
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်း (၈) နာရီခွဲဝန်းကျင်တွင် မြန်မာစစ်တပ် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၇၃) မှ ပစ်လိုက်သော လက်နက်ကြီး (၃) လုံးသည် တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်၊ ဇရပ် ကြီးတောင်ခြမ်းအုပ်စု၊ အအ---ကျေးရွာ၌ ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီး (၂) လုံးသည် ဒေါ်အ---၏ နေအိမ် ခြံဝန်းထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ပထမတစ်လုံးသည် ၎င်း၏အိမ်နောက်ဖက်တွင် ကျပေါက်ကွဲခဲ့ပြီး ဒုတိယ တစ်လုံးသည် အိမ်ခြံဝန်းအနောက်ဖက်ရှိ ရေအိုင်ထဲကျခဲ့သည်။ သို့သော် ဒုတိယအကြိမ်ပစ်လိုက်သော လက်နက်ကြီးတစ်လုံးသည် မပေါက်ကွဲခဲ့ပါ။ တတိယလက်နက်ကြီးတစ်လုံးသည် ၎င်းအိမ်ရှေ့အုတ်ခုံခြေရင်းတွင် ကျရောက်ပေါက် ကွဲခဲ့သည်။
ပထမလက်နက်ကြီးတစ်လုံးပေါက်ကွဲစဉ် ဒေါ်အ----အိမ်ဘေးကပ်ရပ်၌ နေထိုင်သော မဘ----၏သမီးနှစ်ဦးအား ထိမှန် ဒဏ်ရာရရှိခဲ့သည်။ ဒေါ်အ---သည် ဒဏ်ရာရရှိသည့်မိန်းကလေး (၂)ဦး၏အဖွားဖြစ်သည်။ သမီးကြီးဖြစ်သူ မဆ---သည် အသက် (၁၄) နှစ်ရှိပြီး သူမ၏ဘယ်ဖက်လက်ချောင်းများနှင့် ညာဖက်လက်မောင်း၌ ထိမှန်ဒဏ်ရာရရှိခဲ့သည်။ သမီးငယ်ဖြစ်သူ မဒ---သည် အသက် (၇) နှစ်အရွယ်ရှိပြီး သူမ၏နဖူး၌ ထိရှဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးကျည်စ များသည် ၎င်းတို့၏နေအိမ်ကို ထိမှန်ခဲ့ရာ လုံးဝပျက်စီးသွားခဲ့သည်။ ထိုပျက်စီးသွားသော၎င်းတို့အိမ်ကို ပြန်လည်ပြုပြင် ပါက ကုန်ကျစရိတ်ငွေကျပ် ၅,၀၀၀,၀၀၀ ခန့်ရှိမည်။
ဒုတိယလက်နက်ကြီးနှင့် တတိယလက်နက်ကြီး (၂)လုံးမပစ်ခတ်မီအချိန်တွင် ထိခိုက်ဒဏ်ရာရရှိသော မိန်းကလေးနှစ် ဦးနှင့် ထိုဒေသရှိရွာသားများအားလုံး အခြားနေရာသို့ထွက်ပြေးပုန်းရှောင်ခဲ့သည်။ ထို့ကြောင့် အခြားရွာသားများ ထိခိုက် ဒဏ်ရာရရှိခြင်းမရှိခဲ့ပါ။ PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) ကျန်းမာရေးဝန်ထမ်းများသည် မဆ---ကို ဆေးကုသမှု ခံယူနိုင်ရန် မြန်မာစစ်တပ်မှ စီမံခန့်ခွဲသော တောင်ငူမြို့ရှိ အဘ---ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။ ထိုဆေးရုံ၌ သူမ၏ လက်ချောင်းများထဲ စတီးရိုးထည့်ပြီးချုပ်ခဲ့ရသည်။ သို့သော် သူမ၏လက်ချောင်းများသည် အရင်ပင်ကိုကဲ့သို့ မလုပ် ရှားနိုင်တော့ပါ။ PDF ကျန်းမာရေးဝန်ထမ်းများမှ သူမ၏လမ်းခရီးကိုစီစဉ်ဆောင်ရွက်ပေးသောကြောင့် လမ်းပန်းဆက် သွယ်ရေး၌ အခက်အခဲမရှိခဲ့သော်လည်း သူမ၏ဆေးကုသမှုစရိတ်အတွက် ကျပ်ငွေ ၂,၀၀၀,၀၀၀ ကုန်ကျခဲ့ပါသည်။ မဒ---၏ဒဏ်ရာကို အိမ်၌သာကုသခဲ့ပါသည်။
၎င်းတို့မိသားစုသည် မည်သူ့ဆီကမှ အထောက်အပံ့မရရှိခဲ့သည့်အပြင် ဆေးကုသမှုကုန်ကျစရိတ်အားလုံးကိုလည်း ပေး ဆောင်ခဲ့ရသည်။ ထို့ကြောင့် ဤမိသားစုသည် ငွေကြေးအခက်အခဲများနှင့်ကြုံတွေ့ခဲ့ရသည်။ ၎င်းတို့မိသားစုသည် တစ်နေ့လုပ်မှ တစ်နေ့စားရသည့်သူများဖြစ်ကြသည်။ သူတို့မှာ စုဆောင်းထားသည့်ငွေလည်း မရှိပါ။
ထိုတစ်နေ့ထဲတွင် ဂျက်လေယာဉ်တစ်စီးသည် နံနက် (၁၀) နာရီနှင့် (၁၁) နာရီကြားတွင် လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ သည်။ ရွာသားများသည် လက်နက်ကြီးကျပေါက်ကွဲပြီးနောက် တိမ်းရှောင်နိုင်ခဲ့သောကြောင့် မည်သူမှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိခဲ့ပါ။ သို့သော် ကိုဃ---နှင့်ကိုဖ----တို့၏အိမ်(၂)လုံးသည် လုံးလုံးပျက်စီးသွားခဲ့သည်။ ထို့အပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဂ---၏အိမ်ကိုလည်းထိမှန်ပျက်စီးခဲ့သည်။
ရွာသားများ၏ထွက်ဆိုချက်အရ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လက်နက်ကြီးများထပ်မံပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် အသက် (၄၀) နှစ်အရွယ်ရှိ ဦးဟ---၏အိမ်နောက်ဖက်မီးဖိုချောင်နားတွင် ကျပေါက်ကွဲခဲ့ သည်။ ၎င်း၏မိသားစုဝင်များသည် အရင်ထွက်ပြေးတိမ်းရှောင်ခဲ့သောကြောင့် မည်သူမှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ပါ။
ရွာသားများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ-၇၃) မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အအ---ကျေးရွာအား ပစ်မှတ်ထားပြီး လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု တင်ပြခဲ့ပါသည်။ ထိုနေ့၌ လက် နက်ကြီး (၈) လုံးထက်မနည်းပစ်ခတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ဖြစ်ပွားခဲ့သည်။ စုစုပေါင်းလက်နက်ကြီး မည်မျှပစ်ခတ်ခဲ့သည်ကို အတိအကျမသိရှိရပါ။ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဧ---၏ပြောကြားချက်အရ လူနေအိမ် (၈) လုံး ထိမှန်ပျက်စီးခဲ့သည်။