ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်တွင် ဖြစ်ပွားခဲ့ သော လူအခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တစ်ခုကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက်နေ့ ည (၁၀)ခွဲမတိုင် ခင်တွင် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၇၃) မှ မြန်မာစစ်သားများသည် အရက်မူးလာပြီး ပယ်ထီးကျေးရွာအုပ်စု၊ အအ--- ကျေးရွာသို့ ဝင်ရောက်လာကာ ရွာသားတစ်ဦး၏နေအိမ်တံခါးကိုဖွင့်ပေးရန်အတွက် တံခါးကိုကန်ခြင်း၊ ထုရိုက် ခြင်းပြုလုပ်ခဲ့သည်။ ထို့နောက် ည (၁၀)ခွဲဝန်းကျင်တွင် မြန်မာစစ်သားများသည် အသက် (၁၇)နှစ်အရွယ်ရွာသားတစ်ဦး ဖြစ်သူ စောအ---အား သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။ စောအ---သည် အအ---ကျေးရွာရှိ ၎င်း၏မိဘပိုင်ဆိုင်သည့်ကွမ်း သီးခြံထဲတွင် ညအိပ်ပေးရန်အတွက် သွားလာနေသည့်အချိန်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။ နောက်တစ်နေ့မနက်တွင် ရွာသားများသည် သေဆုံးနေသည့်စောအ---၏ခန္ဓာကိုယ်ကို သေနတ်ဖြင့်အပစ်ခံရသည့်ဒဏ်ရာများနှင့်အတူ မျက်နှာ တွင်လည်း ရိုက်နက်ထားသလို ညိုမဲနေကြောင်းတွေ့ရှိခဲ့သည်။ ထို့နောက် စောအ---ကို သူ၏ရွာတွင် မြေမြှုပ်သင်္ဂြိုလ် ပေးခဲ့သည်။ [1]
အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
|
အခင်းဖြစ်ပွားမှုအမျိုးအစား |
ရွာသားတစ်ဦးအား ရက်ရက်စက်စက်ပစ်သတ်မှု |
|
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက်နေ့ |
|
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်၊ ပယ်ထီးကျေးရွာ အုပ်စု၊ အအ--- ကျေးရွာ |
|
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
|
|
အမည် |
စောအ--- |
|
အသက် |
၁၇ နှစ် |
|
ကျား/မ |
ကျား |
|
လူမျိုး |
ကရင် |
|
အိမ်ထောင် ရှိ/မရှိ |
မရှိ |
|
အလုပ်အကိုင် |
လယ်ယာ |
|
ကိုးကွယ်သည့် ဘာသာ |
ခရစ်ယာန် |
|
ရာထူးအဆင့် |
ရွာသား |
|
နေရပ် ရွာအမည် |
တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ပယ်ထီးကျေးရွာအုပ်စု၊ အဘ--- ကျေးရွာ |
|
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
|
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့်နေရာ ဒေသ |
အထက်အရာရှိ အမည် |
|
မသိရှိရ |
မသိရှိရ (တပ်သားအဆင့်) |
ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၇၃) |
တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဇရပ်ကြီးမြို့ရှိ ရှားစေဘိုတပ်စခန်း |
မသိရှိရ |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
|
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
|
ထောတထူမြို့နယ်တရားရုံးမှ အရာရှိတစ်ဦးဖြစ်သူ စောဘ---သည် KHRG မှတ်တမ်းပြုစုသူအား ဤဖြစ်စဉ်အကြောင်း ကို ပြောပြခဲ့သည်။ ထို့နောက် ၂၀၂၆ ခုနှစ်၊ မတ်လတွင် KHRG မှတ်တမ်းပြုစုသူသည် စောအ--- ၏မရီးအား အင်တာဗျူးခဲ့သည်။ |
