Fri, 04 Mar 2022
ဒူးသထူခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို-ဘီးလင်းမြို့နယ်အတွင်း ဆက်လက်ဖြစ်ပွားနေသောတိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရှိခြင်းနှင့် ပိုင်ဆိုင်မှုများပျက်စီးသွားခြင်းအပြင် နေရပ်ရွှေ့ပြောင်းနေထိုင်သူ (IDP) ဦးရေ ၂,၀၀၀ ကျော်အထိရှိလာခြင်း

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့မှ ၂၀၂၂ခုနှစ်, ဇန်နဝါရီလ ၁၁ရက်နေ့ အထိ ဒူးသထူ (သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြောင်းအရာများကို ဖော်ပြထားပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ စစ်သား (၆၀) ဦးခန့်အား ဟ--- ကျေးရွာတွင်ပို့ဆောင်ခဲ့ပြီး ဘီးလင်းမြို့နယ်၊ ဟ--- နှင့် အ--- ကျေးရွာအတွင်း ကရင်အမျိုးသားလွတ်မြှောက်ရေး တပ်မတော် (KNLA) နှင့် SAC ၏ ပူပေါင်းတပ်ဖွဲ့ဖြစ်သည့် နယ်ခြားစောင့်တပ်တို့ (BGF) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထို့ကဲ့သို့တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ငါးရွာမှ ရွာသား ၂,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရခြင်း၊ စာသင်ကျောင်း ရှစ်ကျောင်းပိတ်ထားရခြင်း၊ ရွာသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခြင်း၊ အိမ်များနှင့် သစ်သီးဝလံပင်များပျက်စီးခြင်း နှင့် ဝက်တစ်ကောင်သေဆုံးသွားခဲ့ပါသည်။ ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာသားများသည် အစားအစာနှင့် နေရာထိုင်ခင်း အပါအဝင် အထောက်အပံ့များအတွက် အခြားသောရွာသားများထံတွင် မှီခိုကြရပါသည်။[1]

 

နိဒါန်း

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်နေ့တွင် ဘီးလင်းမြို့နယ်အတွင်းရှိ KNLA စစ်သားများမှ BGF ယိုကလားစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ချိန်တွင် ဟ--- နှင့် အ--- ကျေးရွာရှိ ရွာသားမြောက်များစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့တွင် SAC ၏ ခြေမြန်တပ်မအမှတ် (၂၂)၊ ခြေမြန်တပ်ရင်းအမှတ် (၁၀၄) နှင့် ပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် BGF တို့သည် ဟ--- ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် စစ်ဆင်ရေးအတွက် ယခင်ကဲ့သို့ အခြေချခဲ့ကြသည်။ ၂၀၂၂ ခုနှစ်, ဇန်နဝါရီလ ၉ ရက်နေ့တွင် အ--- ကျေးရွာသို့ ပြောင်းခဲ့ကြပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ အ--- ကျေးရွာသားများ၏ နေအိမ်များတွင် စစ်ဆင်‌ရေးအတွက်အခြေချခဲ့ကြပါသည်။ ထိုအချိန်အတော်အတွင်း KNLA မှ SAC နှင့် BGF တပ်ဖွဲ့များကို နေ့စဥ်နီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပါသည်။ တိုက်ပွဲဖြစ်ပွားသည့်အချိန်တွင် ဟ--- ကျေးရွာရှိ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ဟ--- နှင့် အ--- ကျေးရွာရှိ ရွာသားများ၏ နေအိမ်များနှင့် သစ်သီးဝလံပင်များပျက်စီးသွားပြီး အိမ်မွေးတိရစ္ဆာန်းများမှာလည်း သေဆုံးသွားပါသည်။

ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ယိုကလားကျေးရွာအုပ်စုအတွင်း SAC ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးထိခိုက်ဒဏ်ရရှိခြင်း

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ရက်နေ့တွင် တိုက်ပွဲမကြာခဏဖြစ်ပွားမှုများပြားလာခြင်းကြောင့် ဟ---၊ ဝ---၊ အ---၊ ဗ--- နှင့် ရ--- ကျေးရွာငါးရွာရှိ ရွာသား ၂,၀၀၀ ကျော်တို့သည် အခြားသောကျေးရွာများနှင့် ဘီးလင်းမြို့သို့ စတင်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။ KNLA နှင့် SAC ၊ ၎င်း၏ပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် BGF တို့ကြားတိုက်ပွဲဖြစ်ပွားသည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ရက်နေ့၊ ညနေ (၅း၄၀) အချိန်တွင် SAC စစ်သားများသည် ဟ--- ကျေးရွာထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပါသည်။ ထိုကဲ့သို့လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဟ--- ရွာသားတစ်ဦးဖြစ်သည့် စောင--- မှ ၎င်း၏ ဘယ်ဖက်လက်အပြင် ၎င်း၏အစာအိမ်အောက်ဖက်နှင့် ဆီးအိမ်ပတ်လည်တွင် ဒဏ်ရာရရှိသွားခဲ့ပါသည်။ ဖြစ်ပျက်မှုဖြစ်ပွားပြီး ညနေ (၆း၃၀) အချိန်တွင် ရွာသားများသည် ၎င်းအား ဒေသခံဖွာ‌ဂေါ်ဆေးရုံးတွင် ဆေးကုသမှုခံယူရန်အတွက် ပို့ဆောင်ခဲ့ကြပါသည်။

