
ဒူးပလာယာခရိုင်အတွင်း ရွာလုံးကျွတ်နီးပါးထွက်ပြေးတိမ်းရှောင်ရခြင်း
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ မနက် (၆)နာရီအချိန်တွင် မြန်မာစစ်တပ်သည် ဒူးပလာယာခရိုင်၊ ကော်တရီ မြို့နယ်၊ နို့ဖိုးကျေးရွာအုပ်စု၊ ဘည---ကျေးရွာနှင့်အဂ---ကျေးရွာများသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ဤလက်နက် ကြီးပစ်ခတ်မှုကြောင့် အဂ--- ကျေးရွာမှ ရွာသားတော်တော်များများသည် ဘားအံခရိုင်၊ တနေးချား (နဘူး) မြို့နယ်ရှိ ထီးဝါးဘလောကျေးရွာအုပ်စုနှင့်အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ တစ်ချို့ရွာသားများသည် ထွက် ပြေးတိမ်းရှောင်ရချိန်တွင် ဆန်တစ်အိတ်သာ (၅၀ ကီလို) သယ်ဆောင်နိုင်ခဲ့သော်လည်း တစ်ချို့ရွာသားများမူ မည်သည့် အရာမျှ သယ်ယူသွားနိုင်ခြင်းမရှိခဲ့ပေ။ အိမ်ထောင်စု (၃၀၀) ကျော်သည် တနေးချားမြို့နယ်သို့ ထွက်ပြေးတိမ်း ရှောင်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း (မြန်မာစစ်တပ်မှ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်) တနေးချား မြို့နယ်၊ ထီးဝါးဘလောကျေးရွာအုပ်စုရှိ အဒ---ကျေးရွာနှင့်အဟ---ကျေးရွာတို့မှ တစ်ချို့ရွာသားများသည်လည်း အခြား ရွာသို့ ပြေးပုန်းတိမ်းရှောင်ခဲ့ရသည်။ ရွာသားအများစုသည် တနေးချားမြို့နယ်ရှိ ကျေးရွာအုပ်စု (၄)အုပ်စုသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။
ဤစစ်ဘေးရှောင်ရွာသားများဦးရေအရေအတွက်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးများမှပြောပြ၍ သိရှိရခြင်းဖြစ်သည်။ စစ်ဘေးရှောင်ဦးရေအရေအတွက်ကို တိတိကျကျမသိရှိနိုင်ပါ။ အကြောင်းမှာ ရွာသားများသည် ထိုကျေးရွာအုပ်စုများ သို့ နေ့စဉ်နှင့်အမျှ လာရောက်တိမ်းရှောင်နေရခြင်းဖြစ်သည်။ တစ်ချို့ရွာသားများလည်း ကြောက်ရွံ့၍ အခြားရွာများသို့ တဖန်သွားရောက်တိမ်းရှောင်ခဲ့သည်။ မကြာသေးမီက (အစီရင်ခံစာရေးသားနေစဉ်အတွင်း) အဂ--- ကျေးရွာ၊ အဒ--- ကျေးရွာနှင့်အဟ---- ကျေးရွာများမှ တစ်ချို့ကျောင်းသူ၊ ကျောင်းသားများသည် အမ--- ကျေးရွာရှိ စာသင်ကျောင်းတွင် လာရောက်ကျောင်းတက်ခဲ့ကြသည်။ ထိုစာသင်ကျောင်းသည်ယခင်မြန်မာအစိုးရတည်ထောင်ခဲ့သောကျောင်းဖြစ်သည်။ ထိုကျောင်းတွင် သူငယ်တန်းမှ နဝမတန်းအထိရှိပြီး ကျောင်းသား၊ ကျောင်းသူများဦးရေ (၁၆၀) ခန့်ရှိသည်။ ရွာပေါင်း သုံးရွာမှ ဆရာ၊ ဆရာမများသည် ထိုကျောင်းတွင်လာရောက်၍ ကလေးများအား ပညာသင်ကြားပေးနေလျှက်ရှိသည်။
မြန်မာစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပွားသောထိခိုက်ပျက်စီးမှုများ
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ မနက် (၁)နာရီဝန်းကျင်တွင် မြန်မာစစ်တပ်သည် ထီးဝါးဘလောကျေးရွာ အုပ်စုကို လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဗုံးတစ်လုံးသည် စောဈ---၏လယ်ယာတွင် ကျရောက်ပေါက်ကွဲ၍ စပါးပင်များပျက်စီးသွားခဲ့သည်။ စောဈ---၏လယ်ယာကွက်သည် သိပ်မကျယ်သော်လည်း ဤနှစ်တွင် (၂၀၂၅ ခုနှစ်) သူ၏လယ်ယာတွင် စပါးမျိုးစေ့ (၂)တင်းစာ စိုက်ပျိုးခဲ့သည်။ လယ်ယာအတွင်း ဗုံးကျရောက်ပေါက်ကွဲသည့်နေရာသည် စပါးအထွက်ကောင်းသည့်နေရာဖြစ်ပြီး ဗုံးကြောင့် ထိုစပါးပင်များ ပျက်စီးသွားသည်ဟု စောဈ---က ပြောပြခဲ့သည်။ ဤ ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းအနေဖြင့် အလွန်ဝမ်းနည်းမိကြောင်းသိရှိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ နေ့လယ် (၁)နာရီအချိန်တွင် မြန်မာစစ်တပ်ပိုင် Y-12 လေယာဉ်တစ်စီးသည် ဘားအံ ခရိုင်၊ တနေးချားမြို့နယ်၊ ထီးဖိုးကျော်ကျေးရွာအုပ်စု၊ အအ---ကျေးရွာကို လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ (ကျေးရွာ ဒေသအတွင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြန်မာစစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။) ထိုလေ ယာဉ်တစ်စီးသည် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး စုစုပေါင်းဗုံး (၈)လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ဤဗုံးကြဲ တိုက်ခိုက်မှုတွင် လမ်းဘေးနားရှိ ဈေးဆိုင် (၄)ဆိုင်ထိမှန်၍ မီးလောင်ပျက်စီးသွားခဲ့သည်။ ထို့အပြင် ဘုန်းကြီးကျောင်း အဆောက်အဦးတစ်လုံးနှင့်ကျောင်းအဝင်မုဒ်ဝလည်း ထိမှန်ပျက်စီးခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားပြီး နောက် တစ်ချို့ရွာသားများသည် ၎င်းတို့ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် မြန်မာစစ်တပ်သည် ဘားအံခရိုင်၊ တနေးချားမြို့နယ်၊ နို့ကေးကျေးရွာအုပ်စုကို လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ မနက် (၁၁း၅၄)မိနစ်တွင် မြန်မာစစ်တပ်ပိုင်လေယာဉ်တစ်စီးသည် အဘ--- ဘာသာ ရေးဝတ်ပြုရာကျောင်း (နတ်ကိုးကွယ်ရာနေရာ) အနီးတစ်ဝိုက်တွင် ပထမဗုံးတစ်လုံးကြဲချခဲ့သည်။ ဗုံးကြဲသည့်နေရာ သည် နို့ကေးကျေးရွာအုပ်စု၊ အဘ---ကျေးရွာအနီးရှိ တီးအ---၏ရော်ဘာခြံအနီးနားနှင့်ချောင်းဘေးနားတွင် တည်ရှိ သည်။ ဗုံးအစများသည် တီးအ---၏ရော်ဘာပင်များကိုထိမှန်၍ အနည်းငယ်ပျက်စီးသွားခဲ့သည်။ တစ်ချို့ဗုံးအစများသည် အဆိုပါဘာသာရေးဝတ်ပြုရာကျောင်းဝင်းထဲတွင် ကျရောက်ခဲ့သည်။ သို့သော်လည်း မည်သူမှထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ပါ။ ဒုတိယဗုံးတစ်လုံးသည် အဘ---ကျေးရွာထဲတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး စောဘ---၏နေအိမ်ကိုထိမှန်၍ ပျက် စီးသွားခဲ့သည်။ အစပိုင်းတွင် ဗုံးသည် အုန်းပင်ကိုထိမှန်၍ပေါက်ကွဲသွားခဲ့သည်။ ပေါက်ကွဲသွားသည့်ဗုံးအစများသည် စောဘ---၏နေအိမ်နှင့်အနီးနားရှိ နေအိမ် (၈) လုံးကိုလည်းထိမှန်၍ အနည်းငယ်ပျက်စီးသွားခဲ့သည်။ အဘ--- ကျေးရွာ တွင် အခြေခံမူလတန်းကျောင်းရှိသည်။ ထိုကျောင်းတွင် သူငယ်တန်းမှ (၄)တန်းအထိရှိပြီး မကြာသေးမီက (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွား၍) ကျောင်းကိုပိတ်ပင်ခဲ့ရသည်။ စောဘ---၏သမီးပြောပြချက်အရ ၎င်းတို့သည် (စောဘ---၏မိသားစု) လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်တွင် အိမ်ထဲတွင်ရှိမနေခဲ့ပေ။ မြန်မာစစ်တပ်ပိုင် Y-12 လေယာဉ်တစ်စီးသည် နို့ကေးကျေးရွာအုပ်စုတွင် ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ပြီး နောက်ပိုင်းတွင် စောဘ---၏မိသားစုသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့၌ တနေးချားမြို့နယ်၊ ထို့ကော်ကိုးကျေး ရွာအုပ်စု၊ အဖ--- ကျေးရွာသို့ ထွက်ပြေးပုန်းရှောင်ခဲ့ပြီးဖြစ်သည်။
