေအနေများကို ကောင်းမွန်လာစေမည်ဖြစ်သော်လည်း လက်ရှိတွင် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ကြီးမားလှသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များ (ဥပမာ - ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်း၊ ပညာရေးနှင့် လုံလောက်သော လူနေမှုအဆင့်အတန်းရရှိပိုင်ခွင့်အပါအဝင် အခြားအခွင့်အရေးများချိုးဖောက်ခံရခြင်း) ကြောင့်ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ဤအစီရင်ခံစာမှထောက်ပြနေသည်။ ဤပြဿနာများကို ချက်ချင်းဖြေရှင်းခြင်းဖြင့် ပြည်သူများမှမလိုအပ်ဘဲ ခံစားနေရသောဆင်းရဲဒုက္ခများကို သက်သာစေမည်ဖြစ်ပြီး ဤဖြေရှင်းချက်များသည် အချိန်ကြန့်ကြာနိုင်သောအသွင်ကူးပြောင်းရေးကာလတရားမျှတမှု လုပ်ငန်းစဉ်များအပေါ်လုံးဝအမှီပြုနေခြင်း မဟုတ်သောကြောင့် ယခုချက်ချင်းဆောင်ရွက်သင့်သည်။ ထို့ကြောင့် ကျွန်ုပ်တို့မှ အောက်ပါအတိုင်း လေးလေးနက်နက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)၊ အခြား ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ (INGO) နှင့် အလှူရှင်များအပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအသိုင်းအဝိုင်းသို့ တိုက်တွန်းချက်များ-

  • ရွာသူရွာသားများရင်ဆိုင်နေရသော အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များကိုဖြေရှင်းရန် ရန်ပုံငွေနှင့် နည်းပညာဆိုင်ရာပံ့ပိုးကူညီမှုများပေးအပ်ခြင်းဖြင့် နယ်စပ်ဖြတ်ကျော် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဒေသခံ CBO/CSO များနှင့် တန်းတူရည်တူရှိပြီး ပွင့်လင်းမြင်သာသောမိတ်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်ရန်။ ဤလိုအပ်ချက်များတွင် ကျန်းမာရေးစောင့်ရှောက်မှု (အထူးသဖြင့် အမျိုးသမီးသီးသန့်ကျန်းမာရေးစောင့်ရှောက်မှု)၊ စိတ်လူမှုဆက်ဆံရေးဆိုင်ရာပံ့ပိုးကူညီမှု (Psychosocial support)၊ အစားအစာနှင့် အစားအစာမဟုတ်သော ပစ္စည်းများ၊ ခိုလှုံရာနေရာနှင့် ပညာရေးလိုအပ်ချက်များပါဝင်သည်။ မသန်စွမ်းသူများသည် ထွက်ပြေးတိမ်းရှောင်နေရစဉ်အတွင်းစိန်ခေါ်မှုများကို ပိုမိုထိခိုက်ခံစားရနိုင်သောကြောင့် ၎င်းတို့အတွက် ရည်ရွယ်ချက်ရှိရှိ သီးသန့်ပံ့ပိုးကူညီမှုများပေးရန် အထူးအရေးကြီးသည်။
  • တရားဝင်လမ်းကြောင်းဖြင့်မဟုတ်သော ကူညီကယ်ဆယ်ရေးနှင့် ကုန်သွယ်မှုများအတွက် နယ်စပ်ဂိတ်များကို ဖွင့်လှစ်ပေးထားရန်အတွက် အိမ်နီးချင်းနိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းပေးရန်။ ယခုအချိန်တွင် တရားဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ကူညီကယ်ဆယ်ရေးနှင့် ကုန်သွယ်မှုများကိုမပြုလုပ်ရန် ကျွန်ုပ်တို့အကြံပြုလိုသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့လုပ်ဆောင်ခြင်းသည် စစ်အုပ်စုကို တရားဝင်မှုရှိစေရုံသာမက ကူညီကယ်ဆယ်ရေးပစ္စည်းများသည် ပဋိပက္ခဒဏ်ခံစား နေရသောပြည်သူများထံသို့မရောက်ရှိဘဲ မြန်မာစစ်တပ်ထံသို့လမ်းလွှဲရောက်ရှိသွားနိုင်သည့်စိုးရိမ်ရမှုများကို တိုးပွားစေသောကြောင့်ဖြစ်သည်။
  • လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းပြချက်များကို အခြေခံ၍ဖြစ်စေကာမူ မြန်မာစစ်တပ်နှင့် ၎င်းတို့၏တရားမဝင်အစိုးရတို့နှင့် မည်သည့်ထိတွေ့ဆက်ဆံမှုမျိုးကိုမဆို ရှောင်ကြဉ်ရန်။ အဘယ်ကြောင့်ဆိုသော် လူသားချင်းစာနာထောက်ထားမှုအကူအညီများအား စစ်ကောင်စီမှတစ်ဆင့်ပေးအပ်ခြင်းသည် ပြည်သူများထံသို့ ကူညီထောက်ပံ့မှုများရောက်ရှိမည်မဟုတ်ပါ။ သို့မဟုတ်ပါက ၎င်းတို့၏အဓမ္မဖိအားပေးခြိမ်းခြောက်သည့် လက်နက်တစ်ခုအဖြစ် အသုံးချခံရမည်ဖြစ်ကြောင်း ဒေသတွင်း ဆယ်စုနှစ်များစွာဖြတ်သန်းခဲ့ရသည့်အတွေ့အကြုံများမှ သက်သေပြနေသောကြောင့်ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သို့ တိုက်တွန်းချက်များ

