၁။ နိဒါန်း

လက်ရှိဖြစ်ပေါ်နေသည့်စစ်ပဋိပက္ခကာလအတွင်း မြန်မာစစ်တပ်သည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် နေ ထိုင်ကြသည့်ဒေသခံရွာသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေလျက်ရှိသည်။ ဒေသတွင်းသတ်မှတ်ထားသည့်ကရင်ပြည်နယ်ရှိ ရွာသားများကြုံတွေ့ရသော ဆိုးရွားသည့်ပြဿနာတစ်ခုမှာ မြန်မာစစ်တပ်မှ ပြည်သူလူထုအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဖမ်းဆီး၍ ၎င်းတို့၏လွတ်လပ်ခွင့်ကို ပိတ်ပင်တား ဆီးထားခြင်းဖြစ်သည်။ ရွာသားများ၏လွတ်လပ်ခွင့်အား ပိတ်ပင်တားဆီးခြင်း သို့မဟုတ် ဖမ်းဆီးချုပ်နှောင်ခြင်း သည် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်သည်။ KHRG ရရှိသည့်သတင်းအချက်အလက်များအရ မြန်မာစစ်တပ် သည် ဤသို့ဖမ်းဆီးခြင်းများလုပ်ဆောင်ပြီးနောက် ပို၍ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှုများကို ထပ်မံကျူး လွန်လေ့ရှိကြောင်း တွေ့ရှိရသည်။ ထိုသို့ဆိုးရွားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ရွာသားများအား သတ် ဖြတ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အဓမ္မပျောက် ဆုံးစေခြင်း၊ လူသားဒိုင်းသဖွယ်ဖြစ်စေ ပေါ်တာနှင့်လမ်းပြဖြစ်စေ အသုံးပြုခြင်းနှင့် အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း စသည်တို့ ပါဝင်သည်။ မြန်မာစစ်တပ်သည် ရွာသားများ၏လွတ်လပ်ခွင့်အား စနစ်တကျပိတ်ပင်တားဆီးခြင်းကို စစ်နည်းဗျူ ဟာတစ်အခုအဖြစ်အသုံးပြုပြီး ဒေသခံရွာသားများအား အပြစ်ပေးခြင်းနှင့်ခြိမ်းခြောက်ခြင်းအပြင် တိုင်းရင်းသားနယ်မြေဒေသများကို လွှမ်းမိုးထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်ချက်ရှိရှိအကြမ်းဖက်လုပ်ဆောင်လေ့ ရှိသည်။ မြန်မာစစ်တပ်သည် ရွာသားများအား မှားယွင်းစွာစွပ်စွဲ၍ ဤသို့အကြမ်းဖက်လုပ်ရပ်များ မကြာခဏကျူး လွန်လေ့ရှိသည်။ ထိုသို့စွပ်စွဲမှုများတွင် ရွာသားများသည် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များနှင့်ဆက်နွယ်ပတ်သက်မှု ရှိခြင်း၊ အထူးသဖြင့် အမျိုးသားများအား ပစ်မှတ်ထားလေ့ရှိခြင်း သို့မဟုတ် ကျေးလက်နေရွာသားများအနေဖြင့် မြန်မာစစ်တပ်မှ အသိအမှတ်ပြုထားသောစာရွက်စာတမ်းများမရှိခြင်း သို့မဟုတ် ဗမာစကားမဖတ်တတ်၊ မပြော တတ်ခြင်းတို့ကြောင့်ဖြစ်သည်။ ဤသို့စနစ်တကျအကြမ်းဖက်သည့်လုပ်ရပ်များသည် ဒေသခံရွာသားများအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအရ များစွာဆိုးကျိုးသက်ရောက်မှုများရှိစေသည်။ အကြမ်းဖက်ခံရပြီး အသက်ရှင်ကျန်ရစ် သူများသည် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများကို အချိန်ကြာမြင့်စွာကြုံတွေ့ခံစားရသည်။ အမျိုး သမီးများနှင့်၎င်းတို့ကလေးငယ်များသည်လည်း အသတ်ခံရသော ၎င်းတို့၏အိမ်ထောင်ဦးစီးဖြစ်သူများကို ဆုံးရှုံး သည့်အတွက်ကြောင့် အခြားသောဆင့်ကဲပြဿနာများကိုကြုံတွေ့၍ ရုန်းကန်နေရသည်။ ဤအကြမ်းဖက်မှုလုပ် ရပ်များကြောင့် ရွာသားများ၏လုံခြုံရေး၊ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်လွတ်လပ်စွာသွားလာလှုပ်ရှား ခွင့်တို့ ကို ဆိုးရွားစွာထိခိုက်စေသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA)၊ နယ်ခြားစောင့်တပ် (BGF)၊ ကရင်အမျိုးသားတပ်မတော် (KNA) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အစရှိသော ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များသည် ရွာသားများအား အဓမ္မဖမ်းဆီး၍ ၎င်းတို့လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးပြီး လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သည့်ဖြစ်စဉ်များကိုလည်း KHRG အနေဖြင့် မှတ်တမ်းပြုစုခြင်းရှိခဲ့သည်။ သို့သော်လည်း ဤစာတမ်းတွင် မြန်မာစစ်တပ်မှ ကျူးလွန်သောလူ့အခွင့် အရေးချိုးဖောက်မှုများအကြောင်းကိုသာ အဓိကအားဖြင့် မီးမောင်းထိုးဖော်ပြထားသည်။ အကြောင်းမှာ ကရင်ပြည် နယ်တွင် ထိုသို့လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် အဓိကကျူးလွန်သူသည် မြန်မာစစ်တပ်သာ ဖြစ်သည်။

ဤအနှစ်ချုပ်စာတမ်းတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ (၁၈)လကျော်ကာလတာအ တွင်း မြန်မာစစ်တပ်မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများအား လိုက်လံဖမ်းဆီး၍ ၎င်းတို့လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်သည့်အတွက်ကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက် များကို လေ့လာသုံးသပ်ထားပါသည်။ KHRG လက်ခံရရှိသည့်အစီရင်ခံစာ (၁၃၂) စောင်ကို ပြန်လည်ကြည့်ရှု၍ ဤအနှစ်ချုပ်စာတမ်းကို ရေးသားပြုစုထားခြင်းဖြစ်သည်။ အဆိုပါအစီရင်ခံစာ (၁၃၂) စောင်တွင် ထုတ်ဝေပြီးသား ရှိသလို မထုတ်ဝေရသေးသည့်အစီရင်ခံစာများလည်းရှိသည်။ ထိုအစီရင်ခံစာများကို ပြန်လည်ကြည့်ရှုရာတွင် အမျိုး သား၊ အမျိုးသမီး၊ ကလေးသူငယ်များနှင့်မသန်စွမ်းသူများအပါအဝင် အနည်းဆုံးရွာသား (၅၂၀)ဦးသည် အဓမ္မဖမ်း ဆီးခံရ၍ ၎င်းတို့လွတ်လပ်ခွင့်ဆုံးရှုံးရသည့်အခြေအနေများကို တွေ့ရှိရသည်။ KHRG အနေဖြင့် လုံခြုံရေးအခြေ အနေကြောင့် ကရင်ပြည်နယ်တစ်ဝှမ်းရှိ ဖမ်းဆီးခံရသည့်သူများတစ်ဦးချင်းစီတိုင်းနှင့် ဖမ်းဆီးမှုဖြစ်စဉ်များအားလုံး ကို သတင်းကောက်ယူမှတ်တမ်းပြုစုနိုင်ခြင်းမရှိသည့်အတွက်ကြောင့် အထက်ပါဖော်ပြသည့်ဖမ်းဆီးမှုအရေအ တွက်များသည် လက်တွေ့မြေပြင်တွင် ပို၍များနိုင်ပါသည်။ အသက်အရွယ်၊ ကျားမမရွေးပဲ ကရင်ပြည်နယ်ရှိ ရွာသားများအားလုံး အထူးသဖြင့် ငယ်ရွယ်သောအမျိုးသားများသည် အဓမ္မဖမ်းဆီးခံရနိုင်ပြီး ၎င်းတို့လွတ်လပ်ခွင့် ဆုံးရှုံးနိုင်သည့်အခြေအနေနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုပို၍ကြုံတွေ့နိုင်သည့်အခြေအနေကို ယင်းအစီ ရင်ခံစာများထဲတွင် ရည်ညွှန်းဖော်ပြထားသည်။ ဤအနှစ်ချုပ်စာတမ်းတွင် ပထမဦးစွာ မြန်မာပြည်အရှေ့တောင် ပိုင်းရှိ အဓမ္မဖမ်းဆီးမှုနှင့်လူ့အခွင့်ရေးချိုးဖောက်မှုများ၏နောက်ခံသမိုင်းကြောင်းကို အကျဉ်းချုပ်ဖော်ပြထားပါ သည်။ ထို့နောက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိကာလအတွင်း မြန်မာစစ်တပ်မှ ကရင်ပြည်နယ်ရှိ ရွာသားများအား အဓမ္မဖမ်းဆီး၍ လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သည့်ဖြစ် စဉ်များကို သက်သေအထောက်အထားများနှင့်တကွ ဤစာတမ်းတွင် ရေးသားဖော်ပြထားပါသည်။ သို့ပြီးနောက် ဤစာတမ်းတွင် ဖမ်းဆီးခံရသူများ၊ ၎င်းတို့၏မိသားစုဝင်များနှင့်ကျေးရွာ လူထုများအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိစေသည့်အခြေအနေနှင့် ရွာသားများအနေဖြင့် ထိုသို့သောလူ့အခွင့်အရေးချိုးဖောက်မှုများကို ပြန်လည်တုန့် ပြန်ရန်အတွက် အသုံးပြုသောနည်းလမ်းဗျူဟာများကိုလည်း တင်ပြထားပါသည်။ စာတမ်း၏နောက်ဆုံးတွင် မှတ်တမ်းပြုစုထားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို အခြေခံ၍ ဥပဒေရေးရာသုံးသပ်ချက်များနှင့် သက်ဆိုင် ရာတာဝန်ရှိသူများအတွက် လေးစားလိုက်နာရမည့်မူဝါဒရေးရာအကြံပြုချက်များကိုထည့်သွင်းဖော်ပြထားပါသည်။  

၂။ နောက်ခံသမိုင်းကြောင်း

လွန်ခဲ့သည့်နှစ်ပေါင်း(၇၀)ကျော်ကာလတစ်လျှောက်တွင် မြန်မာစစ်တပ်သည် ဒေသခံရွာသားများကို ဖိနှိပ်ချုပ် ချယ်၍ ၎င်းတို့၏လူ့အခွင့်အရေးများကို ချိုးဖောက်ခဲ့သည်။ မြန်မာစစ်တပ်သည် ‘ဖြတ်လေးဖြတ်’ မဟာဗျူဟာကို စနစ်တကျအကောင်အထည်ဖော်၍ ရွာသားများကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။ ‘ဖြတ်လေးဖြတ်’ မဟာဗျူဟာ သည် မြေလှန်မီးရှို့စစ်ဆင်ရေးဖြစ်ပြီး ၎င်းရည်ရွယ်ချက်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအား စားနပ် ရိက္ခာ၊ ငွေကြေးပံ့ပိုးမှု၊ နည်းပညာထောက်ပံ့မှုနှင့်တပ်သားသစ်စုဆောင်းမှု ရရှိခြင်းမှ ဖြတ်ထောက်နိုင်ရန်ဖြစ်သည်။ ဤဗျူဟာမူဝါဒအရ မြန်မာစစ်တပ်သည် ရွာသားများအပေါ် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်အဖြစ် ရှုမြင်၍ ပစ်မှတ်ထားလေ့ရှိသည်။ မြန်မာစစ်တပ်သည် ကျေးလက်နေဒေသအများစုကို ‘အမဲရောင်နယ်မြေဒေသ’ အဖြစ် သတ်မှတ်ထားပြီး ထိုဒေသများတွင် သီတင်းနေထိုင်ကြသောရွာသားများအား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အား ကူညီထောက်ပံ့ပေးခြင်း သို့မဟုတ် တော်လှန်ရေးအဖွဲ့ဝင်အဖြစ် ထင်မြင်ယူဆသောကြောင့် ရွာသားများကို ပစ်မှတ်ထားပြီး အကြမ်းဖက်လုပ်ရပ်များကျူးလွန်ခဲ့သည်။ ထို့ကြောင့် ဤနည်းဗျူဟာသည် လက်နက်ကိုင်တော် လှန်ရေးတပ်ဖွဲ့များအား ဆန့်ကျင်တိုက်ခိုက်ခြင်းသာဖြစ်သည်ဟုဆိုထားသော်လည်း အရပ်သားပြည်သူများအနေ ဖြင့် ဤနည်းဗျူဟာကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးသက်ရောက်မှုများကို ကြုံတွေ့ခံစားရပါသည်။ ထိုဆိုးကျိုး သက်ရောက်မှုများထဲတွင် ဒေသခံရွာသားများသည် အဓမ္မဖမ်းဆီးခံရ၍ ၎င်းတို့လွတ်လပ်ခွင့်ဆုံးရှုံးရသည့်အခြေအ နေလည်း ပါဝင်သည်။[1]

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် မြန်မာစစ်တပ်သည် ပြည်သူလူထုများအား လိုက်လံ ဖမ်းဆီးခြင်းများပို၍ပြုလုပ်လာခဲ့သည်။ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့အထိတွင် မြန်မာပြည်တစ်ဝှမ်းရှိ လူဦး ရေ (၂၂၅၁၀) ဖမ်းဆီးအကျဉ်းချခံထားရပါသည်။ ထိုအထဲမှ ၃၉၈၈ ဦးသည် မြန်မာစစ်တပ်မှ နယ်မြေနယ်နိမိတ် သတ်မှတ်ထားသော ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့်တင်္နသာရီတိုင်းဒေသကြီးတွင် ဖမ်းဆီးအ ကျဉ်းချခံထားရသည်။[2] တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် လမ်းမပေါ်မှာဖြစ်စေ၊ ရွာထဲမှာဖြစ်စေ အထူးသဖြင့် စစ်ဆေး ရေးဂိတ်များအပါအဝင် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို မြန်မာစစ်တပ်သည် ရွာသားများအား ဖမ်းဆီး၍ ၎င်းတို့လွတ်လပ်ခွင့်ကိုပိတ်ပင်တားဆီးလေ့ရှိသည်။ စစ်ဆေးရေးဂိတ်များတွင် မြန်မာစစ်တပ်သည် ကျေးလက်နေ တိုင်းရင်းသားလူမျိုးများကို မကြာခဏဆိုသလိုပစ်မှတ်ထားပြီး ၎င်းတို့အား ယာဉ်မောင်းလိုင်စင် သို့မဟုတ် မှတ်ပုံ တင်အထောက်အထားမရှိသည့်အကြောင်းပြချက်များဖြင့် ဖမ်းဆီးလေ့ရှိသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်နေရွာသားအများစုမှာ မြို့ပြဒေသများနှင့်အလှမ်းဝေးခြင်း၊ စစ်ပဋိပက္ခမကြာခဏဖြစ်ပွားခြင်း၊ အကြမ်း ဖက်တိုက်ခိုက်မှုများအားကြုံတွေ့ရခြင်း၊ နေရပ်စွန့်ခွာတိမ်းရှောင်ရခြင်း၊ လုံခြုံမှုမရှိခြင်း၊ ငွေကြေးနှင့်ဘာသာစကား အခက်အခဲများရှိခြင်းတို့ကြောင့် သက်သေခံမှတ်ပုံတင်စာရွက်စာတမ်းများရရှိရန်အတွက် အတားအဆီးစိန်ခေါ်မှု များရှိနေသည်။ ကျေးလက်နေဒေသများတွင် အထူးသဖြင့် ‘အမဲရောင်နယ်မြေ’ဟု သတ်မှတ်ခံရသောဒေသများ တွင် နေထိုင်ကြသောရွာသားအများစုသည် ဗမာစကားမပြောတတ်၊ မဖတ်တတ်သည့်အတွက်ကြောင့် မြန်မာစစ် တပ်မှ ၎င်းတို့အားကြမ်းတမ်းသောအပြုအမူများနှင့်ဆက်ဆံလေ့ရှိသည်။ ထိုအခြေအနေတွင် မြန်မာစစ်တပ်သည် ကျေးလက်နေဒေသများတွင်နေထိုင်ကြသည့်ကရင်လူငယ်အမျိုးသားများကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ဝင်အဖြစ်သော်လည်းကောင်း၊ သတင်းပေးသူများအဖြစ်သော်လည်းကောင်း ဥပဒေလမ်းကြောင်းအရ သက်သေအ ကြောင်းပြချက်မရှိပဲ စွပ်စွဲကြလေ့ရှိသည်။

