ထုံးဘိုလေးရွာ စစ်ရှောင်များအား သွားရောက်ကူညီရာတွင် ထွေအုပ်ရုံးထောက်ခံချက်ပါမှသာ သွားခွင့်ရ

Tue, 19 Jul 2022

    

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် (တပ်မဟာ(၁)နယ်မြေ) သထုံမြို့နယ် ထုံးဘိုလေး (ကော်ကျာသဲ)ကျေးရွာတွင် နေရပ်ပြန်လည်နေထိုင်သည့် စစ်ဘေးရှောင်များအတွက် အကူအညီသွားပေးမည့် အလှူရှင်များအနေဖြင့် ထွေအုပ်ခွင့်ပြုချက်ထောက်ခံစာပါရှိမှသာ စစ်ကောင်စီတပ်က သွားခွင့်ပြုသည်ဟု သိရသည်။

ထုံးဘိုလေးကျေးရွာတွင် နေအိမ်မီးရှို့ခံရသည့် နေရပ်ပြန် စစ်ဘေးရှောင်ပြည်သူများအား သွားရောက်အကူအညီ ပေးသည့်အခါတွင် သထုံမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ထွေအုပ်)ရုံး၏ ခွင့်ပြုချက်ထောက်ခံစာပါရှိမှသာ စစ်ကောင်စီတပ်က သွားခွင့်ပြုသည့် အခြေအနေနှင့်ပတ်သက်၍ စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေ သူများနှင့် နီးစပ်သူတစ်ဦးက ယခုလို ပြောသည်။

“အလှူရှင်တွေက လာချင်တိုင်းလာလို့မရဘူး။ စစ်တပ်က စိစစ်ရေးထောက်ခံချက်လိုအပ်တယ်။ စစ်တပ် ထောက်ခံချက်က သထုံစုပေါင်းရုံးမှာ သွားယူရမယ်။ ကိုယ်လှူတဲ့ပစ္စည်းက ဘာအမျိုးအစားလဲ၊ သူတို့က ဓာတ်ပုံတွေရိုက်မယ်ရိုက်ပြီးမှ ပို့လို့ရတယ်။”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထောက်ခံစာမပါသည့် စစ်ရှောင်အကူအညီပစ္စည်းများကို သထုံမြို့နယ် ဝင်းပရွာ အခြေစိုက် အမှတ်(၉) ခြေမြန်တပ်ရင်း မှ ပစ္စည်းသိမ်းယူခြင်းရှိသည့်အပြင် ၎င်းစခန်းရှေ့ ဖြတ်သွားကာ စားသောက်ကုန်ပစ္စည်းများသယ် ဆောင်ရာတွင်လည်း အကန့်အသတ်ဖြင့်သာ သယ်ဆောင်ခွင့်ပြုသည်ဟုလည်း ဒေသခံထံများမှ သိရသည်။

ဒေသခံတစ်ဦးက “ထောက်ခံစာမပါရင် ပစ္စည်းတွေသိမ်းတယ်တာရှိတယ်။ အခုသိမ်းတာက ဝင်းပစခန်းက သိမ်းတာ။ အဲဒါလက်တွေ့ပဲ။ အခုဒေသခံတွေက မြို့မှာ ဆန်တွေသွားဝယ်တာ (၃)ပြည်အထက်ပြန် သယ်လာ လို့မရဘူး။ စစ်တပ်တွေက အခုရွာတွေမှာ ဝင်ထွက်သွားလာတာတော့ မတွေ့ရဘူး။ ဒါပေမယ့် သူတို့က အဲဒီ အမှတ်(၉) တပ်မှာပဲ စောင့်ပြီးစစ်နေတယ်။ ကုန်ပစ္စည်းရောင်းဝယ်လုပ်တဲ့ဒေသခံတွေကလည်း အဲဒီလမ်းကို မသွားရဲဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်က ထုံးဘိုလေးကျေးရွာထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်ချိန် တွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ် ၆၆ လုံး မီးရှို့သွားခဲ့သည့်အပြင် သံဃာတော် တစ်ပါး အပါအဝင် ဒေသခံအရပ်သား (၃) ဦးကိုလည်း နေအိမ်နှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့သည့်အတွက် ဒေသခံများ ကြောက်လန့်ကြ၍ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်နေရသည့် ထုံးဘိုလေးဒေသခံများသည် လက်ရှိအချိန်တွင် ထက်ဝက်ခန့်မှာ ကျေးရွာ၌ ပြန်လည်နေထိုင်ကြပြီးဖြစ်သော်လည်း စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲချိန်တွင် လူနေအိမ်များကို မီးရှို့ခဲ့သည့်အပြင် နေအိမ်အချို့တွင်ပစ္စည်းများကိုပါ ဖျက်ဆီးယူဆောင်သွားမှုများ လုပ်ဆောင်သည့်အတွက် နေအိမ်ပြန်လာနေထိုင်ကြသည့် ဒေသခံရွာသားမှာ စားနပ်ရိက္ခာနှင့် အခြားထောက် ပံ့မှုအကူအညီများ လိုအပ်နေသည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

ထို့အပြင် နေရပ်မပြန်နိုင်ကြသေးသော စစ်ဘေးရှောင်များသည်လည်း အမိုးအကာ နေရာထိုင်ခင်းများ အရေးပေါ် လိုအပ်နေပြီး စစ်ရှောင်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုအများအပြားသည်လည်း ဖျားနာနေကြ၍ ဆေးဝါးအကူအညီများ လိုအပ်နေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ထားသည်။

Related Readings