|
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
|
အင်တာဗျူးဖြေဆိုသူ နော်ဆ---သည် သေဆုံးသူ စောအ---၏မရီးဖြစ်သည့်အပြင် အလောင်းကိုတွေ့ရှိခဲ့သူလည်း ဖြစ် သည်။ ဤသတင်းဖြစ်စဉ်ကို အတည်ပြုသည့်ထောတထူမြို့နယ်အရာရှိသည် စောအ---နှင့်အမျိုးတော်စပ်သူဖြစ်သည်။ ထို့ကြောင့် ဤသတင်းမှန်ကန်ကြောင်း ဆိုနိုင်ပါသည်။ |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
|
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
|
၂၀၂၅ ခုနှစ်၊ မေလတွင် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၇၃) မှ (မြန်မာစစ်တပ်) တပ်မတော်စစ်သားများသည် ရှား စေဘိုတပ်စခန်းကို ရောက်လာခဲ့သည်။ ရှားစေဘိုတပ်စခန်းသည် တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်၊ ပယ်ထီးကျေးရွာအုပ်စု၊ အအ---ကျေးရွာအနီးတွင် တည်ရှိသည်။ အဆိုပါစစ်သားများသည် လူသစ်များဖြစ်သည့် အားလျော်စွာ အအ--- ကျေးရွာ၏အခြေအနေကိုသိရှိရန် ရွာထဲသို့ ကင်းလှည့်လေ့ရှိသည်။
၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် ပယ်ထီးကျေးရွာအုပ်စု၊ အဘ---ကျေးရွာထဲတွင် နေထိုင်သည့်စောအ--- သည် အအ---ကျေးရွာရှိ ၎င်း၏မိဘပိုင်ဆိုင်သည့်ကွမ်းသီးခြံထဲတွင် ညသွားအိပ်စောင့်ရန်အစီအစဉ်ရှိခဲ့သည်။ ထို့နောက် ည (၁၀) နာရီဝန်းကျင်တွင် စောအ---သည် မိမိနေအိမ်မှ ကွမ်းသီးခြံထဲသို့ ဆိုင်ကယ်ဖြင့်သွားခဲ့သည်။ ည (၁၀း၃၀) မိနစ်တွင် စောအ---သည် အအ---ကျေးရွာသို့ ရောက်ရှိတော့မည့်အခါတွင် တပ်မတော်စစ်သားများလည်း အအ---ကျေးရွာတွင် ကင်းလှည့်နေခဲ့သည်။ ထိုညတွင် (၁၀ နာရီခွဲဝန်းကျင်) ရွာသားများသည် သေနတ်သံများကြားခဲ့ရသည်။ သို့သော်လည်း ဘာဖြစ်ကြသည်ကို မည်သူမှ သွားရောက်ကြည့်ရှုခြင်းမရဲခဲ့ပေ။ (နောက်ဆုံးတွင်) တပ်မတော်စစ်သား များသည် စောအ---အား ပစ်သတ်ခဲ့ကြောင်း ရွာသားများကကောက်ချက်ချခဲ့သည်။
နောက်တစ်နေ့မနက်တွင် ရွာသားများသည် သွေးအိုင်ထဲတွင်ရှိနေပြီး သေဆုံးနေသည့်ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။ သူ၏ခေါင်းတွင် မာကျောသောအရာဖြင့်ရိုက်နှက်ခံရတာတွေ့ရှိခဲ့သည်။ (ရွာသားများက ခေါင်းကို သေနတ်ဒင်ဖြင့်ရိုက် နှက်ခဲ့ကြောင်း ယူဆခဲ့သည်။) သူ၏မျက်နှာတွင်လည်း ဒဏ်ရာကြောင့် ညိုမဲနေသည်။ သူ၏ဝမ်းဗိုက်တွင် သေနတ် (၃) ချက်အပစ်ခံရကြောင်း တွေ့ရှိခဲ့သည်။ အစပိုင်းတွင် မည်သူမှ ထိုအလောင်းကို မမှတ်မိကြပေ။ ထို့နောက် နော်ဆ---သည် (စောအ---၏မရီး) အလောင်းကိုလာကြည့်စဉ် ဆိုင်ကယ်သည် စောအ---၏ဆိုင်ကယ်ဖြစ်ပြီး သူ၏လွယ်အိတ် ထဲတွင်ရှိသည့်ဖုန်းနှင့်သူဝတ်ထားသည့်အဝတ်အစားများသည် စောအ---၏ပစ္စည်းများဖြစ်ကြောင်း အတည်ပြုခဲ့သည်။ စောအ---၏မိခင်သည် အလောင်းကိုမတွေ့မီတွင် သူမ၏သားသည် ခြံထဲတွင်အိပ်ခဲ့သည်ဟု အတိအကျပြောခဲ့ပြီး ရုပ်အ လောင်းကိုကြည့်သွားပြီးနောက်တွင် အလွန်ဝမ်းနည်းစိတ်ထိခိုက်ခဲ့ကြောင်း သိခဲ့ရသည်။ (ထို့နောက် စောအ---ကို သူ၏ ရွာတွင် မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့သည်။)