ရွာသားများသည် စစ်ဆေးရေးဂိတ်များတွင်ဖြစ်စေ၊ အခြားနေရာတွင်ဖြစ်စေ အဓမ္မဖမ်းဆီးခံရလျှင် ကြမ်းတမ်း သောစစ်ဆေးမေးမြန်းမှုများနှင့်ကြုံတွေ့ရလေ့ရှိပြီး မကြာခဏဆိုသလို ရုပ်ပိုင်းနှင့်နှုတ်အားဖြင့် အကြမ်းဖက်ခံရ ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းနှင့်ငွေညှစ်ခံရခြင်းစသည့်အခြေအနေကို ကြုံတွေ့ရပြန်သည်။ တစ်ချို့အခြေအနေတွင် ရွာသားများသည် အသတ်ခံရခြင်း၊ လူသားဒိုင်းသဖွယ်ဖြစ်စေ ပေါ်တာနှင့်လမ်းပြအဖြစ် ဖြစ်စေ ခိုင်းစေခံရခြင်း၊ အဓမ္မပျောက်ဆုံးစေခံရခြင်းနှင့် အဓမ္မစစ်မှုထမ်းခိုင်းစေခြင်းတို့နှင့်ကြုံတွေ့ရတတ်သည်။ ဖမ်းဆီးခံရသော ရွာသားများသည် အကျဉ်းထောင်စခန်းသို့ပို့ဆောင်ခံရသည့်အချိန်တွင် ၎င်းတို့အနေဖြင့် ထောင် ထဲတွင် နိုင်ငံတကာဥပဒေစံချိန်စံညွှန်းနှင့်ညီညွှတ်မှုမရှိပဲ ဆင်းရဲချို့တဲ့သည့်အခြေအနေတွင် အကျဉ်းချခံထားရ သည်။ ထို့အပြင် ဖမ်းဆီးထိန်းသိမ်းခံရသည့်ရွာသားများသည် ဥပဒေရှေ့နေများနှင့်ဆက်သွယ်ခွင့် သို့မဟုတ် အခြားသောဥပဒေရေးရာအကူအညီများရယူခွင့်မရှိကြသည့်အပြင် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်အခြားသော မတရားသည့်လုပ်ရပ်များကိုပါ ကြုံတွေ့ရသည်။ ဤသို့ဖမ်းဆီးထိန်းသိမ်းခံရမှုများသည် ဥပဒေဘောင်အပြင်ဖက် တွင် ဖြစ်ပွားသည့်အတွက် ရွာသားများသည် အထူးသဖြင့် အသတ်ခံရခြင်းနှင့်အဓမ္မလူပျောက်စေခံရခြင်းအစရှိ သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြုံတွေ့ရနိုင်သည်။                              

၃။ ဖြစ်စဉ်များအကျဉ်းချုပ်

၃.၁။ ဖမ်းဆီးမှုဖြစ်ပွားပြီးနောက် ကြုံတွေ့ရသော အကြမ်းဖက်မှုများ

နှစ်ပေါင်း (၇၀)ကျော်ဖြစ်ပွားခဲ့သည့်စစ်ပဋိပက္ခကာလတစ်လျှောက်အတွင်း KHRG မှတ်တမ်းပြုစုသည့် ဒေသခံရွာ သားများ၏သက်သေခံချက်များနှင့်အတွေ့အကြုံများအရ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဒေသတွင်းလက်နက် ကိုင်တပ်ဖွဲ့များ အထူးသဖြင့် မြန်မာစစ်တပ်သည် ပြည်သူလူထုအား ကျယ်ကျယ်ပြန့်ပြန့်အဓမ္မဖမ်းဆီး၍ ၎င်းတို့ လွတ်လပ်ခွင့်ကိုပိတ်ပင်တားဆီးခြင်းဖြင့် ဆိုးရွားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ထပ်မံကျူးလွန်ခဲ့ ကြောင်းတွေ့ရှိရသည်။ အထူးသဖြင့် ဗမာစကားမပြောတတ်သောရွာသားများနှင့်အမျိုးသားများအပါအဝင် အ သက်အရွယ်၊ ကျားမမရွေးပဲမည်သည့်ရွာသားမဆို မြန်မာစစ်တပ်၏ပစ်မှတ်ထားခြင်းကိုခံရနိုင်သည်။[3] ရွာသားများ သည် ရွာထဲတွင် မြန်မာစစ်သားများနှင့်ဆုံတွေ့သည့်အချိန်တွင်ဖြစ်စေ၊ မြန်မာစစ်တပ်မှ စစ်ကြောင်းထိုးလာသည့် အခါတွင်ဖြစ်စေ ဖမ်းဆီးခံရနိုင်သည်။ သို့သော်လည်း မြန်မာစစ်တပ်၏စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးခံရပါက ပို၍အန္တရာယ်ရှိကြောင်း ရွာသားများက တင်ပြကြသည်။ မြန်မာစစ်တပ်သည် ရွာသားများကို အဓမ္မဖမ်းဆီးပြီး နောက်ဖြစ်စေ၊ အကျဉ်းချထားပြီးနောက်ဖြစ်စေ ဥပဒေလုပ်ထုံးလုပ်နည်းများမရှိပဲ ၎င်းတို့အား အဓမ္မပျောက်ဆုံး စေခြင်း၊ လူသားဒိုင်းသဖွယ်ဖြစ်စေ ပေါ်တာနှင့်လမ်းပြအဖြစ်ဖြစ်စေ လုပ်ခိုင်းစေခြင်း၊ ရုပ်ပိုင်းဆိုင်ရာအကြမ်း ဖက်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့်သတ်ဖြတ်ခြင်းစသည်တို့ကို ပြုလုပ်လေ့ရှိသည်။ မြန်မာစစ်တပ်သည် ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏သတင်းကိုရယူရန်နှင့် အကြောက်တရား များဖန်တီးစေပြီး တိုင်းရင်းသားနယ်မြေဒေသများကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် စစ်ဗျူဟာလက်နက်တစ်ခု လိုအသုံးပြု၍ ရွာသားများအပေါ် ဤသို့သောလူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ကြသည်။ မြန်မာစစ်တပ် သည် သက်သေအထောက်အထားများမရှိပဲ သို့မဟုတ် တရားဥပဒေလမ်းကြောင်းအရမလုပ်ပဲ   ရွာသားများကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့်ဆက်နွယ်ပတ်သက်မှုရှိခြင်း သို့မဟုတ် ကူညီထောက်ပံ့ပေးနေသည်ဟု စွပ်စွဲ၍ ရွာသားများအား စုပေါင်းအပြစ်ပေးသည့်ပုံစံမျိုးလုပ်ဆောင်ကြသည်။ ဤသို့အကြမ်းဖက်မှုလုပ်ရပ်များကို ကြုံတွေ့ရပြီး မြန်မာစစ်သားများနှင့်ရင်ဆိုင်ဆုံတွေ့ရမှာကို ကြောက်ရွံ့လာသည့်အခြေအနေသည် ကျေးလက်နေ ရွာသားများအကြားတွင် ပို၍အမြစ်တွယ်လာခဲ့သည်။ မြန်မာစစ်တပ်သည် ဤလူ့အခွင့်အ ရေးချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်နေသောကြောင့် ဖမ်းဆီးခံရပြီးအသက်ရှင်ကျန်ရစ်သူများ၊ ၎င်းတို့မိသားစုဝင်များနှင့် ရပ်ရွာလူထုများ၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာပျော်ရွှင်မှုများကို ဆိုးရွားစွာထိခိုက်စေသည်။ ဤသို့အဓမ္မဖမ်း ဆီးမှုများပြုလုပ်ပြီးနောက် ဖြစ်ပေါ်လာသည့်နောက်ဆက်တွဲအန္တရာယ်များကြောင့် ဒေသခံရွာသားများအနေဖြင့် ပညာရေး၊ စားဝတ်နေရေးနှင့်ကျန်းမာရေးလိုအပ်ချက်များနှင့်ဝန်ဆောင်မှုများရယူနိုင်ရန်အတွက် ၎င်းတို့၏အခြေခံ သွားလာလှုပ်ရှားခွင့်ကို ပိတ်ပင်တားဆီးစေသည့်အပြင် ၎င်းတို့၏လူမှုဘဝကောင်းကျိုးချမ်းသာသုခများကိုပါ ထိခိုက်နစ်နာစေပါသည်။

ဤအခန်းတွင် မြန်မာစစ်တပ်မှ ရွာသားများအား အဓမ္မဖမ်းဆီး၍ ၎င်းတို့လွတ်လပ်ခွင့်ကိုပိတ်ပင်တားဆီးပြီး နောက်တွင် လူအခွင့်အရေးချိုးဖောက်မှုများ မကြာခဏကျူးလွန်ကြသည့်အခြေအနေကို ဆွေးနွေးတင်ပြထားပါ သည်။ ၎င်းတို့ကျူးလွန်ကြသည့်လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ သတ်ဖြတ် ခြင်း၊ ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အဓမ္မလုပ်အားခိုင်းစေခြင်း၊ လူသားဒိုင်းသဖွယ်အသုံးပြုခြင်း၊ အဓမ္မလူပျောက် ဆုံးစေခြင်းနှင့် အဓမ္မစစ်မှုထမ်းခိုင်းစေခြင်းတို့ပါဝင်သည်။

(က) ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့်သတ်ဖြတ်ခြင်း

မြန်မာစစ်တပ်မှ စစ်သားများသည် တိုင်းရင်းသားနယ်မြေဒေသများအား ၎င်းတို့အုပ်ချုပ်မှုအောက်တွင်ရှိစေရန်အ တွက် ရွာသားများကို စုပေါင်းအပြစ်ပေးခြင်းနှင့်အကြောင်းတရားများဖန်တီး၍ စစ်ဗျူဟာတစ်ခုလိုအသုံးပြုပြီး ရွာ သားများအား ဖမ်းဆီးချုပ်နှောင်ပြီးနောက်တွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့်သတ်ဖြတ်ခြင်းများပြုလုပ် လေ့ရှိသည်။ ရွာသားများ၏သက်သေထွက်ဆိုချက်များအရ မြန်မာစစ်တပ်နှင့်ရင်ဆိုင်ဆုံတွေ့လျှင် အဖမ်းဆီးခံရ နိုင်သည်။ ရွာသားများသည် ဖမ်းဆီးခံရပြီးနောက်တွင်လည်း ညှဉ်းပမ်းနှိပ်စက်ခြင်း၊ အခြားသောရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းကိုလည်းခံရနိုင်သည်။[4] မြန်မာစစ်တပ်သည် လက်နက်ကိုင်တော်လှန် ရေးတပ်ဖွဲ့များထိန်းချုပ်သည့်နယ်မြေဒေသရှိ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးလာသည့်အခါတွင် ဤသို့ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လေ့ရှိကြောင်း များသောအားဖြင့်တွေ့ရှိရသည်။ မြန် မာစစ်တပ်သည် ကျေးရွာများတွင်းသို့ စစ်ကြောင်းထိုးလာသည့်အခါတွင် ဒေသခံလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များနှင့်မကြာခဏတိုက်ပွဲဖြစ်ပွားသည့်အတွက် မြန်မာစစ်တပ်အနေဖြင့် ဒေသခံရွာသားများအား ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များနှင့်ဆက်နွယ်ပတ်သက်မှုရှိသည်ဟုစွပ်စွဲ၍ ရွာသားများကို ပစ်မှတ်ထားဖမ်းဆီးစစ်ဆေး ၍ အပြစ်ပေးသည့်အနေဖြင့် မကြာခဏဆိုသလို ရွာသားများအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းများပြုလုပ်ကြသည်။ အခြားသောအဖြစ်များသည့်အခြေအနေတစ်ခုမှာ စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျသည့်မြန်မာစစ်သားများသည် ဒေသခံရွာသားများ အထူးသဖြင့် ဗမာစကားမပြောတတ်သော တိုင်း ရင်းသားလူမျိုးများ သို့မဟုတ် မြန်မာစစ်တပ်အသိအမှတ်ပြုထားသော မှတ်ပုံတင်စာရွက်စာတမ်းများမရှိသောသူ များကို ပစ်မှတ်ထား၍ ၎င်းတို့ကိုလည်း ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့်ဆက်နွယ်ပတ်သက်မှု ရှိသည်ဟုစွပ်စွဲကာ ဖမ်းဆီးအကျဉ်းချခြင်းနှင့်ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများကျူးလွန်ကြသည်။ ဤသို့ရည် ရွက်ချက်ရှိရှိဖြင့် ရွာသားများကိုစွပ်စွဲ၍ ဖမ်းဆီးကာ ၎င်းတို့လွတ်လပ်ခွင့်အား ပိတ်ပင်တားဆီးခြင်းသည် မြန်မာ ပြည်အရှေ့တောင်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့်အဖြစ်များလေ့ရှိပြီး ညှဉ်းပမ်းနှိပ်စက်ခြင်း၊ အခြားသောရုပ်ပိုင်း ဆိုင်ရာအကြမ်းခြင်းနှင့်သတ်ဖြတ်ခြင်းအစရှိသောအခြေအနေကိုလည်း ပို၍ကြုံတွေ့ရလေ့ရှိသည်။

ဥပမာဖြစ်စဉ်တစ်ခုမှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နှင့် ၃ ရက်နေ့တွင် မြန်မာစစ်တပ်သည် တောအူး (တောင်ငူ) ခရိုင်၊ ဒေါ်ဖားခို (သံတောင်ကြီး) မြို့နယ်၊ ဝေထူးကျေးရွာအုပ်စုအတွင်းရှိ ရွာသားများကို မတရားဖမ်း ဆီး၍ သတ်ဖြတ်ခဲ့သည်။ မြန်မာစစ်သားများ (၈၀) ဦးခန့်သည် ဇအ---နှင့်ဇဘ--- ကျေးရွာများမှ အနည်းဆုံး ရွာ သား (၆) ဦးကို ဖမ်းဆီးပြီးနောက် (၄) ဦးကို သတ်ဖြတ်ခဲ့သည်။ ဤဖြစ်စဉ်သည် မြန်မာစစ်တပ်မှ ဝေထူးကျေးရွာ အုပ်စုဒေသအတွင်းသို့ စစ်ကြောင်းထိုးလာသည့်အခါတွင် ဖြစ်ပွားခဲ့သည်။ စစ်ကြောင်းထိုးသည့်အချိန်အတွင်း မြန်မာစစ်တပ်သည် ဒေသခံ PDF ဖြစ်သည့် ပုဝါနီစစ်ကြောင်းနှင့်ထိပ်တိုက်တွေ့ဆုံ၍ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ သည်။ ပထမအကြိမ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာစစ်တပ် သည် ဇအ--- ကျေးရွာအုပ်ချုပ်ရေးမှူး ဦးယ---အား ဒေသခံ PDF တပ်ဖွဲ့ကိုကူညီပေးနေသည်ဟုစွပ်စွဲ၍ ၎င်းကို ဖမ်းဆီး၍ သတ်ပစ်ခဲ့သည်။ နောက်တစ်နေ့၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် တိုက်ပွဲထပ်မံဖြစ် ပွားခဲ့ပြန်သည်။ ထို့နောက် မြန်မာစစ်တပ်သည် ဇအ---ကျေးရွာတွင်းသို့ ဝင်ရောက်လာပြီး ရွာသား (၆) ဦးကို ဖမ်း ဆီး၍ (၄) ဦးကို သတ်ပစ်ခဲ့သည်။ မြန်မာစစ်တပ်သည် PDF စစ်သား (၇) ဦးကိုလည်း ဖမ်းဆီး၍ သတ်ပစ်ခဲ့သည်။[5]  

အဖမ်းဆီးခံရပြီးနောက် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုကြုံတွေ့ရသောဖြစ်စဉ်သာဓကတစ်ခုကို ဖော်ပြလိုပါ သည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့၌ ဘိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ ဇဒ--- ဒေသရှိ စစ်ဆေး ရေးဂိတ်တစ်ခုမှာ မြန်မာစစ်တပ် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၂၄) နှင့်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များသည် တော်လှန်ရေးအဖွဲ့များ၏သတင်းကိုရယူရန်အတွက် ဇဒ--- ရွာသားတစ်ဦးဖြစ်သူ ည---အား ဖမ်းဆီးခဲ့သည်။ ည--- သည် နေ့လယ် (၁)နာရီခန့်တွင် ဇဆ---ကျေးရွာရှိ ၎င်းအလုပ်မှ အိမ်သို့ပြန်လာသည့်လမ်းတွင် စစ်ဆေးရေး ဂိတ်တွင်တာဝန်ကျသည့်မြန်မာစစ်သားများသည် ၎င်းအားဖမ်းဆီးပြီးနောက် ညှဉ်းပမ်းနှိပ်စက်၍ စစ်ဆေးမေး မြန်းခဲ့သည်။ ည---အနေဖြင့် မြန်မာစစ်တပ်မှ ၎င်းအား မည်သို့စစ်ဆေးမေးမြန်းခဲ့သည့်အကြောင်းကို ယခုလိုပြန် လည်ပြောပြသည်။ “မင်းဘယ်သွားခဲ့လဲ။ အဲ့မှာဘာလုပ်ခဲ့လဲ။ မင်းပြန်လာတဲ့လမ်းမှာ PDF နဲ့ KNLA တို့တွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေကို တွေ့ခဲ့လား။ သူတို့က (PDF နှင့် KNLA) ဘာတွေလုပ်လဲ။ ပြီးတော့ သူတို့တွေ ထမင်းစားရလား။” ည---ကလည်း သူမသိကြောင်း ပြန်ဖြေကြားခဲ့သည်။ သို့သော်လည်း မြန်မာစစ်သားများသည် သူ၏လက်ကို နောက်ပြန်ကြိုးတုပ်၍ လမ်းဘေးတစ်နေရာတွင် မှောက်ခုံလဲှချခိုင်းစေခဲ့သည်။ ထို့နောက် မြန်မာစစ်သားများသည် သူ၏ခါးနှင့်ဦးခေါင်းကို စစ်ဘွတ်ဖိနပ်ဖြင့် တက်နင်းပြီး သူ၏တင်ပါးကိုလည်း ကြိမ်လုံး ဖြင့်ရိုက်နှက်ခဲ့သည်။ သူ၏အိတ်ကိုဖွင့်၍ စစ်ဆေးပြီး အိတ်ထဲမှာရှိသည့်ငွေကျပ် (၁၅၀,၀၀၀) ကို သိမ်းယူခဲ့သည်။ မြန်မာစစ်သားများသည် သူ့ကို လမ်းဘေးတွင် ညနေ (၃)နာရီအထိ မှောက်ခုံလှဲချခိုင်းပြီးနောက် ပြန်လွှတ် ပေးခဲ့သည်။ ဒေသခံရွာလူကြီးတစ်ဦးမှ ည---သည် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့နှင့်မှ ဆက်သွယ်ပတ်သက်မှု မရှိကြောင်း၊ အခုအချိန်တွင် သူ၏မိသားစုနှင့်အတူ ပြန်လည်နေထိုင်နေကြောင်းရှင်းပြခဲ့သည်။ ဤဖြစ်စဉ်ဖြစ်ပွား ပြီးနောက် ည---သည် အိမ်အပြင်သို့ မထွက်ရဲတော့ပေ။ ဆေးဝါးကုသမှုလိုအပ်လျှင်သော်လည်း အိမ်ထဲတွင်သာ နေသည်။ သို့ဖြစ်၍ ဒေသခံကျန်းမာရေးလုပ်သားတစ်ဦးက သူ့အိမ်သို့သွားရပြီး သူ၏ဒဏ်ရာအတွက် လိုအပ်သည့် ဆေးကုသမှုကို ပေးခဲ့သည်။