  • စစ်ဘေးရှောင်နေရသူများ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို အထောက်အကူပြုနိုင်မည့် နယ်စပ်ဖြတ်ကျော်ဈေးကွက်ပေါ်ထွန်းရေးလမ်းစများဖော်ဆောင်နိုင်ရန်အတွက် ဒေသခံ CBO/CSO များနှင့် ပူးပေါင်းဆောင်ရွက်ရန်။
  • အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကြောင်းကဏ္ဍအားလုံးရှိ ဆုံးဖြတ်ချက်ချမှတ်သည့်အဆင့်တိုင်းတွင်၊ အထူးသဖြင့် KNU ၏အရပ်ဘက်ဝန်ထမ်းဌာနများအတွင်း အမျိုးသမီးများပိုမိုပါဝင်လာစေရန် အားပေးမြှင့်တင်မည့်အခြားသောနည်းလမ်းများကို တက်ကြွစွာရှာဖွေဖော်ထုတ်ရန်။ ဤကဲ့သို့ လုပ်ဆောင်ရာတွင် သင့်လျော်သောစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများပေးခြင်း၊ အမျိုးသမီးများ၏စွမ်းဆောင်မှုများကိုအသိအမှတ်ပြုခြင်းနှင့် ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးသူငယ်ပြုစုစောင့်ရှောက်ခြင်းနှင့် လုံခြုံရေးဆိုင်ရာစိုးရိမ်ရမှုများကဲ့သို့သော အမျိုးသမီးများ၏သီးခြားလိုအပ်ချက်များနှင့်သင့်လျော်အောင် ဖြည့်ဆည်းပေးခြင်းများကို မဖြစ်မနေလုပ်ဆောင်ပေးခြင်းဖြင့် အကောင်အထည် ဖော်နိုင်သည်။
  • KNU ၏ ကျား၊မ တန်းတူညီမျှမှုဆိုင်ရာ မူဝါဒကို အမြန်ဆုံး လူသိရှင်ကြား ထုတ်ပြန်ပေးရန်။ ထိုမှသာ ကော်သူးလေအတွင်းရှိ အမျိုးသမီးအားလုံးဝင်ရောက်လေ့လာနိုင်ပြီး ၎င်းတို့၏သဘောထားတုံ့ပြန်ချက်များကို ပေးနိုင်မည်ဖြစ်သည်။ ဤမူဝါဒသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာသဘောတူစာချုပ်(CEDAW) တွင် ဖော်ပြထားသည့်အတိုင်း ကျား၊မ ခွဲခြားဆက်ဆံမှုပပျောက်ရေးနှင့် ကျား၊မဆိုင်ရာအခွင့်အရေးများကာကွယ်ရေးအတွက် အကောင်းဆုံးသော ကျင့်ထုံးများနှင့် ကိုက်ညီမှုရှိကြောင်း သေချာစေရန်။

စီးပွားရေးအကျပ်အတည်းများကြောင့် နောက်ထပ်နေရပ်စွန့်ခွာနေရမှုများကိုမဖြစ်စေရန်နှင့် လက်ရှိနေရပ်စွန့်ခွာနေရခြင်းကြောင့် ဖြစ်ပေါ်လာသောအခက်အခဲများကိုလျှော့ချရန်အတွက် KNU လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် အရပ်ဘက်ဝန်ထမ်းများ၏မိသားစုဝင်များထံသို့ ဘဏ္ဍာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာပံ့ပိုးကူညီမှုများအပြည့်အဝပေးအပ်ရန်။

Wed, 22 Jul 2026

ဖးအါထီၣ်တၢ်ဂ့ၢ်ဘၣ်ထွဲတဖၣ်

There is no data.