ဆက်လက်ဖြစ်ပွားနေသောတိုက်ပွဲများ၊ ထွက်ပြေးတိမ်းရှောင်နေရခြင်းနှင့် ပိုင်ဆိုင်မှုများပျက်စီးခြင်း

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့တွင် ဟ--- ကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ညနေ (၈း၀၀) နာရီခန့် တိုက်ပွဲဖြစ်ပွားချိန်တွင် SAC စစ်သားများမှ ဟ--- ကျေးရွာတွင် လက်နက်ကြီးပစ်ခတ်ခဲ့ပါသည်။ ဇန်နဝါရီလ ၈ရက်နေ့ တိုက်ပွဲဖြစ်ပွားသည့်အချိန်တွင် ရွာသားများအားလုံး အခြားသောနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးဖြစ်သောကြောင့် ရွာသားတစ်ဦးတစ်ယောက်မျှထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပါ။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၉ရက်နေ့တွင် နံနက်အချိန်တွင် SAC နှင့် BGF တပ်ဖွဲ့များသည် ဟ--- ကျေးရွာဘုန်းကြီးကျောင်းမှ အ--- ကျေးရွာသို့ပြောင်းရွှေ့သွားခဲ့ပါသည်။ ၎င်းတို့သည် KNLA တပ်သားများနှင့် အ---
ကျေးရွာတွင် ထိတ်တိုက်တွေ့ခဲ့ပြီး ၎င်းတို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အ--- ကျေးရွာတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ တစ်ကြိမ်ဖြစ်ပွားခဲ့ပါသည်။ ကျေးရွာအတွင်း ရွာသားတစ်ဦးမျှမရှိသောကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိခဲ့ပါ။ သို့သော်လည်း အိမ်တစ်လုံးနှင့် ဝက်တစ်ကောင်သေဆုံးသွားခဲ့ပြီး (ရွာသားများ အသက်မွေးဝမ်းကျောင်းအ တွက်မှီခို သည့်) သစ်သီးဝလံပင်ကဲ့သို့သော် အုန်းပင်နှင့် သဘောပင်များမှာ ပျက်စီးသွားခဲ့ပါသည်။ SAC နှင့် BGF တပ်သားများသည် အ--- ကျေးရွာအတွင်းရှိ ရွာသားများ၏ အိမ်တွင် စစ်ဆင်ရေးအတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၉ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ အခြေချခဲ့ကြပါသည်။

စာသင်ကျောင်းရှစ်ကျောင်းပိတ်ပစ်ခဲ့ရပြီး ကျောင်းသူ/ကျောင်းသားများနှင့် ဆရာ/ဆရာမအားလုံး အခြားသောနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါသည်။ ကျောင်းသားများသည် ကျောင်းလုံးဝ တက်ရောက်နိုင်ခြင်းမရှိကြပါ။ ဘီးလင်းမြို့နယ်ရှိ ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO) ဝန်ထမ်းမှ ဘော်ဒါဆောင် ကျောင်းသားများကို ပြုစုစောင့်ရှောက်ကြရပါသည်။

ဒေသခံရွာသားတစ်ဦးမှ ဘီးလင်းမြို့နယ်အတွင်းရှိ IDPs ဦးရေမှာ ၂,၀၀၀ ကျော်အထိရှိပြီးဖြစ်ကြောင်း တွက်ချက်ခဲ့ပါသည် (ရွာငါးရွာမှ ထွက်ပြေးတိမ်းရှောင်သည့် အိမ်ထောင်စုများအပေါ်အခြေခံထားခြင်းဖြစ်သည်)။ IDP များသည် လိုအပ်ချက်များဖြစ်သော နေရာထိုင်ခင်း၊ အစားအစာ နှင့် အခြားသောလိုအပ်ရာများအတွက် အခြားသောရွာသားများထံတွင် မှီခိုကြရပါသည်။ IDP များအတွက် အစားအစာနှင့် လုံခြုံရေးတို့သည်အရေးတကြီးလိုအပ်လျှက်ရှိနေပါသည်။

Fri, 04 Mar 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ရရှိသောအကြောင်းအရာ၌ အခြေခံထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်းရေး သားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်