ရွာသားများသည် ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့်ဆက်သွယ်ပတ်သက်မှုရှိသည့်စွပ်စွဲမှုများကို ကြုံတွေ့ရသည့်အပြင် မြန်မာစစ်တပ်မှ ပြည်သူလူထုအကြားတွင် အကြောက်တရားများဖန်တီး၍ နယ်မြေအုပ် ချုပ်မှုကိုရရှိရန်အတွက် ရွာသားများကို အဓမ္မဖမ်းဆီးသည့်ဖြစ်စဉ်များကိုလည်း KHRG မှ သတင်းမှတ်တမ်းပြုစု ခြင်းရှိသည်။ ဥပမာဖြစ်စဉ်တစ်ခုမှာ ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ ၁၅ ရက်နေ့တွင် မြန်မာစစ်တပ်သည် မြိတ်-ထားဝယ် ခရိုင်၊ တနောသရီ (တနသာၤရီ) မြို့နယ်၊ ဇဃ--- ကျေးရွာအုပ်စုတွင်းသို့ စစ်ကြောင်းထိုးလာပြီး ဇဃ--- ရွာသား တစ်ဦးဖြစ်သူ စောထ---အား ဖမ်းဆီးခဲ့သည်။ စောထ--- သည် သူ၏ခြံထဲတွင်ငါးရှာနေစဉ် မြန်မာစစ်သားများနှင့် ရုတ်တရက်တွေ့သွားပြီးနောက်တွင် အဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ မြန်မာစစ်တပ်သည် စောထ--- အား ဖမ်းဆီး ရသည့်အကြောင်းမှာ သူသည် မြန်မာစစ်သားများကိုစိုက်ကြည့်သောကြောင့်ဖြစ်သည်။ ထိုအတွက်ကြောင့် မြန် မာစစ်သားတစ်ဦးသည် ၎င်းအား ထိုးကြိတ်ခဲ့သည်။ မြန်မာစစ်တပ်သည် တရားဥပဒေလမ်းကြောင်းအရမလုပ်ပဲ စောထ--- အား နှစ်လကြာ အကျဉ်းချခဲ့သည်။ စောထ---သည် မြန်မာစစ်တပ်မှ ခေါင်းဆောင်တစ်ဦးက ၎င်းအား မည်သို့ပြောကြားခဲ့သည်ကို ယခုလိုပြန်လည်ပြောပြသည်။ “မင်းက ငါတို့ကို ကြည့်နေတာကြောင့် ငါတို့မင်းကို ဖမ်းတာကွ။ ငါတို့က ယန---နဲ့ဇဃ--- ရွာသားတွေကို သတ်ခွင့်ရှိတယ်။ ငါမင်းကို သတ်လို့ရတယ်။ ဒါပေမဲ့ ငါမင်းကို ဘာမှမလုပ်သေးဘူး။ မင်းမထွက်ပြေးနိုင်အောင်  ကြိုးနဲ့တုပ်ထားရမယ်။”၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ တွင် မြန်မာစစ်သားများသည် စောထ---အား ပြန်လွှတ်ပေးခဲ့သည်။ မြန်မာစစ်သားများသည် စောထ--- အား ၎င်းတို့ ကို ခွင့်လွှတ်တောင်းပန်ခိုင်းစေခဲ့သည်။ ထိုနေ့တွင် မြန်မာစစ်တပ်သည် အခြားရွာသား (၂)ဦးဖြစ်သူ စောဖ---နှင့် စောဌ---ကိုဖမ်းဆီး၍ သတ်ဖြတ်ခဲ့သည်။ ထိုရွာသား (၂)ဦးသည် ဖျားနာနေသည့်၎င်းတို့သားသမီးများအတွက် ဆေးဝါးများဝယ်ယူရန် ရွာအပြင်သို့ထွက်လာပြီးနောက်တွင် မြန်မာစစ်တပ်မှ ၎င်းတို့နှစ်ဦးကိုဖမ်းဆီး၍ သတ်ပစ်ခဲ့ ခြင်းဖြစ်သည်။ ဒေသခံကျေးရွာလုံခြုံရေးအဖွဲ့ဝင်များက ခေါင်းပြတ်နေသည့်ထိုရွာသားနှစ်ဦး၏အလောင်းများကို ကျေးရွာအနီးတစ်နေရာတွင် တွေ့ရှိခဲ့သည်။

(ခ) ခြိမ်းခြောက်ခြင်းနှင့် ငွေညှစ်ခြင်း

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် မြန်မာစစ်တပ်သည် ရွာသားများ၏ပိုင်ဆိုင်မှုများကို လုယူတောင်းခြင်းနှင့် အ ကြောက်တရားများဖန်တီးစေရန်အတွက် ငွေညှစ်ခြင်းနှင့်ခြိမ်းခြောက်ခြင်းလုပ်ရပ်များကို စစ်ဗျူဟာတစ်ခုလိုအ သုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ကြသည်။ ကျေးလက်နေဒေသတွင် နေထိုင်ပြီး ဗမာစကားမပြောတတ်ခြင်း သို့မဟုတ် မြန်မာစစ်တပ်အသိအမှတ်ပြုထားသောမှတ်ပုံတင်စာရွက်စာတမ်းများမရှိသည့်ရွာသားများသည် ထို သို့သော ငွေညှစ်သည့်အခြေအနေကို ကြုံတွေ့ရလေ့ရှိသည်။ ရွာသားများသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်သည့်နယ်မြေဒေသတွင် မြန်မာမှတ်ပုံတင်စာရွက်စာတမ်းများရယူနိုင်ခြင်းမရှိ ပါ။[6] ထိုလင့်အစား ရွာသားများသည် KNU အစရှိသည့် ဒေသခံအာဏာပိုင်များမှ ထုတ်ပေးသော စာရွက်စာတမ်း များကိုသာ ရယူကြသည်။ ထို့ကြောင့် မြန်မာစစ်တပ်သည် ဤသို့အုပ်ချုပ်မှုဖွဲ့စည်းပုံရောယှက်နေသည့်အခြေအ နေတွင် ဒေသခံရွာသားများကို ပစ်မှတ်ထားပြီး ငွေညှစ်တောင်းယူလေ့ရှိသည်။ ရွာသားများသည် ဤအခြေအနေ ကို စစ်ဆေးရေးဂိတ်များတွင် ကြုံတွေ့ရလေ့ရှိသည်။ စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျသည့်မြန်မာစစ်သား များသည် ရွာသားများကို မှတ်ပုံတင်စာရွက်စာတမ်းများစစ်ဆေးကြသည်။ ရွာသားအများစုမှာ မှတ်ပုံတင်စာ ရွက်စာတမ်းများရှိလိမ့်မည်မဟုတ်ဟု မြန်မာစစ်သားများက သိနေကြပြီးဖြစ်သည်။ မြန်မာစစ်တပ်သည် တရားဥ ပဒေလမ်းကြောင်းအရမလုပ်ပဲ ရွာသားများအား စစ်ဆေးမေးမြန်းရာတွင် ထောင်ကျစေခြင်းနှင့်စစ်မှုထမ်းခိုင်းစေ ခြင်းတို့ဖြင့် ခြိမ်းခြောက်၍ ရွာသားများဆီမှ ငွေညှစ်တောင်းယူကြသည်။ ထို့နောက် မြန်မာစစ်သားများသည် ရွာ သားများအား ပြန်လွှတ်ပေးစေချင်သည်ဆိုပါက ငွေကြေးပေးဆောင်ရမည်ဟု ခြိမ်းခြောက်ပြောဆိုသည့်အခြေ အနေရှိကြောင်းသိရှိရသည်။ ဤသို့ခြိမ်းခြောက်မှုများသည် နှုတ်အားဖြင့်ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း ဖြင့်ဖြစ်စေ ဆဲဆိုထိုးကြိတ်ရိုက်နှက်မှုများရှိသည်။[7]  

၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် ရွာသားကို ဖမ်းဆီးအကျဉ်းချပြီး ခြိမ်းခြောက်သော ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ သည်။ ဤဖြစ်စဉ်သည် မြန်မာစစ်တပ် ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၂၆၄၊ ၃၄၉ နှင့် ခမရ (၂၀) တို့မှ စစ်သည် အင်အား (၃၀၀) ဝန်းကျင်သည် ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်သို့  စစ်ကြောင်းထိုးလာသည့်အခါတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြန်မာစစ်တပ်သည် ဇဂ---ကျေးရွာအုပ်စု၊ ဇဖ---နှင့်ဇဂ---ကျေးရွာများသို့ လေကြောင်းဖြင့်တိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့၍ အနည်းဆုံး ရွာသား (၂၆) ဦးထိမှန်သေဆုံးခဲ့သည်။  ရွာသားများထွက်ပြေးနေစဉ်အတွင်း မြန်မာစစ်တပ်သည် စောတ---၊ စောစ---၊ စောရ---၊ ဦးအက--- နှင့်ခ---အမည်ရှိ ရွာသား (၅) ယောက်အား ပစ်သတ်ခဲ့ပြီး  အနည်းဆုံး အခြားရွာသား (၈) ဦးလည်း ဒဏ်ရာရရှိခဲ့ကြသည်။ မြန်မာစစ်သားများမှ ရွာသား (၃၀၀) လောက်ခန့်ကို ဖမ်းဆီး ထိန်းသိမ်း၍ ထွက်ပြေးရန်တားမြစ်ထားကြသည်။ မြန်မာစစ်တပ်၏ဖမ်းဆီးခြင်းကိုခံရသော ဇဖ---ကျေးရွာအုပ်ချုပ် ရေးမှူးဖြစ်သည့် ဦးပ---သည် ယခုလိုပြန်လည် ပြောပြသည်။ “ကျွန်တော်အိမ်ကထွက်လာပြီးနောက် မြန်မာစစ် သားနဲ့တွေ့ခဲ့တယ်။ စစ်သားတစ်ယောက်က ပြောတာက ‘မောင်း။ ထွက်ပြေးဖို့မကြံနဲ့။ ငါမင်းကို ပစ်သတ်မယ်။’ ပြီးတော့ ‘သွား’လို့ သူဆက်ပြောတယ်။ နောက်တော့ သူသေနတ်တစ်လက်နဲ့ ကျွန်တော့်နောက်ကိုလိုက်လာတယ်။ ကျွန်တော် အဲဒီနေရာကို (ဖမ်းဆီးခံခဲ့ရတဲ့ ရွာသားတွေစုဝေးတဲ့နေရာ) ရောက်တော့ အမျိုးသမီးအားလုံးကို ထိုင်ခိုင်း ခဲ့ပြီး အမျိုးသားအားလုံးကိုကြတော့ လက်ကို ခေါင်းပေါ်တင်ခိုင်းပြီးတော့ မှောက်ခုံလဲခိုင်းခဲ့တယ်။” မြန်မာစစ်သား များသည် ရွာသားများထွက်ပြေးရန် ကြိုးစားခဲ့သည်ရှိသော် ရွာမှာရှိသော ၎င်းတို့၏မိသားစုဝင်များကို သတ်ပစ်မည် ဟု ခြိမ်းခြောက်ခဲ့သည်။ ဖမ်းချုပ်ခဲ့သော ရွာသားများသည် မြန်မာစစ်သားများနှင့်အတူ ရွာထဲတွင် အတူနေထိုင် ရသည်။ ဇဂ---ရွာသားများသည် ၎င်းတို့ လွတ်မြောက်လာရန်အတွက် မြန်မာစစ်တပ်အား လာဘ်ထိုးခဲ့ရသည်ဟု တင်ပြခဲ့သည်။ မြန်မာစစ်တပ်သည် ရွာသားများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဖမ်းချုပ်ထား ခဲ့ကြသည်။[8]

ဥပမာဖြစ်စဉ်တစ်ခုမှာ ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ ၁၂ ရက်နေ့၌ မြန်မာစစ်တပ် ခမရ (၂၀) သည် ၎င်းတို့စစ်ဆေးရေး ဂိတ်တစ်ခုတွင် အလုပ်ဖြင့်ခရီးသွားလာနေသော အနည်းဆုံးရွာသား (၁၂) ဦးကို ဖမ်းဆီးခဲ့သည်။ ထိုစစ်ဆေးရေး ဂိတ်သည် ညောင်လေးပင်မြို့သို့သွားသည့်လမ်းတွင်ရှိသည့် ကြက်တူရွာတံတားတွင် တည်ရှိသည်။ ဖမ်းဆီးခံရ သူထဲတွင် ခလယ်လွီထူခရိုင်၊ ဆောထိ (ရွှေကျင်) မြို့နယ်၊ ဇသ--- ကျေးရွာအုပ်စု၊ ဇဧ--- ကျေးရွာတွင်နေထိုင်သည့် အသက် (၃၁) နှစ်အရွယ် စောန---လည်းပါဝင်သည်။ မြန်မာစစ်သားများသည် စောန---အား ယာဉ်မောင်းလိုင်စင် မရှိသည့်အတွက် ဖမ်းဆီးပြီး ၎င်း၏ဆိုင်ကယ်ကို သိမ်းယူလိုက်သည်။ သူပြန်လွတ်မြောက်ရန်အတွက် သူ၏မိသား စုသည် ၎င်းထိန်းသိမ်းခံရသည့်နေရာတွင် မြန်မာစစ်သားများအား ငွေကျပ် (၃,၀၀၀,၀၀၀) ပေးဆောင်ရမည်ဖြစ်သည်။

ငွေညှစ်သည့်အခြားဖြစ်စဉ်တစ်ခုမှာ ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လအတွင်းတွင် တောအူးခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်၊ ဇလ---ဒေသသို့  ခရီးသွားလာနေသည့် ဇက--- ရွာသားတစ်ဦးသည် တောင်ငူမြို့မှ ဝယ်ယူလာသည့် ဆေးဝါးများကို သယ်ယူပို့ဆောင်နေစဉ်ဖြစ်ပွားခဲ့သည်။ ၎င်းရွာသားသည် သံတောင်ကြီးလမ်း၊ ဘုရားခြေရင်းဒေ သတွင်တည်ရှိသည့်မြန်မာစစ်တပ်စစ်ဆေးရေးဂိတ်တွင် ရောက်ရှိသောအခါမှာ မြန်မာစစ်သားများသည် ၎င်းအား ဆေးဝါးသယ်ဆောင်လာသည့်အတွက်ဖမ်းဆီး၍ ဆေးဝါးများအားလုံးကို သိမ်းယူပြီး ၎င်းအား ထောင်ချမည်ဟု ခြိမ်းခြောက်ခဲ့သည်။ မြန်မာစစ်သားများသည် ထောင်မကျစေချင်ပါက ငွေကျပ် (၃၀,၀၀၀,၀၀၀) ပေးဆောင်ရ မည်ဖြစ်ကြောင်း ၎င်းအား ပြောကြားခဲ့သည်။ ထိုရွာသားများသည် ထိုငွေကိုပေးဆောင်ရသည့်အတွက် အကြွေး များတင်နေခဲ့သည်။ မြန်မာစစ်တပ်သည် ဤသို့ငွေညှစ်ခြိမ်းခြောက်မှုများပြုလုပ်သည့်အပြင် ‘ဖြတ်လေးဖြတ်’မ ဟာဗျူဟာတစ်ခုအနေဖြင့် ရွာသားများအား ဆေးဝါး၊ စားဆီ၊ စက်သုံးဆီနှင့်ဆန်များကို ကျေးလက်နေဒေသသို့ သယ်ယူပို့ဆောင်ခြင်းကိုလည်း ပိတ်ပင်တားမြစ်ခြင်းများရှိသည်။ ဤသို့ကြောင့် ဒေသခံရွာသားများအတွက် စား ဝတ်နေရေးနှင့်ကျန်းမာရေးဆိုင်ရာအခက်အခဲစိန်ခေါ်မှုများနှင့်ကြုံတွေ့နေရသည်။[9] 

(ဂ) ရွာသားများအား လူသားဒိုင်း၊ ပေါ်တာနှင့်လမ်းပြအဖြစ် အဓမ္မခိုင်းစေခြင်း

မြန်မာစစ်တပ်မှ ကာလရှည်ကြာစွာ ကျင့်သုံးခဲ့သည့်အခြားအရာတစ်ခုမှာ တိုင်းရင်းသားနယ်မြေဒေသများကို ၎င်းတို့အုပ်ချုပ်မှုအောက်တွင် ချဲ့ထွင်းတိုးမြင့်စေရန်အတွက် ဒေသခံရွာသားများအား အဓမ္မဖမ်းဆီး၍ လူသားဒိုင်း၊ ပေါ်တာနှင့်လမ်းပြအဖြစ်လုပ်ဆောင်ရန် စေခိုင်းခြင်းဖြစ်သည်။[10] ဖြစ်စဉ်အများစုတွင် ဖမ်းဆီးမှုမပြုခင် အစပိုင်း တွင် မြန်မာစစ်တပ်သည် ရွာထဲသို့ဝင်ရောက်လာပြီး ယာယီစခန်းချပြီးနောက် အမျိုးသမီး၊ အမျိုးသား၊ သက်ကြီး ရွယ်အိုများ၊ ကလေးသူငယ်များနှင့်မသန်စွမ်းသူများအပါအဝင် ရွာသားများကို ဖမ်းဆီးကြသည်။ ထို့နောက် မြန်မာ စစ်တပ်သည် ရွာသားများအား ၎င်းတို့နှင့်အတူ သို့မဟုတ် ၎င်းတို့အရှေ့တွင် လမ်းလျှောက်ခိုင်းစေခဲ့သည်။ ဤသို့လူ့ အခွင့်အရေးချိုးဖောက်မှုအများစုသည် ရောယှက်ထိန်းချုပ်နယ်မြေဒေသတွင် မကြာခဏဖြစ်ပွားလေ့ရှိပြီး မြန်မာ စစ်တပ်သည်  ရောယှက်ထိန်းချုပ်နယ်မြေ သို့မဟုတ် KNU ထိန်းချုပ်နယ်မြေတွင်းသို့ စစ်ကြောင်းထိုးလာသည့် အခါတွင် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များ၏ပစ်ခတ်တိုက်ခိုက်မှုရန်မှ ကာကွယ်ရန်အတွက် ရွာသားများကို ဖမ်းဆီး ၍ လူသားဒိုင်းသဖွယ်အဖြစ် အသုံးပြုလေ့ရှိသည်။