KHRG မှတ်တမ်းပြုစုသူသည် အအ--- ကျေးရွာသို့သွား၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စကားပြောကြသည့်အခါတွင် ထို ညအခင်းမဖြစ်ခင်အချိန်မှာ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၇၃) မှ တပ်မတော်စစ်သားများသည် အအ---ကျေးရွာ ထဲကို ဝင်ရောက်လာပြီး ရွာအထက်ပိုင်းတွင် နေထိုင်သည့်ရွာသားတစ်ဦး၏ဆိုင်တံခါးဖွင့်ပေးရန် ခိုင်းစေခဲ့သည်။ (ထို ဆိုင်သည် ရွာသား၏အိမ်လည်းဖြစ်သည်။) ထို့နောက် စစ်သားများသည် ဆိုင်တံခါးကိုကန်ပြီး သေနတ်ဖြင့်ထုရိုက်ခဲ့ သည်။ သို့သော်လည်း ရွာသားသည် အလွန်ကြောက်သည့်အတွက် တံခါးကို မဖွင့်ပေးခဲ့ပေ။ ဤဖြစ်စဉ်ကိုကြည့်ခြင်း အားဖြင့် တပ်မတော်စစ်သားများသည် အရက်မူးလာကြောင်း ရွာသားများက ကောက်ချက်ချခဲ့သည်။
ဤဖြစ်စဉ်ကို စောအ---၏မိသားစုဝင်များအနေဖြင့် တရားမျှတမှုရရှိရန် တိုင်ကြားခြင်းများပြုလုပ်ချင်သော်လည်း မည် သူမှ အရေးယူပေးမည်မဟုတ်ကြောင်းသိရှိထား၍ တိုင်ကြားခြင်းများ မလုပ်ခဲ့ပေ။ (အချိန်အတိအကျမသိရသောအ တိတ်ကာလတွင် အအ---ကျေးရွာအနီးတွင် ညီအကိုနှစ်ဦးအသတ်ခံခဲ့ရသည်။ သို့သော်လည်း မည်သူမှ အရေးယူဆောင် ရွက်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ဤဖြစ်စဉ်တွင်လည်း စောအ---၏မိသားစုသည် မည်သူမှအရေးယူမည်မဟုတ်ကြောင်း ယုံကြည်ခဲ့သည်။ မြန်မာစစ်တပ်သည် ၎င်းတို့တပ်သားများ ကျူးလွန်သောချိုးဖောက်မှုများကို အရေးယူဖြေရှင်းပေး ခြင်းမရှိပါ။ ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) တရားမျှတမှုစနစ်အောက်တွင် ထိုပြစ်မှုအတွက် မြန်မာ စစ်သားများကို အရေးယူနိုင်ခြင်းလည်းမရှိပါ။) ဤဖြစ်စဉ်ကြောင့် အနီးအနားရှိ ရွာသားများသည် ၎င်းတို့ခြံထဲသို့ လုံခြုံ စွာမသွားရဲခြင်း၊ ညဖက်တွင်လည်း အပြင်မထွက်ရဲတော့ခြင်းများ ကြုံတွေ့ခဲ့ရသည်။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
|
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
|
အင်တာဗျူးဖြေဆိုသူ နော်ဆ--- သည် KECD (ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန) ကျောင်းတွင်စာသင်ကြားပေးနေ သည့်ဆရာမတစ်ဦးဖြစ်သည်။ သူနှင့်အသံဖိုင်နှင့်အတူ ဤသတင်းကို KHRG အား အသုံးပြုခွင့်ပေးပါသည်။ အကြောင်း မှာ တပ်မတော်စစ်သားများအနေဖြင့် အကျိုးအကြောင်းမရှိ၊ ရန်ငြိုးမရှိပဲ အပြစ်မရှိသည့်ရွာသားတစ်ဦးကို သတ်ဖြတ် သည့်အကြောင်း အများပြည်သူများသိရှိစေလိုခြင်းဖြစ်သည်။ |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ်၊ မတ်လနှင့်မေလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာကို မြေပြင် တွင် လက်ခံရရှိသောအစီရင်ခံစာ (၅) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #26-98-I1 ၊ #26-98-D1 ၊ #26-98-A1-I1 ၊ #26-98-M1 နှင့် #26-98-P1 တို့ဖြစ်သည်။