ထိုနေ့တွင်ပင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လယ်အချိန်တွင် မြန်မာစစ်တပ်ပိုင် ဂျက်လေယာဉ်တစ်စီးသည် နို့ကျေးကျေးရွာအုပ်စုရှိ အဆ---ကျေးရွာတွင် ဗုံးသုံးလုံးပစ်ချတိုက်ခိုက်ခဲ့သည်။ ဗုံးများသည် အဆ---ကျေးရွာရှိ ဘုန်းကြီး ကျောင်းဝင်းထဲတွင် ကျရောက်ပေါက်ကွဲသွားပြီး ဘုန်းကြီးကျောင်းအဆောက်အဦးတစ်လုံးအား ထိမှန်၍ပြိုကျပျက်စီး သွားခဲ့သည့်အပြင် အခြားအဆောက်အဦး (၅)လုံးလည်း ထိမှန်၍အနည်းငယ်ပျက်စီးသွားခဲ့သည်။ ဤလေကြောင်း တိုက်ခိုက်ကြောင့် ကလေးသူငယ်များနှင့်သက်ကြီးရွယ်အိုများရှိသော မိသားစုများသည် အခြားကျေးရွာအုပ်စုရှိ ကျေးရွာ တစ်ရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အမျိုးသားနှင့်အမျိုးသမီးလူငယ်၊ လူလတ်များသာလျှင် နို့ကေးကျေးရွာအုပ် စုရှိ ကျေးရွာများတွင် ထွက်မပြေးပဲကျန်ရစ်နေထိုင်ကြသည်။ သို့သော် ၎င်းတို့လည်း အကြောက်တရားများနှင့်နေထိုင် သွားလာကြသည်။ ကျေးရွာထဲတွင်ရှိသည့်စာသင်ကျောင်းလည်း ပိတ်ပင်ခဲ့ရသည်။
မြန်မာစစ်တပ်၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများ၏အိုးအိမ်ပိုင်ဆိုင်မှုများထိခိုက်ပျက်စီးမှု
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ မနက် (၉)နာရီအချိန်၌ သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းတွင် အခြေစိုက်သော မြန်မာစစ်တပ်မှ စစ်သားများသည် တနေးချားမြို့နယ်၊ ထီးဝါးဘလောကျေးရွာအုပ်စု၊ အဒ---ကျေးရွာတွင်းသို့ လက်နက် ကြီး (၈၁)မမတစ်လုံးပစ်ခတ်ခဲ့သည်။ ဗုံးသည် နောဆ---၏နေအိမ်အရှေ့တွင် ကျရောက်ပေါက်ကွဲပြီး ဗုံးအစများသည် နော်ဆ---၏အိမ်သွပ်မိုးနှင့်မျက်နှာကျက်၊ နော်ဒ---၏နေအိမ်ခေါင်မိုးနှင့်ဆိုင်ကယ်သုံးစီး၏ဘီးများကို ထိမှန်၍အနည်း ငယ်ပျက်စီးသွားခဲ့သည်။ နော်ဒ---၏ပြောပြချက်အရ အခင်းဖြစ်ပွားစဉ်တွင် ၎င်းတို့သည် (နော်ဆ---နှင့်နော်ဒ---) အိမ် အောက်တွင်အခြားလူ(၁၀)ဦးနှင့်အတူ ရှိနေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် မည်သူမှထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပေ။ မြန်မာစစ်တပ်သည် လက်နက်ကြီးမပစ်ခတ်မီအချိန်တွင် (အဒ---ကျေးရွာမှ) ကျေးရွာအုပ်စုအတွင်းရေးမှူးသည် ဒရုန်း တစ်စီးပျံဝဲလာသည်ကိုတွေ့ရှိပြီး ရွာသားများအား သတိထားနေထိုင်ကြရန်သတိပေးခဲ့သည်။ ထို့နောက် နော်ဆ---နှင့်သူမ၏သားသမီးနှစ်ဦးတို့သည် အခြားနေရာသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ဗုံးသည် သူမ၏အိမ်ရှေ့တည့်တည့်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ၎င်းတို့အနေဖြင့် (နော်ဆ---နှင့်နော်ဒ---တို့မိသားစုများသည်) အခြားနေရာသို့ အချိန်မီ မပြောင်းရွှေ့ခဲ့လျှင် ၎င်းတို့အား ဗုံးစထိမှန်၍ဒဏ်ရာရရှိသွားမည်ဖြစ်သည်။ ဤဖြစ်စဉ်ကြောင့် အဒ---ကျေးရွာတွင် နေထိုင်ကြသည့်ရွာသားများသည် ကြောက်ရွံ့သွားပြီး သတိဖြင့်သွားလာနေထိုင်ခဲ့ရသည်။ အခင်းဖြစ်ပွားသည့်နေ့တွင် ရွာသားများသည် ခရစ်စမတ်ပွဲတော်ကိုကျင်းပ၍ ဝတ်ပြုဆုတောင်းပွဲအစီအစဉ်များပြုလုပ်နေသည့်အချိန်ဖြစ်သည်။ သို့သော် အစီအစဉ်များမပြီးဆုံးမီတွင် ၎င်းတို့သည် ထွက်ပြေးပုန်းရှောင်ခဲ့ရခြင်းဖြစ်သည်။ အခင်းဖြစ်စဉ်ဖြစ်ပွားပြီး နောက်တွင် လမ်းမလျှောက်နိုင်ကြသည့်တစ်ချို့ကလေးသူငယ်များနှင့်သက်ကြီးရွယ်အိုများကို အခြားနေရာသို့ မြန်မြန် ဆန်ဆန် ပြောင်းရွှေ့ပေးခဲ့သည်။