ရွာသားများအနေဖြင့် လူသားဒိုင်းအဖြစ်အဓမ္မခိုင်းစေခံရသည့်အခြေအနေတွင် အချိန်ကာလမတူညီကြောင်း တွေ့ရှိ ရသည်။ တခါတရံတွင် ရွာသားများသည် မြန်မာစစ်သားများနှင့်အတူ နာရီအနည်းငယ်ကြာ လမ်းလျှောက်ခိုင်းစေ ခံရပြီးနောက် ပြန်လည်လွှတ်လာကြသည်။ တခါတရံတွင်လည်း ရွာသားများသည် ရက်သတ္တပတ်အနည်းငယ်ကြာ အောင် မြန်မာစစ်သားများနှင့်လိုက်ပါသွားလေ့ရှိသည်။ လူသားဒိုင်းအဖြစ်ခိုင်းစေခံရသည့်အခြေအနေတွင် ရွာသား များသည် အသက်အန္တရာယ်ခြိမ်းခြောက်မှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ညှဉ်းပမ်းနှိပ်စက်မှုတို့ကို မကြာခဏ ကြုံတွေ့ရသည်။ မြန်မာစစ်သားများသည် တစ်ချို့ရွာသားများကို ၎င်းတို့သွားချင်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက်တွင် ပြန်လွှတ်ပေးသည့်အခြေအနေရှိကြောင်းတွေ့ရှိရသည်။ တစ်ဖက်တွင်လည်း မြန်မာစစ်တပ် သည် ဖမ်းဆီးခေါ်ဆောင်သွားသည့်ရွာသားများကို အဓမ္မပျောက်ဆုံးစေခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ကြသည့်ဖြစ်စဉ်များကိုလည်း KHRG အနေဖြင့် သတင်းမှတ်တမ်းပြုစုခဲ့ခြင်းရှိသည်။[11] လူသားဒိုင်းအဖြစ် ခိုင်းစေခံရသည့်ရွာသားများသည်လည်း တိုက်ပွဲဖြစ်ပွားသည့်အချိန်တွင် ဒဏ်ရာရရှိနိုင်ခြင်း သို့မဟုတ် အသတ်ခံရ နိုင်ခြင်းစသည့်အန္တရာယ်များနှင့်ပို၍ကြုံတွေ့နိုင်ချေရှိသည်။

ဥပမာဖြစ်စဉ်တစ်ခုတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့၌ မြန်မာစစ်တပ်သည် ခလယ်လွီထူခရိုင်၊ ဆောထိ မြို့နယ်၊ ဇပ--- ကျေးရွာအုပ်စု၊ ဇပ--- ကျေးရွာတွင်နေထိုင်သော ရွာသားတစ်ဦးဖြစ်သူ မောင်က--- အား အဓမ္မ ဖမ်းဆီးခဲ့ပြီး ၎င်းတို့စစ်ဆင်ရေးအတွက် လူသားဒိုင်းနှင့်ပေါ်တာအဖြစ်ခိုင်းစေရန် ရှေ့တန်းစစ်မြေပြင်သို့ ခေါ် ဆောင်သွားခဲ့သည်။ ဇပ--- ကျေးရွာသည် ရှေ့တန်းစစ်မြေပြင်နှင့်နီးသည်။ မြန်မာစစ်တပ်သည် ရွာသားများကို ဖမ်းဆီး၍ လူသားဒိုင်း၊ ပေါ်တာနှင့်လမ်းပြအဖြစ်ခိုင်းစေလေ့ရှိကြောင်း ဒေသခံများက တင်ပြကြသည်။ ထိုနေ့ လယ်တွင် မြန်မာစစ်တပ်သည် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့နှင့်ထိပ်တိုက်ရင်ဆိုင်ရပြီး အပြန်အလှန်ပစ် ခတ်မှုများရှိခဲ့သည်။ ထိုအခြေအနေကြောင့် မောင်က--- သည် သူ၏ဘယ်လက်နှင့်ဝမ်းဗိုက်တွင် ဒဏ်ရာပြင်းထန် စွာရရှိခဲ့သည်။ မြန်မာစစ်တပ်သည် ဒဏ်ရာရရှိသော မောင်က---နှင့်အခြားရွာသားများကို ဝါထူးတပ်စခန်းသို့ ပို့ ဆောင်၍ ဆေးကုသမှုပေးခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဒဏ်ရာရသည့်မောင်က---နှင့် အခြားရွာသားများကို ယဝ---ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လွှဲပြောင်းခဲ့သည်။ မောင်က---၏ဝမ်းဗိုက်ကို ခွဲစိတ်ကု သခဲ့ရသည်။ သူ၏ဘယ်လက်မှာ ဒဏ်ရာပြင်းထန်သောကြောင့် ဖြတ်ထောက်ခဲ့ရသည်။ သူသည် ဆေးရုံတွင် တစ်လကြာဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းခွင့်ရခဲ့သည်။ မောင်က---သည် ၎င်းရရှိသည့်ဒဏ်ရာနှင့်သူ၏ လက်တစ်ဖက်ဆုံးရှုံးရသည့်အတွက်ကြောင့် သူ၏မိသားစုသည် သူ့အား ကြည့်ရှုစောင့်ရှောက်ရပြီး စားဝတ်နေရေး အခက်အခဲများနှင့်ကြုံတွေ့ရသည်။ ယခင်က မောင်က---၏အသက်မွေးဝမ်းကြောင်းအလုပ်မှာ ရော်ဘာခြံအလုပ် ဖြစ်သည်။                 

အလားတူအခြားဖြစ်စဉ်တစ်ခုမှာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့၌ သရက်ချောင်းမြို့တွင် အခြေ စိုက်သော ခလရ (၁၀၄) တပ်ရင်းမှ မြန်မာစစ်သားများ (၁၀၀) ကျော်သည် မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ဇစ---ဒေသရှိ ဇခ---နှင့်ဇရ---ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးလာခဲ့သည်။ ဇခ--- ကျေးရွာသို့ စစ်ကြောင်းထိုး သည့်အချိန်အတွင်း  KNLA တပ်ရင်း (၂) လက်အောက်ခံ KNLA စစ်ကြောင်း (၁) ပူးပေါင်းတပ်ဖွဲ့များသည် ခလရ (၁၀၄) အား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့နောက် မြန်မာစစ်တပ်သည် လူနေအိမ် (၅၈) လုံးကို မီးရှို့၍ ဇခ---ရွာသား အယောက် (၂၀) ခန့်အား ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူထဲတွင် ကလေးနှစ်ဦးပါဝင်သည်။ ထိုကလေးနှစ်ဦးမှာ မသ--- (၁၄ နှစ်) နှင့်မောင်ဧ--- (၁၄ နှစ်) တို့ဖြစ်သည်။ မြန်မာစစ်တပ်သည် ကလေးအပါအဝင် ရွာသားများကို လမ်းပြ၊ ပေါ်တာနှင့်လူသားဒိုင်းအဖြစ် ခိုင်းစေခဲ့သည်။ နောက်တစ်နေ့တွင် မြန်မာစစ်တပ်သည် ဖမ်းဆီးခံရသည့်တစ်ချို့ ရွာသားများကို ပြန်လွှတ်ပေးခဲ့သည်။ ဇရ--- ကျေးရွာတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်တွင် တစ်ချို့ရွာ သားများလည်း ထွက်ပြေးလွတ်မြောက်ခဲ့သည်။ မြန်မာစစ်သားများသည် ဇရ--- ကျေးဘုန်းကြီးကျောင်းအနီးတွင် စိတ်ကျန်းမာရေးဝေဒနာခံစားရသူ အမျိုးသားနှစ်ဦးအား ဖမ်းဆီး၍ သတ်ဖြတ် ခြ့သည်။ ထိုအမျိုးသားနှစ်ဦးမှာ ကိုဟ---(၅၀ နှစ်) နှင့် ကိုဂ---(၄၈ နှစ်) တို့ဖြစ်သည်။ မြန်မာစစ်တပ်သည် ကိုဟ---အား ရက်ရက်စက်စက်ပစ်သတ် ခဲ့ပြီး ကိုဂ--- အား ခေါင်းဖြတ်သတ်ပစ်ခဲ့သည်။ သရက်ချောင်းမြို့သို့ ပြန်ရောက်သည့်အခါတွင် မြန်မာစစ်သားသည် ဖမ်းဆီးထားသည့်ကျန်ရှိသောရွာသားများကို ပြန်လွှတ်ပေးခဲ့သည်။

အခြားဖြစ်စဉ်တစ်ခုမှာလည်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် မြန်မာစစ်တပ်သည် ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်၊ ယဖ--- ကျေးရွာအုပ်စုအတွင်းရှိ ရွာသားများကို လမ်းပြအဖြစ်ခိုင်းစေရန် ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ မြန်မာစစ်တပ်ပြုလုပ်သည့်ရွေးကောက်ပွဲဒုတိယကာလအတွင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်း တွင် တာကရယ်မြို့နယ်သို့ မြန်မာစစ်တပ် တပ်ဖွဲ့သစ်များ ရောက်ရှိလာခဲ့သည်။ ထိုတပ်ဖွဲ့သစ်များသည် ၎င်းတို့စစ် ဆင်ရေးအတွက် KNU နယ်မြေဒေသအတွင်း ဖြတ်သန်းသွားလာသည့်အချိန်တွင် ရွာသားနှစ်ဦးအား လယ်တောထဲ တွင်တွေ့ခဲ့ပြီး လမ်းပြအဖြစ်ခိုင်းစေရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုရွာသားနှစ်ဦးသည် ယဖ---ကျေးရွာအုပ် စု၊ ယထ--- ကျေးရွာတွင်နေထိုင်သည့် စောအဝ---နှင့် ယဖ---ကျေးရွာအုပ်စု၊ ယဖ---ကျေး ရွာတွင်နေထိုင်သည့် စောအပ---တို့ဖြစ်သည်။ နာရီအနည်းကြာပြီးနောက်တွင် မြန်မာစစ်တပ်သည် စောအပ---အား ပြန်လွှတ်ပေးခဲ့ သည်။ အကြောင်းမှာ စောအပ---သည် စိတ်ကျန်းမာရေးဝေဒနာခံစားရသူတစ်ဦးဖြစ်သောကြောင့်ဖြစ်သည်။ သို့သော်လည်း မြန်မာစစ်တပ်သည် စောအပ--- အား ၎င်းတို့ယာယီအမြောက်တပ်စခန်းသို့ ရောက်ရှိသည့်အထိ လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် စောအဝ--- အား ငွေကျပ် (၅၀၀၀) ပေးပြီး ပြန်လွှတ်ပေးခဲ့သည်။ ဤအခင်းဖြစ်စဉ်ဖြစ်ပွားပြီး ညနေပိုင်းရောက်သည့်အခါတွင် စောအပ---အား ၎င်းကြုံတွေ့ရသည့်ဖြစ်စဉ်ကို မေး မြန်းရာတွင် ကောင်းစွာမဖြေနိုင်ပဲ ကြောက်ရွံ့ထိတ်လန့်နေကြောင်း ယထ--- ရွာသားများက တင်ပြခဲ့ကြသည်။ 

(ဃ) အဓမ္မလူပျောက်ဆုံးစေခြင်း

KHRG သည် အစီရင်ခံစာကာလအတွင်း မတရားဖမ်းဆီးမှုဖြစ်ပွားပြီးနောက် အဓမ္မလူပျောက်ဆုံးစေသည့်ဖြစ်စဉ် နှင့်ပတ်သက်သော အစီရင်ခံစာ (၁၇) စောင်ကို လက်ခံရရှိခဲ့သည်။ မြန်မာစစ်တပ်သည် ရွာသားများကို ဖမ်းဆီး ပြီး နောက် ထိုရွာသားများ၏မိသားစုနှင့်လူမှုအသိုင်းအဝိုင်းများအနေဖြင့် ၎င်းတို့ချစ်ရသောသူများဖမ်းဆီးခံရပြီး သတင်းအစအနေများမရရှိတော့ပဲ စိတ်ပူပင်သောကရောက်သွားသည့်အခြေအနေများနှင့်ကြုံတွေ့ခံစားရသည်။ မြန်မာစစ်တပ်မှ ဤသို့ရွာသားများကို အစဖျောက်၍ပျောက်ဆုံးစေသည့်အတွက်ကြောင့် ပြည်သူလူထုသည် ဥပဒေ အကာအကွယ်ပေးမှုမရရှိပဲ ဆိုးရွားသည့်အခြေအနေကိုကြုံတွေ့နေရသည်။ ဖမ်းဆီးခံရသည့်ရွာသားများသည် အချိန်ကာလအားဖြင့် ရက်အနည်းငယ်မှ နှစ်အနည်းငယ်ကြာသည့်အထိ ပျောက်ဆုံးသွားလေ့ရှိကြောင်း တွေ့ရှိ ရသည်။ KHRG လက်ခံရရှိသည့်သတင်းအချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ သြဂုတ်လအထိတွင် အနည်းဆုံး ရွာသားများ (၁၁) ဦးပျောက်ဆုံးနေကြောင်း သိရှိရသည်။[12]

ဥပမာဖြစ်စဉ်တစ်ခုမှာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ ညနေ (၆)နာရီဝန်းကျင်တွင် ဒူးပလာယာခရိုင်၊ နို့တ ကောမြို့နယ်၊ ဇဥ---ကျေးရွာအုပ်စု၊ ဇတ--- ကျေးရွာတွင်နေထိုင်သည့်ရွာသားနှစ်ဦးဖြစ်သူ စောဗ--- (၁၇ နှစ်) နှင့်စောဃ--- (၂၁ နှစ်) တို့သည် မြန်မာစစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခံရ၍ စစ်ဆေးမေးမြန်းခံခဲ့ရ သည်။ စစ်ဆေးမေးမြန်းသည့်အချိန်တွင် မြန်မာစစ်သားများသည် ထိုရွာသားနှစ်ဦးကို ရိုက်နှက်၍ ၎င်းတို့မျက်နှာ ကိုလည်း အကြိမ်ပေါင်းများစွာ ထိုးကြိတ်ခဲ့သည်။ ဤသို့စစ်ဆေးမေးမြန်းမှုနှင့်ထိုးကြိတ်ရိုက်နှက်မှုသည် ည (၉) နာရီတွင် ပြီးဆုံးခဲ့ပြီးနောက် မြန်မာစစ်တပ်သည် အဆိုပါရွာသားနှစ်ဦး၏မျက်နှာကို လုံချည်အဝတ်စဖြင့်အုပ်၍ ၎င်းတို့ကို တပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ရွာသားများသည် တပ်စခန်းသို့ရောက်ရှိပြီးနောက် မြန်မာစစ်သား များက ၎င်းတို့ကို လက်ထိပ်ခတ်၍ အခန်းတစ်ခန်းထဲတွင်ထည့်ပြီး ထိန်းသိမ်းထားခဲ့သည်။ ၎င်းတို့သည် ကြမ်းပြင် ပေါ်တွင် အိပ်စက်ခဲ့ရသည်။ တစ်ရက်လျှင် ထမင်းတစ်နပ်သာ စားခဲ့ရသည်။ တစ်ပတ်လျှင် တစ်ကြိမ်သာ ရေချိုးခွင့် ရသည်။ ၎င်းတို့သည် တပ်စခန်းထဲတွင် ထိန်းသိမ်းခံထားရစဉ်အတွင်း ၎င်းတို့မိသားစုသည် ၎င်းတို့ မည်သည့်နေရာ တွင်ရှိနေသည်ကို မသိရှိခဲ့ရပါ။ ထို့ကြောင့် မိသားစုဝင်များသည် ၎င်းတို့အား မြန်မာစစ်တပ်စစ်ဆေးရေးဂိတ်တွင် သွားရောက်ရှာဖွေပေးရန်အတွက် ဆိပ်ကြီးမြို့ရှိ ဒေသခံခေါင်းဆောင်တစ်ဦးထံမှ (မည်သည့်အဖွဲ့အစည်း သို့မဟုတ် မည်သည့်အဖွဲ့နှင့်ပတ်သက်မှုရှိကြောင်း မသိရှိရ) အကူအညီတောင်းခဲ့သည်။ ထို့အပြင် ၎င်းတို့ကျေးရွာအုပ်ချုပ်ရေး မှူးကိုလည်း အကူအညီတောင်းခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ မနက် (၁၀) နာရီခန့်တွင် မြန်မာစစ်သား များသည် ထိုရွာသားနှစ်ဦးကို စစ်ဆေးရေးဂိတ်သို့ ပြန်ခေါ်လာပြီး ၎င်းတို့အား လွှတ်ပေး၍ အိမ်ပြန်ခွင့်ပေးခဲ့သည်။

အခြားဖြစ်စဉ်တစ်ခုမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တောင်ငူမြို့မှ မြန်မာစစ်သားများသည် တောဦး ခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ဇဖ---ကျေးရွာအုပ်စုအတွင်းသို့ ဝင်ရောက်ကျူးကျော်လာပြီးနောက်  ဇဖ---ကျေးရွာအုပ်စု၊ ဇထ---ကျေးရွာအနီး ဒေသခံ PDF နှင့်KNLA တပ်ရင်း အမှတ် (၅)မှ စစ်သားများနှင့်တိုး၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်နေစဉ်တွင် မြန်မာစစ်သားများသည် ဇဖ---ကျေးရွာအုပ်စု၊ ဇထ---ကျေးရွာမှ ရွာသား (၃) ဦးကို ဖမ်းဆီးခဲ့ သည်။ ရွာသား (၃) ဦးသည် တိုက်ပွဲအနီးရှိ နနွင်းခြံထဲတွင် အလုပ်လုပ်နေခဲ့သည်။ ထို့နောက် မြန်မာစစ်တပ်သည် အဆိုပါရွာသားများအား ဇထ---ကျေးရွာတွင်ထား၍ ထိန်းသိမ်းခဲ့သည်။ ဖမ်းဆီးခံခဲ့ရသည့် ရွာသားများတွင် အသက် (၁၂) နှစ်အရွယ်ရှိသောကလေးနှစ်ဦးနှင့် အသက် (၃၀) အရွယ် လူကြီးတစ်ဦး စောဒ---တို့ဖြစ်ကြသည်။ စောဒ---သည်  စစ်ဘွတ်ဖိနပ်ကို စီးခဲ့သည်။ ရွာသားများသည် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စပ်ဆက်မှုမရှိဘဲ စစ်ဘွတ် ဖိနပ်ကို မကြာခဏ အသုံးပြုလေ့ရှိသည်။ ထိုဖိနပ်များက ချော်ပြီး ရွံ့ထူသော စိုက်ပျိုးရေးခြံတွင် အလုပ်လုပ်နေစဉ် သက်သောက်သက်သာရှိပြီး အကာအကွယ်ပေးသောကြောင့်ဖြစ်သည်။ သို့သော်လည်း မြန်မာစစ်သားတွေက သူတို့ကို ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းနေသည်ဟု စွပ်စွဲပြီး သူတို့ကို ဘာစစ်ဆေးမှုမှ မလုပ်ဘဲ ဖမ်းဆီးခဲ့သည်။ အခြားရွာသားများသည် ထိုဖမ်းဆီးမှုကို ကြားရပြီးနောက် ဇည---ရွာမှ  ဘုန်းကြီးတစ်ပါး သည် ဇထ---ရွာသို့သွား၍ မြန်မာစစ်သားများနှင့်တွေ့ဆုံပြီး ဖမ်းဆီးခံရသည့်ကလေးများကို လွှတ်ပေးရန် တောင်း ဆိုခဲ့သည်။ မြန်မာစစ်သားများသည် ကလေးတွေကို သွားခွင့်ပေးခဲ့သည်။ ဘုန်းကြီးသည် စောဒ---ကို မသိသော ကြောင့် စောဒ---အား လွတ်ပေးရန် မတောင်းဆိုခဲ့ပါ။ ထိုဘုန်းကြီး၏ပြောပြချက်အရ မြန်မာစစ်သားများသည် စောဒ---ကို ရိုက်နှက်ခဲ့ကြောင်း လွတ်လာသည့်ကလေးများက မျက်မြင်တွေ့ခဲ့သည်။ စောဒ---သည် ဖမ်းဆီးခံရ ပြီးနောက် ယခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။ စောဒ---သည် ဘယ်နေရာတွင်ရှိနေကြောင်း၊ ဘာတွေလုပ် နေကြောင်း ရွာသားများအနေဖြင့် ဘာသတင်းမှ မရကြတော့ပါ။[13]

(င) အဓမ္မစစ်သားစုဆောင်းခြင်း 

မြန်မာစစ်တပ်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းခဲ့ပြီးနောက် ၎င်းတို့အနေဖြင့် ရွာသားများအပေါ် အကြမ်းဖက်သည့်နည်းလမ်းများကိုအသုံးပြု၍ အဓမ္မစစ်မှုထမ်းခိုင်းစေခဲ့သည်။ အစီရင်ခံစာကာလအတွင်း KHRG လက်ခံရရှိသည့်သတင်းမှတ်တမ်းများအရ မြန်မာစစ်တပ်သည် ကလေးများ အပါအဝင် ဒေသခံရွာသားများကို ပစ်မှတ်ထားကာ ဖမ်းဆီး၍ စစ်တပ်ထဲဝင်ရန် အဓမ္မခိုင်းစေခဲ့သည်။[14] မြန်မာစစ် တပ်သည် အဓမ္မစစ်သားစုဆောင်းခြင်းကိုလုပ်ဆောင်ရာတွင် ဒေသခံရွာသားများကို အပြစ်ပေးရန်နှင့် အကြောက် တရားများရှိစေရန်အတွက် အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများ၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ငွေညှစ်သည့် လုပ်ရပ်များအားလုံးကို ကျူးလွန်ကြသည်။ ထို့အပြင် KHRG အင်တာဗျူးခဲ့သောရွာသားများသည် ၎င်းတို့အနေဖြင့် မြန်မာစစ်တပ်အပေါ် အာဏာရူးအဖြစ်ရှုမြင်ပြီး မိမိပြည်သူလူထုကို တိုက်ခိုက်ချင်သည့်ရည်ရွယ်ချက်ရှိနေကြောင်း ထုတ်ဖော်တင်ပြခဲ့သည်။ ဤအကြောင်းကို ထောတထူမြို့နယ်၊ ဇယ--- ကျေးရွာအုပ်စုတွင် နေထိုင်သော အသက် (၂၈)နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ စောဆ---က ယခုလိုပြောပြသည်။ “အကယ်၍ ကျနော်မြန်မာစစ်တပ်ထဲ ဝင်ရင် အခြားလူတွေအတွက် ကောင်းတာတွေလုပ်မိမှာမဟုတ်ဘူးလို့ နားလည်ထားတယ်။ အဲဒါကြောင့် ကျနော်အ နေနဲ့ ဒီဥပဒေကို မလိုက်နာနိုင်ဘူး။ ကျနော်စစ်မှုထမ်းမယ်ဆိုရင် စစ်ကောင်စီစစ်သားတွေလုပ်သလိုဘဲ ကျနော် လိုက်လုပ်နေရမယ်။ ဥပမာ သူတို့က လူတွေကို ညှင်းပမ်းနှိပ်စက်တာတွေပေါ့။ ဒီစစ်မှုမထမ်းမနေရဥပဒေဟဟာ တစ်ခြားနိုင်ငံမှာလည်းရှိတယ်ဆိုတာကို သိပါတယ်။ အဲ့ဒါက တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့အတွက် ပြဌာန်းထား တဲ့ဥပဒေဖြစ်တယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံမှာတော့ စစ်တပ်ထဲကိုဝင်ရင်တော့ ကိုယ့်လူမျိုး ကို ပြန်ထိခိုက်အောင် ပြုလုပ်ခိုင်းပါလိမ့်မယ်။ ဒါကြောင့်မို့ ကျနော်အပါအဝင် အခြားလူငယ်အများအပြားက ဒါကို လက်မခံဘူး။” စောဆ---က ဆက်လက်၍ ဤသို့ရှင်းပြသည်။ “လူအများအပြားပဲ စစ်ကောင်စီစစ်သားအဖြစ် မတရားလုပ်ခိုင်းတာခံရတယ်။ သူတို့အများစုကို စစ်မြေပြင်သို့ပို့တယ်။ အများအားဖြင့် သူတို့ဟာ တိုက်ပွဲအတွေ့ အကြုံမရှိတဲ့အတွက်ကြောင့်  စစ်မြေပြင်မှာပဲ သေခဲ့ရတယ်။ ကျနော်စစ်တပ်ထဲဝင်ရင် မိမိလူမျိုးနဲ့ PDF ဖြစ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ပြန်တိုက်ခိုင်းလိမ့်မယ်။ ဒီအခြေအနေကိုတော့ အဖြစ်မခံနိုင်ဘူး။”

မြန်မာစစ်တပ်မှ အဓမ္မစစ်သားစုဆောင်းသည့်ဖြစ်စဉ်တစ်ခုသည် ၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင်ဖြစ်ပွားခဲ့သည်။ ညောင်ပင်သာစစ်ဆေးရေးဂိတ်တွင် မြန်မာစစ်သားများသည် ခလယ်လွီထူခရိုင်၊ မူး (မုန်း) မြို့နယ်၊ ယဘ--- ဒေသ၊ ယအ--- ကျေးရွာအုပ်စု၊ ဇဇ--- ကျေးရွာတွင် နေထိုင်သော အသက် (၁၇)နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးဖြစ်သူ ဘ---အား ဖမ်းဆီးခဲ့သည်။ ဘ---သည် မှတ်ပုံတင်အထောက်အထားမရှိသည့်အတွက် သူ့အား ဖမ်းဆီးရသည့် အကြောင်းကို မြန်မာစစ်သားများမှ ၎င်းအား ပြောကြားခဲ့သည်။ ထို့နောက် ၎င်းအား စစ်သားစု ဆောင်းရေးစခန်းသို့ ပို့ဆောင်ခဲ့သည်။ စုဆောင်းရေးစခန်းသို့ ရောက်ရှိသည့်အချိန်တွင် ဘ---နှင့်အခြားရွာသားများသည် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ငွေညှစ်ခြိမ်းခြောက်မှုတို့ကို ကြုံတွေ့ခဲ့ရသည်။ ဤအကြောင်းနှင့်ပတ်သက်၍ ဘ---အနေဖြင့် သူ၏အတွေ့အကြုံတွေကို ယခုလိုပြောပြသည်။ “ကျွန်တော်ဆိုးဆိုးရွားရွားခံစားရတယ်။ ဒီလူမဆန်တဲ့လုပ်ရပ်တွေ က အရမ်းလွန်တယ်။ ညဘက်မှာ ကျွန်တော်တို့ အိပ်ဖို့ အချိန်မရှိခဲ့ဘူး။ ကျွန်တော် နေမကောင်းပေမယ့်လည်း နားလို့မရဘူး။ စစ်လေ့ကျင့်ရေးကို လုပ်ရမှာပဲ။ ကျွန်တော်ဆင်းရဲဒုက္ခခံခဲ့ရတယ်။ တစ်ပတ်ကို ရေချိုးခွင့်တစ်ခါပဲ ရတယ်။ အဲဒါကြောင့် ကျွန်တော့်ရဲ့ပေါင်တွေမှာ အဖုအပိမ့်များထွက်လာတယ်။ ခြေထောက်မှာလည်း ဒဏ်ရာရခဲ့ တယ်။ ရေအရမ်းအေးလို့ ရေမချိုးနိုင်ခဲ့ဘူး။ အဲ့အချိန်က မနက် (၁၂) နာရီရှိပြီး။ နားဖို့တောင်အချိန်မရှိဘူး။ သူတို့ဝီစီ မှုတ်တဲ့အချိန်မှာ ကျွန်တော်တို့တန်းစီဖို့နောက်ကျခဲ့တယ်။ အဲ့ဒါကြောင့် SAC စစ်သားတွေက ကျွန်တော်တို့ကို မှောက်လျက်လဲခိုင်းတယ်။ ပြီးတော့ ကျွန်တော်တို့ကို ရိုက်တယ်။ သူတို့ ကျွန်တော့်ကို (၂) ချက်ရိုက်ခဲ့တယ်။” ဘ--- သည် စစ်သင်တန်းကို တစ်ပတ်ကြာတက်ရောက်ခဲ့ပြီးနောက် ၎င်းအား တိုက်ပွဲထဲဝင်ရန် ရှမ်းပြည်နယ်ရှိ ရှေ့တန်း တပ်စခန်းသို့ ပို့ဆောင်ခဲ့သည်။ ရှေ့တန်းတပ်စခန်းသို့ ရောက်ရှိပြီးမကြာမှီတွင် သူနှင့်အခြားစစ်သားများသည် ထွက် ပြေးလွတ်မြောက်၍ အိမ်ပြန်နိုင်ခွင့်ရရှိခဲ့သည်။ ဤအကြောင်းကို ၎င်းက ယခုလိုပြောပြသည်။ “ကျွန်တော်အနေနဲ့ မြို့ကို မသွားရဲဘူး။ ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို ပြန်စဉ်စားရင် ကြောက်တယ်။ အဲ့တာက အလွန်ထိတ် လန့်ဖို့ကောင်းတယ်။ သတ္တိမွေးပြီး မြို့ကိုသွားရဲရင်တောင် (ဖမ်းဆီးခံရသည့်နေရာကို) ပြန်လာတဲ့အခါမှာ ကျွန်တော်တို့ရဲ့အသက်တွေက သူတို့ရဲ့လက်ထဲမှာပဲရှိတယ်။”

၃.၂။ နောက်ဆက်တွဲဆိုးကျိုးများ

မြန်မာစစ်တပ်သည် ဤသို့ဖမ်းဆီးမှုများပြုလုပ်၍ လွတ်လပ်ခွင့်အားပိတ်ပင်တားဆီးပြီးနောက် လူ့အခွင့်အရေးချိုး ဖောက်မှုများကျူးလွန်သောကြောင့် အသက်ရှင်ကျန်ရစ်သူများ၊ ၎င်းတို့မိသားစုဝင်များနှင့် ရပ်ရွာလူထုအနေဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာနာကျင်ခံစားမှုများ၊ လူမှုရေးနှင့်စီးပွားရေးဆိုင်ရာထိခိုက်ဆုံးရှုံးမှုများကို မကြာခဏကြုံ တွေ့ရသည်။ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ညှဉ်းပမ်းနှိပ်စက်မှုကို ကြုံတွေ့ခဲ့ရသည့်အသက်ရှင် ကျန်ရစ်သူများသည် ရုပ်ပိုင်းဆိုင်ရာအရ မသန်စွမ်းမှုနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများကို တစ်သက် လုံးခံစားသွားရပြီး ဆေးကုသမှုနှင့်ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုများမရရှိပဲ ရှင်သန်နေထိုင်ရသည်။ အိမ် ထောင်ဦးစီးများဖြစ်သည့်အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့အနေဖြင့် မိသားစုစားဝတ်နေရေးအတွက် အလုပ်မလုပ်နိုင်တော့လျှင် အခက်အခဲ၊ စိန်ခေါ်မှုများဖြစ်စေပါသည်။ ကျန်ရှိသောမိသားစုဝင်များ အထူးသဖြင့် အသက်ရှင်ကျန်ရစ်သူများ၊ ပျောက်ဆုံးသူများ သို့မဟုတ် သေဆုံးသွားရွာသားများအပေါ် မှီခိုရသည့်၎င်းတို့ဇနီး များနှင့်ကလေးများသည် ၎င်းတို့အနေဖြင့် မိသားစုဘဝပြိုကွဲပျက်စီးသွားသည့်အတွက်ကြောင့် စိန်ခေါ်မှုများစွာ နှင့်ရင်ဆိုင်ကြုံတွေ့ရသည်။ ထိုစိန်ခေါ်မှုများသည် လူနေမှုအခြေအနေဆုတ်ယုတ်လာခြင်း၊ စားဝတ်နေရေးမပြေ လည်မှုများ၊ အစားအစာလုံလောက်မှုမရရှိခြင်း၊ ကျန်းမာရေးနှင့်ပညာရေးဝန်ဆောင်မှုများဆုံးရှုံးရခြင်းစသည်တို့ ဖြစ်သည်။ ဖမ်းဆီးခံရသည့်ရွာသားများသည် အိမ်ထောင်ဦးစီးများဖြစ်လျှင် ၎င်းတို့မိသားစုများအနေဖြင့် ပို၍ဆိုး ရွားသောအခြေအနေနှင့် ကြုံတွေ့ရနိုင်သည်။  

တစ်ဦးချင်းစီအပေါ် ထိခိုက်စေသည့်သက်ရောက်မှုများ

ဖမ်းဆီးမှုပြုလုပ်ပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်ပြီး တစ်ဦးချင်းစီအပေါ်ထိခိုက်စေသည့်ဖြစ်စဉ် တစ်ခုကို ဖော်ပြလိုပါသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဒူးသထူ (သထုံ) ခရိုင်၊ ဘီးလင်းမြို့ နယ်၊ ယဆ--- ကျေးရွာအုပ်စုတွင် အခြေစိုက်သော မြန်မာစစ်တပ် ခမလ (၄၀၅) သည် ယဆ--- ကျေးရွာအုပ်စုအတွင်း နေထိုင်သည့်ရွာသား (၈)နှစ်ဦးကို ဖမ်းဆီးခဲ့သည်။ ထိုရွာသားများသည် ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ ဝင်များဖြစ်သည်ဟုစွပ်စွဲ၍ မြန်မာစစ်တပ်က ၎င်းတို့အားဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖမ်းဆီးပြီးနောက်တွင် ၎င်းတို့အား ညှဉ်းပမ်းနှိပ်စက်ခဲ့သည်။ ထိုအထဲတွင် ဖမ်းဆီးခံရသည့်ရွာသားတစ်ဦးဖြစ်သူ စောအ---သည် ညှဉ်းပမ်း နှိပ်စက်မှုဒဏ်ကိုခံစားရပြီးနောက် ပြင်းထန်စွာဒဏ်ရာရရှိပြီးသေဆုံးသွားခဲ့သည်။ ထိုသို့ညှဉ်းပမ်းနှိပ်စက်မှုကိုကြုံ တွေ့ရပြီး အသက်ရှင်ကျန်ရစ်သူဖြစ်သည့် ယဆ--- ကျေးရွာအုပ်စု၊ ယဒ--- ကျေးရွာတွင်နေထိုင် သော အသက် (၅၇)နှစ်အရွယ် နော်အအ---သည် KHRG အား ဤသို့ပြောပြသည်။ “ကျွန်တော်တို့တွေ ‌ရောင်းဖို့အတွက် ရှောက်သီး တွေကို သွားပို့ပြီးနောက်မှာ ရော်ဘာခြံမှာရှိတဲ့တဲကို ပြန်လာခဲ့တယ်။ (…) မြန်မာစစ်သား (၄) ဦးရောက်လာတယ်။ ပြီးတော့ ကျွန်တော်တို့ကို ဖမ်းဆီးပြီးနှိပ်စက်ခဲ့တယ်။ သူက (စစ်သား) ကျွန်တော့်ကို သူ့ရဲ့သေနတ်နဲ့ ရိုက်နှက်ခဲ့ တယ်။ သူက တခြားလူတွေကိုလည်း (၃x၂)လက်မ လောက်ရှိတဲ့ သစ်ချောင်းနဲ့ ရိုက်ခဲ့တယ်။ ကျွန်တော့်ရဲ့ဒဏ်ရာက (၅) ချက်လောက် ချုပ်ခဲ့ရတယ်။” ယဆ---ကျေးရွာတွင်နေထိုင်သော အသက်ရှင်ကျန်ရစ်သူဖြစ်သည့် အသက် (၅၃) နှစ်အရွယ် စောအဘ---သည်လည်း ယခုလိုပြောပြသည်။ “မြန်မာစစ်သားတွေက ကျွန်တော့်ကို (၅) ချက်လောက် ရိုက်ခဲ့တယ်။ သူတို့ ကျွန်တော့်ရဲ့ခေါင်းကို ဝါးလုံးနဲ့စက်သေနတ်နဲ့ (၄) ချက်ရိုက်တယ်။ ကျွန်တော့်ရဲ့နံရိုး (၂) ချောင်း ကျိုးခဲ့တယ်။ ပြီးတော့ လက်ချောင်းတစ်ချောင်းလည်း ကျိုးခဲ့တယ်။ သူ့ရဲ့သေနတ်ပြောင်းဝနဲ့ ကျွန်တော်ရဲ့နားထင် ကိုဖိပြီး ဆွဲလိုက်သေးတယ်။” အသက်ရှင်ကျန်ရစ်သည့်ရွာသား (၇)ဦးသည် လွတ်မြောက်လာပြီးနောက် ၎င်းတို့ အနေဖြင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ပြန်လည်ထူထောင်ပေးရန် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုများ သို့မဟုတ် ကူညီထောက်ပံ့မှုတစ်စုံတစ်ခုမျှ မရရှိခဲ့ပါ။ ဤဖြစ်စဉ်ဖြစ်ပွားပြီး တစ်နှစ်ကြာပြီးနောက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် KHRG အနေဖြင့် ထိုဖမ်းဆီးနှိပ်စက်ခံရသည့်ရွာသားများ၏ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင် ရာနှင့်လူမှုကောင်းကျိုးချမ်းသာသုခများအပြင် ၎င်းတို့၏မိသားစုဝင်များနှင့်စားဝတ်နေရေးအခြေအနေအပေါ် ထိ ခိုက်စေသည့်ဆိုးကျိုးသက်ရောက်မှုများကို မှတ်တမ်းပြုစုခဲ့သည်။ ထိုဆိုးကျိုးသက်ရောက်မှုများသည် အကြမ်း ဖက်နှိပ်စက်ခံရသည့်အချိန်တွင် နာကျင်ခံစားခဲ့ရသည်သာမကပဲ အချိန်ကာလတစ်ခုအထိ ခံစားရကြောင်း စောအဘ--- က ယခုလိုပြောသည်။ “ကျွန်တော် ဒဏ်ရာရခဲ့ပြီးနောက်ပိုင်း အရင်လိုကျန်းမာရေးမကောင်းတော့ဘူး။ အခု ကျွန်တော်အလွန်အားနည်းတယ်လို့ ခံစားနေရတယ်။ စားဝတ်နေရေးအတွက် ကောင်းကောင်းအလုပ်မလုပ် နိုင်တော့ဘူး။”

မိသားစုအပေါ် ထိခိုက်စေသည့်သက်ရောက်မှုများ

မိသားစုဝင်များသည်လည်း ၎င်းတို့ချစ်ရသူများကို ဆုံးရှုံးသွားရသည့်အတွက်ကြောင့် ၎င်းတို့အပေါ် ထိခိုက်စေ သည့်သက်ရောက်မှုများရှိပြီး စားဝတ်နေရေးအခက်အခဲပြဿနာများနှင့်ကြုံတွေ့ရသည်။ အထက်ပါဖြစ်စဉ်တွင် ဖော်ပြထားသည့်အတိုင်း စောအ---သည် ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးသွားပြီးနောက်တွင် စောအဘ---က စောအ---၏မိသားစုကြုံတွေ့ရသည့်အခက်အခဲစိန်ခေါ်မှုများကို ယခုလိုပြန်လည်ပြောပြသည်။ “သူ (စောအ---) သေဆုံးပြီး နောက်ပိုင်း သူ့မိန်းမနဲ့သမီးတွေက မိသားစုစားဝတ်နေရေးနဲ့ ပညာရေးကောင်းကောင်းရရှိဖို့အတွက် မလုပ်ကိုင် နိုင်ခဲ့ဘူး။ (…) သူ့ရဲ့အငယ်ဆုံးသမီးဟာ ကျောင်းတက်ခွင့်မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့  သူ့အမေက သူ့ကို ကျောင်းမထားနိုင်တော့ဘူးလေ။ (…) သူမလည်း (စောအ---ရဲ့မိန်းမ) ကျန်းမာရေးမကောင်းဘူး။” စောအဘ---က ဆက်လက်၍ အသက်ရှင်ကျန်ရစ်သူများ၏မိသားစုကိုလည်း များစွာထိခိုက်မှုရှိကြောင်း ဤသို့ရှင်းပြသည်။ “မြန်မာ စစ်သားတွေ အရိုက်ခံရတဲ့တစ်ခြားရွာသားတွေကလည်း သူတို့မိသားစု စားဝတ်နေရေးအတွက် အရင်ကလိုမျိုး အလုပ်မလုပ်နိုင်တော့ဘူး။ (…) ယဃ---နေရာကလာတဲ့လူတစ်ယောက်ဆိုရင် သူအရိုက်ခံရတာ သူ့လက်တွေ ကျိုးသွားတယ်။ အဲ့ကြောင့် သူရဲ့လက်တွေဟာ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘူး။ စောအဆ---ကတော့ ကျွန်တော်နှင့်အတူ ယဖ---ဆေးရုံမှာ ဆေးရုံတက်ခဲ့ရတယ်။ သူအခုအားနည်းတယ်။ ပြီးတော့ အလုပ်ကြမ်းမလုပ် နိုင်တော့ဘူး။ စောအဒ---ကတော့ အရိုက်ခံရတာ သူ့ဦးနှောက်မှာ ဒဏ်ရာရတဲ့အတွက် မြို့မှာဆေးရုံတက်ခဲ့ရတယ်။ သူစကားပြောရင် အသံတိုးသွားတယ်။ အခုတော့ ကျွန်တော်တို့သူစကားပြောရင် ကောင်းကောင်းမကြားရဘူး။”

အခြားဖြစ်စဉ်တစ်ခုမှာ မိဘအုပ်ထိန်းသူများဖမ်းဆီးခံရပြီးနောက် ၎င်းတို့သားသမီးများအပေါ် ထိခိုက်စေသည့် ဆိုး ကျိုးသက်ရောက်မှုများရှိကြောင်း တွေ့ရှိရသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ အစောပိုင်းတွင် ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်) မြို့နယ်၊ ယဟ---ကျေးရွာအုပ်စု၊ ယဟ---ကျေးရွာတွင်နေထိုင်သည့်စောအဂ---သည် ၎င်း၏သားသမီးများနှင့်အတူ ကော်တရီမြို့နယ်၊ ယဧ---ကျေးရွာအုပ်စု၊ ယဧ---ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ သည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် စောအဂ---သည် သူ၏သားသမီးများအား ၎င်းတို့တိမ်း ရှောင်သည့်နေရာတွင် စောင့်နေခိုင်းစေပြီး ၎င်းက စားဝတ်နေရေးလုပ်ငန်းများအတွက် ရွာသို့ပြန်လာခဲ့သည်။ သို့သော် သူဘယ်တော့မှ ပြန်မလာခဲ့ပေ။ အကြောင်းမှာ မည်သူမှ သူ့အား ရှာမတွေ့ခဲ့ခြင်းဖြစ်သည်။ စောအဂ---သည် ရွာသို့ပြန်လာသည့်လမ်းတွင် မြန်မာစစ်တပ်နှင့်ဆုံတွေ့ပြီး သူ့အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွာသား များက ယူဆကြသည်။ သူ၏သားသမီးများကို မည်သူမှစောင့်ရှောက်ပေးမည့်သူမရှိပါ။ အကြောင်းမှာ မိခင်ဖြစ်သူ က ဘန်ကောက်သို့သွား၍ အလုပ်လုပ်နေရခြင်းဖြစ်သည်။ ထို့နောက်တွင် ထိုကလေးများ၏အဒေါ်တစ်ဦးက ၎င်းတို့အား ခေါ်ဆောင်သွားပြီး သူမ၏မိသားစုနှင့်အတူ သွားရောက်နေထိုင်ကြသည်။

မိသားစုဝင်များအတွက် တရားမျှတမှုမရှိခြင်း

ရွာသားများအနေဖြင့် တရားမျှတမှုရရှိရန်အခွင့်အလမ်းမရှိကြပါ။ အဘယ်ကြောင့်ဆိုသော် ပြစ်မှုကျူးလွန်သည့် မြန်မာစစ်တပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာအောင် အရေးယူဆောင်ရွက်ပေးနိုင်ခြင်းမရှိသောကြောင့်ဖြစ် သည်။ ပြည်သူလူထုအား အဓမ္မဖမ်းဆီး၍ လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ကြသည့်ဖြစ်စဉ်များတွင် လက် တွေ့ကျသောစုံစမ်းစစ်ဆေးမှု သို့မဟုတ် တရားမျှတမှုယန္တရားများမရှိကြောင်း ရွာသားများက သက်သေထွက်ဆို ကြသည်။ ဥပမာဖြစ်စဉ်တစ်ခုမှာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် ကျွဲကျောင်းနေသော စောအဟ---သည် မြန်မာစစ်တပ်နှင့်ထိပ်တိုက်တွေ့ပြီးနောက် မြန်မာစစ်တပ်သည် ၎င်းအား ဖမ်းဆီး၍ အဓမ္မအစဖျောက်ခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ စောအဟ---၏မိသားစုအတွက် အကူအညီ သို့မဟုတ် တရားမျှတမှု တစ်စုံတစ်ရာမျှ မရရှိခဲ့ပါ။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် စောအဟ---ပျောက်ဆုံးမှုနှင့်ပတ်သက်သည့်အကြောင်းကို ပိုမိုသိရှိ စေရန်အတွက် မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ယက---ကျေးရွာအုပ်စု၊ ယသ---ကျေးရွာမှ အသက် (၆၁) နှစ်အရွယ် ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ စောအဧ---နှင့်တွေ့ဆုံ၍ ထပ်မံအင်တာဗျူးခဲ့ပါသည်။ စောအဧ---က ယခုလိုပြောပြသည်။ “ဘယ်သူမှ (ဒေသခံခေါင်းဆောင်) သူ့ကို မလိုက်ရှာခဲ့ဘူး။ သူ့အကြောင်းကိုလည်း ဘယ် သူမှ မမေးခဲ့ဘူး။ မိဘတွေ၊ အဒေါ်နဲ့ဦးလေးတွေက သူ့ကိုလိုက်ရှာနေခဲ့ပေမယ့် ဘယ်သူမှ သူတို့ကို ကူညီဖို့မတတ် နိုင်ခဲ့ဘူး။ လူတစ်ယောက်ဟာ သူ့တန်ဖိုးရှိတယ်။ ပြီးတော့ သူတို့ပျောက်ရင် လိုက်ရှာသင့်တယ်။ မြန်မာစစ်သား တွေက သူတို့ကို သတ်သွားတာလား၊ ဖမ်းသွားတာလား၊ သူတို့ဘယ်လို ပျောက်သွားခဲ့တာလဲဆိုတာကို ကျွန်တော် တို့မှာ သိခွင့်ရှိသင့်တယ်။  အနည်းဆုံးတော့ လူတွေက ကိုယ်တတ်နိုင်သလောက် ပျောက်နေတဲ့လူကို ရှာဖို့လုပ်သင့် တယ်။ ဒါတွေလုပ်ပြီးမှပဲ ပျောက်နေတဲ့ လူအတွက် ဘာမှမလုပ်ပေးနိုင်ရင် နားလည်ပေးလို့ရတယ်။ ဒါပေမဲ့ အခုကျ တော့ အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းတာတွေ၊ မှတ်တမ်းတင်တာတွေကို တစ်ခုမှမလုပ်ခဲ့ဘူး။ သူ့ရဲ့မိသားစုဝင် တွေကျတော့ သူ့ကို ဒီနေရာအနှံ့မှာ လိုက်မေးပြီး ရှာဖွေနေကြတယ်။ (…) သူတို့တွေ မယ်ပရီခီးမှာရှိတဲ့တပ်စခန်း ကို သွားပြီး (မြန်မာစစ်တပ်) စခန်းမှူးကို သွားတွေ့မေးမြန်းတယ်။ ဒါပေမဲ့ စခန်းမှူးက သူ့ကိုမဖမ်းခဲ့ဘူးလို့ပြော ခဲ့ပြီး တကယ်လို့ သူတို့ဖမ်းခဲ့ရင်လည်း သူ့ကို ပြန်လွှတ်ပေးလိမ့်မယ်ပြောခဲ့တယ်။ ကျွန်တော်တို့ ဘာသဲလွန်စမှ ရှာလို့မရခဲ့ဘူး။ (မြန်မာစစ်တပ်မှ) သူ့ကို သတ်သွားတာလား ဒါမှမဟုတ် သူအသက်ရှင်နေသေးလားတောင် မသိ ရဘူး။”

၃.၃။ ရွာသားများ၏နည်းလမ်းဗျူဟာများ

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် မြန်မာစစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများဆက်လက်ကျူးလွန်နေလျက် ရှိသော်လည်း ကရင်ပြည်နယ်ရှိ ရွာသားများသည် ခံနိုင်ရည်စွမ်းများရှိပြီး မတူညီသောနည်းလမ်းဗျူဟာများကို အသုံးပြု၍ ခုခံတွန်းလှန်ကြသည့်အခြေအနေများကိုတွေ့ရှိရသည်။ ရွာသားများသည် ဖမ်းဆီးအကျဉ်းချခံရသည့် အခါတွင် ၎င်းတို့မိသားစုနှင့်ကျေးရွာလူထုများအနေဖြင့် အချင်းချင်းဖေးမကူညီလေ့ရှိပြီး ၎င်းတို့ချစ်ရသောသူများ အား ပြန်လည်လွတ်မြောက်လာရန်အတွက် ကျူးလွန်သူများနှင့်တိုက်ရိုက်တွေ့ဆုံမေးမြန်းခြင်း သို့မဟုတ် ကျေးရွာ ခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်အစရှိသော ဒေသခံအာဏာပိုင်များထံမှ အကူအညီတောင်းခြင်းစသည် တို့ကို တတ်စွမ်းသလောက်ကြိုးစားကြသည်။ တစ်ချို့ဖြစ်စဉ်များတွင် မိသားစုနှင့်ကျေးရွာလူထုများသည် ၎င်းတို့ ချစ်ရသူများလွတ်မြောက်ရန်အတွက် ကျူးလွန်သူများနှင့်ညှိနှိုင်း၍ ငွေကြေးပေးဆောင်ရသည့်အခြေအနေတွင် ရှိသည်။ ဖမ်းဆီးခံရသည့်ရွာသားများကိုယ်တိုင်ကလည်း ဖမ်းဆီးမှုမခံရအောင် သို့မဟုတ် ထွက်ပြေးလွတ်မြောက် နိုင်ရန် နည်းလမ်းအမျိုးမျိုးကိုအသုံးပြုကြသည်။ ထိုနည်းလမ်းများမှာ စစ်သားများအား တောင်းပန်ခြင်း၊ လေးစားမှု ပြခြင်း၊ စိတ်ကျေနပ်အောင် နေထိုင်ပြခြင်းနှင့်ငွေကြေးပေးခြင်းများစသည်တို့ပါဝင်သည်။ ထို့အပြင် မြန်မာစစ် တပ်၏ဖမ်းဆီးခြင်း၊ အကျဉ်းချခြင်း သို့မဟုတ် လွတ်လပ်ခွင့်အားပိတ်ပင်တားဆီးခြင်းတို့မှ ရှောင်ရှားနိုင်ရန်အ တွက် ဒေသခံရွာသားများသည် မြန်မာစစ်တပ်၏သွားလာလှုပ်ရှားမှုများကို သိရှိစေရန် အချင်းချင်းသတင်းမျှဝေ၍ အကြောင်းကြားလေ့ရှိသည်။ ထိုသို့လျှင် ရွာသားများသည် မြန်မာစစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုမရှိပဲ ရှောင်ရှားနိုင်မည်ဖြစ်သည်။ ဤနည်းလမ်းဗျူဟာများသည် ရွာသားများကို ဆက်လက်အသက်ရှင်ရန်နှင့်ထိခိုက်မှု လျော့နည်းလာစေရန်အတွက်သာ အထောက်အကူပြုသည်။ သို့သော်လည်း ၎င်းတို့အနေဖြင့် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ပပျောက်အောင်လုပ်ဆောင်နိုင်ခြင်း သို့မဟုတ် ဖမ်းဆီးအကျဉ်းချခြင်းကိုဖြစ်ပေါ်စေသည့်အ ကြောင်းရင်းများကို ဖြေရှင်းပေးနိုင်ခြင်းမရှိပါ။

ရွာသားများအသုံးပြုသောနည်းလမ်းဗျူဟာနှင့်ပတ်သက်ပြီး ဥပမာဖြစ်စဉ်တစ်ခုကို ဖော်ပြလိုပါသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် မြန်မာစစ်တပ်သည် ဗမာစကားမပြောတတ်သော ကရင်ရွာသားများကို မတရားဖမ်းဆီး၍ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့သည်။ ဖြစ်စဉ်မှာ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ယမ--- ကျေးရွာအုပ်စု၊ ယလ---ကျေးရွာမှ လူငယ် (၆) ဦးသည် (အမျိုးသားသုံးဦး၊ ယောင်္ကျားလေးတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး) အခြားရွာတစ်ရွာသို့ ခရီးသွားလာရာတွင် ဆိပ်ကြီးမြို့ရှိ မြန်မာစစ်တပ်၏စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်သန်းသွားလာခဲ့ရသည်။ စစ်ဆေးရေးဂိတ်သို့ရောက်သည့်အခါတွင် မြန်မာစစ်သားများသည် အဆိုပါအမျိုးသားသုံးဦးနှင့် ယောင်္ကျားလေး ငယ်တစ်ဦးကို ရပ်ခိုင်းပြီး ဗမာစကားဖြင့် ၎င်းတို့အား စစ်ဆေးမေးမြန်းခဲ့သည်။ ထိုလူငယ်လေးဦးသည် ဗမာစကား ကို နားမလည်သည့်အတွက်ကြောင့် မြန်မာစစ်သားများသည် ၎င်းတို့ကို ဒေသခံလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့နှင့်ဆက်နွယ်ပတ်သက်မှုရှိသည်ဟုစွပ်စွဲ၍ ၎င်းတို့၏အိတ်နှင့်ပစ္စည်းများကို စစ်ဆေးခဲ့သည်။ မြန်မာစစ်သား သည် စောအသ---၏ဖုန်းကိုစစ်ဆေးသည့်အခါတွင် ဘောင်းဘီကျားကွက်ဝတ်ဆင်ထားသော သူ၏သူငယ်ချင်း ဓာတ်ပုံကို တွေ့ရှိခဲ့သည်။ သို့ဖြစ်၍ မြန်မာစစ်သားများသည် ထိုလူငယ်လေးဦး၏မျက်နှာကို သုံးချက်ထက်မနည်း ထိုးကြိတ်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို လက်ထိပ်ခတ်၍ လက်မြှောက်ဒူးထောက်ခိုင်း စေခဲ့သည်။ ထိုအခါတွင် ၎င်းတို့တစ်ဦးချင်းစီကို တုတ်ဖြင့် အချက် (၃၀)ထက်မနည်း ရိုက်နှက်ခဲ့သည်။ ဤအဖြစ်အပျက်ကို စောအသ---က ယခုလိုပြန်လည်ပြောပြသည်။ “သူတို့ကျွန်တော်ကိုရိုက်တဲ့အချိန်မှာ ကောင်းကောင်းအသက်ရှုလို့မရဘူး။ ခေါင်း လည်းမူးဝေလာတယ်။ ဒီနာကျင်မှုတွေကို မခံစားနိုင်ဘူး။ သူတို့ကျွန်တော့်ကိုပစ်သတ်ခဲ့ရင် ကောင်းမှာပဲလို့ တွေး ခဲ့မိတယ်‌။” ထိုလူငယ်များ၏သူငယ်ချင်းအမျိုးသမီးနှစ်ဦးသည် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမေးမြန်းခြင်းမခံရ သည့်အတွက် ၎င်းတို့သည် (BGF) စစ်သားများကို အကူအညီတောင်း၍ ထိုလူငယ်များသည် ရွာသားများသာ ဖြစ်ကြောင်း ပြောပြခဲ့သည်။ သို့ဖြစ်၍ BGF စစ်သားများသည်  မြန်မာစစ်တပ်ကို ဆက်သွယ်၍ အကျိုးအကြောင်း ရှင်းပြပြီး ထိုလူငယ်များအားလွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုလူငယ်များပြန်လွှတ်ပေးပြီးနောက်တွင် ၎င်းတို့ သည် ခရီးဆက်မသွားနိုင်တော့ပဲ ၎င်းတို့ရွာသို့ပြန်လာခဲ့သည်။[15]

(၄) နိဂုံးချုပ်နှင့်ဥပဒေဆိုင်ရာသုံးသပ်ချက်

နိဂုံးချုပ်

အထက်တွင်တင်ပြထားသည့်ဖြစ်စဉ်များသည် မြန်မာစစ်တပ်မှ ပြည်သူလူထုအား ဖမ်းဆီး၍ ၎င်းတို့လွတ်လပ်ခွင့် အား ပိတ်ပင်တားဆီးပြီးနောက် ကျူးလွန်ခဲ့သောလူ့အခွင့်အရေးချိုးဖောက်မှုများအခြေအနေကို ဖော်ပြထားသည်။ ဤချိုးဖောက်မှုများသည် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်နှစ်ဦးပိုင်းအထိကာလတစ်လျှောက်တွင် ဆက်လက် ဖြစ်ပွား နေလျက်ရှိပြီး ရွာသားများကိုစနစ်တကျပစ်မှတ်ထား၍ ၎င်းတို့လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာနှင့်လုံခြုံရေးအပေါ် များစွာထိခိုက်စေသည်။ မြန်မာစစ်တပ်မှ ဒေသခံရွာသားများအား အဓမ္မဖမ်းဆီး၍ ၎င်းတို့လွတ်လပ်ခွင့်ကို ပိတ်ပင် ချုပ်ချယ်ခြင်းသည် ချိုးဖောက်မှုပုံစံသစ်တစ်ခုမဟုတ်သလို ထိုသို့ဖမ်းဆီးမှုပြုလုပ်ပြီးနောက် ရုပ်ပိုင်းဆိုင်ရာအ ကြမ်းဖက်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လူသားဒိုင်းသဖွယ် အသုံးပြု ခြင်း၊ အဓမ္မပျောက်ဆုံးစေခြင်းနှင့်အဓမ္မစစ်မှုထမ်းခိုင်းစေခြင်းအစရှိသောလူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူး လွန်သည့်လုပ်ရပ်များသည်လည်း အသစ်အဆန်းတစ်ခုမဟုတ်ပါ။ ရွာသားများကို ပစ်မှတ်ထားအကြမ်းဖက်၍ ဖမ်းဆီးအကျဉ်းချသည့်လုပ်ရပ်များသည် တူညီသည့်ပုံစံမျိုးရှိပြီး စနစ်တကျနှင့်ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင် သည့်အခြေအနေကို တွေ့ရှိရသည်။ ထိုအခြေအနေသည် မြန်မာစစ်တပ်နှင့်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခြင်း သို့မ ဟုတ် စစ်ဆင်ရေးလုပ်ဆောင်သည့်အခါတွင် မကြာခဏဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် စစ်ဆေးရေးဂိတ်များတွင် ရွာသားများအား တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များနှင့်ဆက်နွယ်ပတ်သက်မှုရှိသည်ဟု မှားယွင်းစွာစွပ်စွဲ၍ ဖမ်းဆီးလေ့ရှိသည်။ စစ်ဆေးရေးဂိတ်များတွင် ရွာသားများကို ပစ်မှတ်ထား၍ မှတ်ပုံတင်အထောက် အထားများမရှိ ခြင်းနှင့်ဗမာစကားမတတ်ခြင်းတို့ကြောင့် ဖမ်းဆီးခြင်းသည် အဖြစ်များလေ့ရှိသောအခြေအနေကို တွေ့ရှိရသည်။ ဤအခြေအနေအောက်၌ ဖမ်းဆီးမှုပြုလုပ်ခြင်းသည် တိုင်းရင်းသားနယ်မြေဒေသများကို ထိန်းချုပ်ရန်နှင့်ကျေးရွာ လူထုများအကြားတွင် အကြောက်တရားများဖန်တီးစေရန်အတွက် အသုံးပြုသောလုပ်ရပ်များဖြစ်သည်။

အလားတူစွာ မြန်မာစစ်တပ်နှင့်ထိပ်တိုက်ဆုံတွေ့လျှင် ဖမ်းဆီးအကျဉ်းချခံရနိုင်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းပြီး နောက် အခြားသောလူ့အခွင့်အရေးချိုးဖောက်မှုများကြုံတွေ့ခံရနိုင်ကြောင်း ရွာသားများက တင်ပြကြသည်။ ဖမ်း ဆီးခြင်းခံရပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများကိုကြုံတွေ့ရခြင်းသည် အကြောက်တရားများဖြစ်ပေါ်စေပြီး ရွာသားများ၏ဘဝဘေးကင်းလုံခြုံရေးနှင့်လူမှုကောင်းကျိုးချမ်းသာသုခများအပေါ် အန္တရာယ်ရှိသည့်အခြေအနေ သို့ တွန်းပို့စေသည်။ ထိုမျှမက ရွာသားများအနေဖြင့် ကျန်းမာရေး၊ ပညာရေးနှင့်စားဝတ်နေရေးအတွက် လိုအပ် သောခရီးသွားလာမှုရှိလာလျှင်လည်း ၎င်းတို့အတွက် အန္တရာယ်ရှိစေနိုင်သည်။ KHRG လက်ခံရရှိသည့်သတင်း မှတ်တမ်းများအရ ဖမ်းဆီးခံရသည့်ရွာသားအများစုသည် အမျိုးသားများဖြစ်ကြသည်။ အမျိုးသားများသည် လက် နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များအဖြစ် စွပ်စွဲခံရပြီး ၎င်းတို့အား ပို၍ပစ်မှတ်ထားဖမ်းဆီးလေ့ရှိသည်။ အချုပ် အားဖြင့် ဆိုးကျိုးသက်ရောက်မှုများကိုကြည့်မည်ဆိုလျှင် ဤသို့လူ့အခွင့်အရေးချိုးဖောက်မှုများသည် ရွာသား တစ်ဦးချင်းစီဖြစ်စေ၊ ၎င်းတို့မိသားစုဖြစ်စေ၊ ရပ်ရွာလူထုတစ်ရပ်လုံး၏လူမှုချမ်းသာသုခများအပေါ် ထိခိုက်နစ်နာမှု ရှိသည်။ အထူးသဖြင့် အိမ်ထောင်ဦးစီးဖြစ်သူများဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ အစဖျောက်ခံရခြင်း သို့မ ဟုတ် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာဒဏ်ရာနာကျင်မှုများနှင့်အသက်ရှင်ကျန်ခဲ့မည်ဆိုပါက ၎င်းတို့မိသားစုဝင်များအ နေဖြင့် ပို၍ဆိုးရွားသောစားဝတ်နေရေးစိန်ခေါ်မှုများနှင့်အကြောက်တရားများကို ရင်ဆိုင်ကြုံတွေ့ကြရသည်။

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများသည် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆယ်စုနှစ်ပေါင်း များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့သော်လည်း ခံနိုင်ရည်စွမ်းရှိပြီး ခုခံတွန်းလှန်နေဆဲဖြစ်ကြောင်းတွေ့ရှိရသည်။ ရွာသား များအနေဖြင့် မြန်မာစစ်တပ်နှင့်ထိပ်တိုက်ရင်ဆိုင်မှုမရှိအောင် ရှောင်ရှားခြင်း၊ အရင်းအမြစ်များနှင့်သတင်းများကို မျှဝေအသိပေး၍ အချင်းချင်းကူညီဖေးမခြင်းနှင့် ခရီးသွားလာရာတွင် အသက်ရှင်နိုင်ရန်အတွက် တစ်ဦးနှင့်တစ်ဦး အတူတူသွားလာစောင့်ရှောက်ခြင်းအစရှိသော နည်းလမ်းဗျူဟာများကိုအသုံးပြုကြလေ့ရှိသည်။ သို့သော်လည်း မြန်မာစစ်တပ်သည် ကျေးလက်နေရွာသားများအပေါ် ကျူးလွန်ကြသည့်လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ရှိနေသေးသည်။ ထို့ကြောင့် ရွာသားများအနေဖြင့် မြန်မာပြည်တွင် ငြိမ်းချမ်းမှု၊ လူမှုဘဝဖူလှုံမှုနှင့် တရားမျှတမှုရရှိရန်အတွက် ၎င်းတို့၏လူ့အခွင့်အရေးနှင့်ဂုဏ်သိက္ခာများကို ပြန်လည်ရယူခွင့်နှင့် အကာအကွယ်ပေးမှုရယူရာတွင် အရေးပေါ်လုပ်ဆောင်ချက်များနှင့်အကူအညီများလိုအပ်နေပါသည်။

ဥပဒေဆိုင်ရာသုံးသပ်ချက်များ

မြန်မာစစ်တပ်၏လုပ်ရပ်များသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ရာမြောက်ပါသည်။ မြန်မာစစ်တပ်သည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ (IHRL) နှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) တို့အား လေးစားလိုက်နာရန် တာဝပျက်ကွက်မှုရှိသည်။ မြန်မာစစ်တပ်ကျူးလွန်သော တစ်ချို့သောလူ့အခွင့်အရေးချိုး ဖောက်မှုများသည် နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာဥပဒေ (ICL) အရ စိုးရိမ်ရသည့်အခြေအနေတွင်ရှိပြီး လူသားမျိုး နွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုနှင့်စစ်ရာဇဝတ်မှုတို့ကိုလည်း ချိုးဖောက်ရာမြောက်ပါသည်။

မြန်မာစစ်တပ်မှ ရွာသားများကိုဖမ်းဆီး၍ ၎င်းတို့လွတ်လပ်ခွင့်အားပိတ်ပင်ချုပ်ချယ်သည့်လုပ်ရပ်များသည် IHRL ဥပဒေအကာအကွယ်အောက်တွင်ရှိသော အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်သည်။ မြန်မာစစ်တပ်သည် အကြောင်းပြချက်မရှိပဲ ရွာသားများကို မကြာခဏစစ်ဆေးဖမ်းဆီးလေ့ရှိသည်။ ဗမာစကားမပြောတတ်သော ကျေး လက်နေရွာသားများကိုလည်း ပစ်မှတ်ထား၍ဖမ်းဆီးလေ့ရှိသည်။ ရွာသားများသည် ဥပဒေအောက်တွင် တန်းတူညီ မျှသည့်အကာအကွယ်ပေးမှုကို မရရှိကြပါ။ ဤသို့မြန်မာစစ်တပ်၏လုပ်ရပ်များသည် လူသားတစ်ဦး၏လွတ်လပ်မှု နှင့်လုံခြုံမှုအခွင့်အရေးများနှင့် အဓမ္မဖမ်းဆီးအကျဉ်းချခြင်းမှ လွတ်လပ်ခွင့်များကို ချိုးဖောက်သည်။[16] ရွာသားများ သည် ဖမ်းဆီးခံရ၍ စစ်ဆေးမေးမြန်းခံရသည့်အခြေအနေတွင် ၎င်းတို့အနေဖြင့် နှုတ်ဖြင့်သော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း အကြမ်းဖက်မှုများကို မကြာခဏကြုံတွေ့ရတတ်သည်။ တစ်ချို့သောဖြစ်စဉ် များတွင် မြန်မာစစ်တပ်၏လုပ်ရပ်သည် “ညှဉ်းပမ်းနှိပ်စက်မှု သို့မဟုတ် ရက်စက်ကြမ်းကြိုတ်သော၊ လူသားမဆန် သော၊ လူဂုဏ်သိက္ခာထိပါးစေသော အပြစ်ပေးမှု” ကို ကျူးလွန်ရာမြောက်သည်။[17] အကျဉ်းထောင်ထဲတွင်လည်း ရွာသားများသည် မျှတသောတရားရုံးလုပ်ထုံးလုပ်နည်းများနှင့်တရားစီရင်ခွင့်တို့ကို မရရှိကြပါ။[18] ထိုမျှမက မြန်မာ စစ်တပ်သည် ဖမ်းဆီးထိန်းသိမ်းခံရသည့်ရွာသားများအား သတ်ဖြတ်သည်။ ဤလုပ်ရပ်သည် လူသားတစ်ဦး၏ အသက်ရှင်ခွင့်ဖြစ်သော အခြေခံလူ့အခွင့်အရေးကိုချိုးဖောက်နေသည်။[19] KHRG အနေဖြင့် အဓမ္မလူပျောက်ဆုံးစေ မှုနှင့်ဆိုင်သောဖြစ်စဉ်အများအပြားကိုလည်း မှတ်တမ်းပြုစုခဲ့ခြင်းရှိသည်။ ဤဖြစ်စဉ်များသည် အထက်တွင်ဖော်ပြ သည့်လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များထဲမှ အဖြစ်များလေ့ရှိသောအရာတစ်ခုဖြစ်သည်။ ထိုလုပ်ရပ်သည် ရွာသားများအတွက် ဥပဒေအကာအကွယ်ပေးမှုလုံးဝမရသည့်အခြေအနေသို့ တွန်းပို့စေသည်။[20] ထို့အပြင် မြန်မာ စစ်တပ်သည် အရွယ်မရောက်သေးသောကလေးများကို ဖမ်းဆီးသည့်ဖြစ်စဉ်များကိုလည်း KHRG အနေဖြင့် သ တင်းမှတ်တမ်းပြုစုခြင်းရှိခဲ့သည်။ ဖမ်းဆီးခံရသည့်တစ်ချို့ကလေးများသည် အဓမ္မစစ်မှုထမ်းခိုင်းစေခံရခြင်းနှင့် အခြေခံစစ်သင်တန်းကို အပြည့်အဝမရရှိပဲ ရှေ့တန်းတိုက်ပွဲနေရာများသို့ ပို့ဆောင်ခံရသည်။ ထိုသို့လုပ်ရပ်နှစ်ခု စလုံးသည် နိုင်ငံတကာဥပဒေအရ တားမြစ်ထားပါသည်။[21] ဤထက်မက မြန်မာစစ်တပ်သည် ရွာသားများကို ကျယ်ကျယ်ပြန့် ပြန့် အဓမ္မဖမ်းဆီးမှုများပြုလုပ်နေသည့်အတွက်ကြောင့် ရွာသားများသည် စားဝတ်နေရေးအတွက် သွားလာလုပ် ကိုင်ရာတွင် လုံခြုံမှုမရှိကြောင်းခံစားရသည်။ ဤအခြေအနေသည် ပြည်သူလူထု၏စားဝတ်နေရေး၊ ပညာရေးနှင့်ကျန်းမာရေးအပေါ် ရေရှည်ဆိုးကျိုးသက်ရောက်မှုများဖြစ်ပေါ်စေပြီး ရွာသားများ၏စီးပွားရေးနှင့်လူမှု ရေးဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်နေသည်။[22]

မြန်မာစစ်တပ်နှင့်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့အကြား ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်ပဋိပက္ခ ကာလအတွင်း နှစ်ဦးနှစ်ဖက်မှ IHL ဥပဒေကို လေးစားလိုက်နာရန်လိုအပ်သည်။ ထိုဥပဒေတွင် စစ်ပွဲတွင် မပါဝင် သောသူများကို လူသားမဆန်စွာ ဆက်ဆံပြုမူခြင်း၊ ၎င်းတို့၏အသက်အန္တရာယ်ကို ထိပါးစေသော အကြမ်းဖက်မှု များ၊ ဓားစာခံများအဖြစ် အသုံးပြုခြင်း၊ လူ့ဂုဏ်သိက္ခာကျဆင်းစေသော လုပ်ရပ်များနှင့် တရားစီရင်ရေးအာမခံ ချက်များနှင့်အခွင့်အရေးများကို ငြင်းပယ်ခြင်းတို့ကို တားမြစ်ထားပါသည်။[23] ထို့အပြင် မြန်မာစစ်တပ်အနေဖြင့် လေးစားလိုက်နာရမည့် နိုင်ငံတကာဥပဒေစည်းမျဉ်းစည်းကမ်းများအပြင် ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် ရက်ဆက် ကြမ်းကြိုတ်သော၊ လူသားမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကျဆင်းစေသောလုပ်ရပ်များသည် IHL ဓလေ့ ထုံးတမ်းဥပဒေတွင် တားမြစ်ထားသည်။[24] မြန်မာစစ်တပ်သည် ရွာသားများကို ပေါ်တာနှင့်လမ်းပြအဖြစ် အဓမ္မခိုင်း စေခြင်းသည်လည်း IHL ဓလေ့ထုံးတမ်းဥပဒေတွင် တားမြစ်ထားသည်။ ထိုဓလေ့ထုံးတမ်းဥပဒေတွင် အရပ်သား များကို လက်နက်ကိုင်သူများ၏စစ်ဆင်ရေးတွင် အဓမ္မပါဝင်ခိုင်းစေခြင်းပြုလုပ်ခွင့်မရှိကြောင်း ဖော်ပြထားသည်။[25] အလားတူစွာ ရွာသားများအား မတရားဖမ်းဆီး၍ ဓားစာခံအဖြစ်အသုံးပြုသည့်လုပ်ရပ်များအပြင်[26] အရပ်သား များကို ရည်ရွယ်ချက်ရှိရှိ လူသားဒိုင်းသဖွယ်အသုံးပြုခြင်းသည်လည်း IHL ဓလေ့ထုံးတမ်းဥပဒေတွင် ပြင်းပြင်းထန် ထန်တားမြစ်ထားပြီး ဤလုပ်ရပ်သည် IHL ဥပဒေအောက်တွင်ရှိသော အရပ်သားပစ်မှတ်နှင့်စစ်ဖက်ဆိုင်ရာပစ် မှတ်ကို ခွဲခြားရမည့်တာဝန်ဝတ္တရားကို လေးစားလိုက်နာရန်ပျက်ကွက်နေကြောင်း ယူဆသတ်မှတ်နိုင်သည်။[27]

မြန်မာစစ်တပ်၏လုပ်ရပ်များသည် အရပ်သားပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် စနစ်တကျအကြမ်း ဖက်တိုက်ခိုက်သည့်အစိတ်အပိုင်းတစ်ခုအဖြစ် ပြစ်မှုကျူးလွန်နေကြောင်း နားလည်ရှုမြင်ကြည့်မည်ဆိုပါက အထူး သဖြင့် မတရားဖမ်းဆီးအကျဉ်းချခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့်အဓမ္မလူပျောက်ဆုံးစေခြင်းအစရှိသော ၎င်းတို့လုပ် ရပ်များသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုကို ချိုးဖောက်ရာမြောက်ပါသည်။[28] မြန်မာပြည်တွင် ဖြစ်ပွားနေသည့် နိုင်ငံတကာမဟုတ်သော ပြည်တွင်းစစ်ပဋိပက္ခတွင် ဖြစ်ပေါ်နေသောလူ့အခွင့်အရေးချိုး ဖောက်မှု များသည် မြန်မာစစ်တပ်နှင့်သက်ဆိုင်မှုရှိကြောင်း နားလည်ရှုမြင်လျှင် အထူးသဖြင့် ပြည်သူလူထုအား သတ်ဖြတ် ခြင်း၊ ရက်စက်ကြမ်းကြိုတ်စွာ ပြုမူဆက်ဆံခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် တရားရုံးလုပ်ထုံး လုပ်နည်းများနှင့် အညီမလုပ်ပဲ ထောင်ချခြင်း သို့မဟုတ် အပြစ်ပေးခြင်းအစရှိသော ၎င်းတို့၏လုပ်ရပ်များသည်လည်း စစ်ရာဇဝတ်မှု ကို ချိုးဖောက်ရာမြောက်သည်။[29]                           

(၅) အကြံပြုချက်များ

အရှေ့တောင်အာရှနိုင်ငံများအသင်း၊ အခြားသောနိုင်ငံတကာအစိုးရများနှင့် ကမ္ဘာ့ကုလသမဂ္ဂထံသို့

  • လူ့အခွင့်အရေးနှင့်နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သော မြန်မာစစ်အုပ်စုအား တရားဝင်ရှုတ်ချရန်နှင့် နိုင်ငံရေး၊ သံတမန်ရေးနှင့်စီးပွားရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများအပါအဝင် စစ်အုပ်စု၏ “အစိုးရ” ကို တရားဝင်မှုဖြစ်စေသော မည်သည့်လုပ်ရပ်ကိုမဆို ရှောင်ကြဉ်ရန်။
  • ယခုလက်ရှိတွင် မြန်မာစစ်အုပ်စုနှင့်ထိတွေ့ဆက်ဆံမှုရှိသည့်နိုင်ငံများကို သံတမန်ရေးအရ ဖိအားပေးပြီး ထိုနိုင်ငံများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ပိတ်ဆို့အရေးယူဆောင်ရွက်မှုများကို ပိတ်ဆို့ခြင်းနှင့် ရှောင်ရှားခြင်းဖြင့် နိုင်ငံတကာ၏တာဝန်ယူမှု၊ တာဝန်ခံမှုအောက်တွင် မြန်မာစစ်တပ်အား ကာကွယ်ပေး ခြင်းနှင့် ထိတွေ့ဆက်ဆံမှုအားလုံးကို ရပ်တန့်ပေးရန်။
  • စစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်နှင့် နောက်ထပ်အကြမ်းဖက်မှုများမဖြစ်ပွားစေရန်အတွက် အောက်ပါအတိုင်း အရေးတကြီးလုပ်ဆောင်ပေးရန်။
  • ရောမစာချုပ်ဥပဒေ၏ပုဒ်မ (၁၄) အရ မြန်မာပြည်အရေးကို နိုင်ငံတကာရာဇဝတ်မှုတရားရုံးသို့ လွှဲပြောင်း ပေးရန်။
  • မြန်မာပြည်အရှေ့တောင်းပိုင်တွင် ဖြစ်ပွားခဲ့သောစစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် (universal jurisdiction) အရ အမှုဖွင့် လှစ်နိုင်ရေးအတွက် နိုင်ငံတကာမှ တရားစွဲဆိုရေးအဖွဲ့များကို ပံ့ပိုးကူညီရန်။
  • လက်ရှိတွင် အဓမ္မဖမ်းဆီးထောင်ချခံရသူ (၂၂၅၁၀) ဦးအားလုံးကို ချက်ချင်းလွှတ်ပေးရန်နှင့် မတရားဖမ်း ဆီးသည့်လုပ်ရပ်များကို အပြီးတိုင်ရပ်တန့်ရန်အတွက် မြန်မာစစ်အုပ်စုအား အမြင့်ဆုံး သံတမန်ရေးရာ ဖိအားပေးမှု လုပ်ဆောင်ရန်။  
  • စစ်တပ်နှင့်၎င်းတို့မိတ်ဖက်များ အမြတ်ထုတ်အသုံးချနေသည့် ဥပဒေဟာကွက်များကို ပိတ်ဆို့ခြင်းဖြင့် လက်ရှိချမှတ်ထားသော စစ်ရေးပိတ်ဆို့အရေးယူမှုများကို တင်းကြပ်စွာအကောင်အထည်ဖော်ရန်နှင့် မြန်မာစစ်တပ်အပါအဝင် စစ်လက်နက်ပစ္စည်းရောင်းဝယ်ခြင်းမှတဆင့် စစ်တပ်ကို အားပေးကူညီနေသူ များ၏လက်နက်၊ စက်သုံးဆီနှင့်အခြားစစ်ဖက်ဆိုင်ရာ ပစ္စည်းများအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်တိုးချ မှတ်ရန်။
  • လက်ရှိတွင် မတရားဖမ်းဆီးခံရပြီး အသက်ရှင်ကျန်ရစ်သူများနှင့် ဖမ်းဆီးခံရပြီးနောက် အသတ်ခံရသူများ သို့မဟုတ် ပျောက်ဆုံးသွားသူများ၏မိသားစုဝင်များကို ကူညီပံ့ပိုးနေသော ဒေသခံ CSO နှင့် CBO အဖွဲ့အ စည်းများအတွက် ငွေကြေးနှင့်နည်းပညာအကူအညီများကို ထောက်ပံ့ပေးရန်။ အထူးသဖြင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကူအညီများသည် အရေးကြီးလိုအပ်ပါသည်။    

KNU ထံသို့ တိုက်တွန်းချက်များ

  • KNU လက်နက်ကိုင်အဖွဲ့မှ မတရားဖမ်းဆီးသည့်လုပ်ရပ်များကို ချက်ချင်းရပ်တန့်ပေးရန်။ KNU ထိန်းချုပ် နယ်မြေတွင် နေထိုင်ကြသည့်လူအားလုံးကို KNU အနေဖြင့် နိုင်ငံတကာစံချိန်၊စံညွှန်းနှင့်အညီ ၎င်းတို့အ တွက် ဥပဒေအရ အာမခံချက်ရရှိအောင် သေချာဆောင်ရွက်ပေးရန်။
  • မတရားဖမ်းဆီးခံရပြီး အသက်ရှင်ကျန်ရစ်သူများနှင့် ဖမ်းဆီးခံရပြီးနောက် အသတ်ခံရသူများ သို့မဟုတ် ပျောက်ဆုံးသွားသူများ၏မိသားစုဝင်များကို ကူညီပံ့ပိုးနေသော CSO နှင့် CBO အဖွဲ့အစည်းများနှင့် အတူ တကွ ပူးပေါင်းလုပ်ဆောင်ရန်။

 

 

အရှေ့မျက်နှာဖုံးအကြောင်းအရာ


ဤဓာတ်ပုံကို ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လအတွင်း ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်နှင့် တနေးချား (နဘူး) မြို့ နယ် ဆက်သွယ်ထားသော ကားလမ်းမကြီးပေါ်တွင် ရိုက်ယူခဲ့သည်။ ပုံတွင် မြန်မာရဲတပ်ဖွဲ့မှ ထိုကားလမ်းမကြီးပေါ် တွင် ခရီးသွားလာနေသည့်ပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်စာရွက်စာတမ်းများ မေးမြန်းစစ်ဆေးနေသောအခြေအနေကို ဖော်ပြထားသည်။ (ဓာတ်ပုံ- KHRG)

Thu, 27 Aug 2026

Footnotes: 

[2] AAPP, “AAPP Data Explorer”, August 2026.

[3] See, for instance: Fortify Rights, “Myanmar: Junta Massacre in Bago Highlights Need for International Accountability”, June 2026; KHRG မှ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင်ထုတ်ဝေသော, “အသက်အန္တရာယ်ဖြစ်စေသော ဆုံတွေ့မှုများ - မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များမှ အရပ်သားများအား သတ်ဖြတ်ခြင်း (၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ)”၊ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင်ထုတ်ဝေသော, “သေရာပါမည့် ဒဏ်ရာများ - မြန်မာပြည်အရှေ့တောင်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ရွာသားများအား အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်၍ ညှဉ်းပမ်းနှိပ်စက်ခြင်း (၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ)”၊ နှင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင်ထုတ်ဝေသော, “ဌာနေအိမ်မှ ပျောက်ဆုံးသူ - ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်နေလူထုအပေါ်ကျူးလွန်သည့် အတင်းအဓ္ဓမပျောက်ဆုံးစေမှုနှင့် ၎င်း၏ဆိုးကျိုးသက်ရောက်မှုများ”, တွင်ကြည့်ပါ။

[4] KHRG မှထုတ်ဝေသော အထက်ဖော်ပြပါ, “အသက်အန္တရာယ်ဖြစ်စေသော ဆုံတွေ့မှုများ”, တွင်ကြည့်ပါ။ နှင့် KHRG မှ ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် ထုတ်ဝေသော, “တောအူးခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မြန်မာစစ်တပ်မှ ထောတထူမြို့ နယ်ရှိ အသက် (၁၇) နှစ်အရွယ်ယောင်္ကျားလေးတစ်ဦးအားပစ်သတ်မှု (၂၀၂၅ ခု နှစ်၊ မေလ) ”, တွင်ကြည့်ပါ။

[8] KHRG မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ဝေသော “ခလယ်လွီထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - လယ်ဒိုမြို့နယ်တွင် မြန်မာ စစ်တပ်မှ မြေပြင်စစ်ဆင်ရေး၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ် မှုတို့ကိုလုပ်ဆောင်၍ ကလေး(၁၅)ဦးအပါအဝင် အနည်းဆုံး ရွာသား (၃၁) ဦးထိ မှန်သေဆုံးခြင်း၊ အခြားရွာသားများ ဒဏ်ရာရရှိခြင်း၊ ရပ်ရွာအိုးအိမ်များ ထိခိုက် ပျက်စီးခြင်းနှင့်နေရပ်စွန့်ခွာရခြင်းများဖြစ်ပွား (၂၀၂၆ ခုနှစ်၊ မတ်လ)” တွင် ကြည့်ပါ။

[9] KHRG မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ဝေသော, “Taw Oo District Situation Update: Burma Army activities caused livelihood, fuel, education, and healthcare challenges in Htaw Ta Htoo Township (January to March 2026)”, တွင် ကြည့်ပါ။

[10] KHRG မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ဝေသော, “သေမင်း၏အရိပ် - စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာပြည်အရှေ့ တောင်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ အရပ်သားပြည်သူများအား လူသားဒိုင်းအဖြစ်အသုံးပြုခြင်း”၊ နှင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေသော, “Taw Oo District Situation Update: Burma Army indiscriminate shelling and burning, casualties, displacement, challenges in education and healthcare, and natural disasters in Daw Hpah Hkoh Township (June to August 2025)”, တွင် ကြည့်ပါ။

[11] KHRG မှထုတ်ဝေသော အထက်ဖော်ပြပါ, ဌာနေအိမ်မှ ပျောက်ဆုံးသူ တွင်ကြည့်ပါ။

[12] KHRG မှထုတ်ဝေသော အထက်ဖော်ပြပါ, ဌာနေအိမ်မှ ပျောက်ဆုံးသူ တွင်ကြည့်ပါ။

[13] KHRG မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ဝေသော, “တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ဒေါ်ဖားခိုမြို့နယ်အတွင်း SAC လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ရွာသားများသေဆုံး၊ ဒဏ်ရာရခြင်းနှင့် SAC တပ်ဖွဲ့မှ ပြည်သူလူထုအား အဓမ္မဖမ်းဆီးချုပ်နှောင်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာအကြမ်း ဖက်ခြင်းနှင့်ခြိမ်းခြောက်ခြင်း (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ),” နှင့်၊ KHRG မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ဝေသော, “ တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ဒေါ်ဖားခိုမြို့နယ်တွင် SAC လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ်များပျက်စီး၍ ရွာသားများတိမ်းရှောင်နေရ (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ),” တွင် ကြည့်ပါ။

[14] KHRG မှ ၂၀၂၅ ခုနှစ်၊ မတ်လတွင် ထုတ်ဝေသော “တပါးသူအား ထိခိုက်နာကျင်အောင် အတင်းအကြပ်ခိုင်းစေခံရခြင်း - မြန်မာပြည်အရှေ့ တောင်ပိုင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏အတင်းအဓမ္မစစ်မှုထမ်း ခိုင်းခြင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှု (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ )” တွင် ကြည့်ပါ။

[17] UDHR, Art. 5.

[19] UDHR, Art. 3.

[20] UDHR, Art. 6.

[21] Optional Protocol to the Convention on the Rights of the Child on the involvement of children in armed conflict (OPAC), Arts. 1-3. OPAC was ratified by Burma in 2019.

[22] ICESCR, Arts. 6, 12, and 13. ICESCR was ratified by Burma in 2017.

[23] Geneva Conventions, Common Article 3.

[24] ICRC, Customary IHL Study, Rule 90.

[25] ICRC, Customary IHL Study, Rule 95.

[26] ICRC, Customary IHL Study, Rule 96.

[27] ICRC, Customary IHL Study, Rule 97.

Related Readings