
ဆိပ်ကြီးမြို့နှင့်နီးစပ်ရာကျေးရွာများရှိ မြန်မာစစ်တပ်၏စစ်ရေးလှုပ်ရှားမှုများ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်သည် မကြာခဏဆိုသလိုလက်နက်ကြီးများပစ်ခတ်၍ တစ်ချို့ လက်နက်ကြီးများသည် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ဆိပ်ကြီးမြို့နှင့်နီးသောကျေးရွာဒေသတွင် ကျရောက် ပေါက်ကွဲလေ့ရှိသည်။ မြန်မာစစ်တပ်သည် KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) မှ ၎င်းတို့အား ဒရုန်း ဖြင့်တိုက်ခိုက်သည့်အချိန်တိုင်း လက်နက်ကြီးများပြန်လည်ပစ်ခတ်လေ့ရှိသည်။ တခါတရံတွင် ၎င်းတို့သည် (မြန်မာစစ် တပ်) တိုက်ခိုက်ခံရခြင်းမရှိသည့်အချိန်တွင်သော်လည်းကောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အချိန်တွင်သော်လည်း ကောင်း လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ကြသည်။
ဆိပ်ကြီးမြို့နှင့်နီးစပ်ရာကျေးရွာများသည် များသောအားဖြင့် မြန်မာစစ်တပ်၏ထိန်းချုပ်မှုအောက်တွင်ရှိသည်။ မြန်မာ စစ်တပ် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၄) တပ်စခန်းသည် ဆိပ်ကြီးမြို့အနီးတွင် တည်ရှိသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ခလရ (၂၈၄) မှ စစ်သားများသည် မိမိတို့၏တပ်စခန်းပတ်ဝန်းကျင်တွင် လုံခြုံရေးကင်းချ၍ သွားလာလှုပ်ရှားနေလျှက်ရှိသည်။ မြန်မာစစ်တပ်သည် ညဖက်သွားလာလှုပ်ရှားသည့်အချိန်တွင် စက်သေနတ်များ မကြာခဏပစ်ခတ်ပြီး ပုံမှန်အားဖြင့် (၃) ချက်ကနေ (၁၀) ချက်အထိ ပစ်ဖောက်လေ့ရှိသည်။ မြန်မာစစ်တပ်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်သောကြောင့် ၎င်းတို့ထိန်းချုပ်ရာဒေသများတွင် စစ်ရေးလှုပ်ရှားမှု များပို၍ပြုလုပ်လာသည်။
(၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း) မြန်မာစစ်တပ်သည် ရွာသားများ ဆိပ်ကြီးမြို့သို့ခရီးသွားလာသည့်အခြေ အနေကို ထိန်းချုပ်ကန့်သတ်ခဲ့သည်။ ၎င်းတို့သည် ဂိတ်ကို (မြို့ဝင်စစ်ဆေးရေးဂိတ်) မနက်(၆)နာရီမှာ ဖွင့်ပေးထားပြီး ည(၆)နာရီနောက်ပိုင်းတွင် ပြန်ပိတ်သည်။ ရွာသားများသည် အရေးပေါ်ဆေးကုသမှုလိုအပ်သည့်အခြေအနေတွင် ဆိပ် ကြီးမြို့သို့သွားလာခွင့်ရရန်အတွက် မြန်မာစစ်တပ်အား အသိပေးအကြောင်းကြားရသည်။ မြန်မာစစ်တပ်က ခွင့်ပြုမှ သာလျှင် မြို့ထဲသို့ဝင်ခွင့်ရှိသည်။ ရွာသားများ အရေးပေါ်ဆေးကုသမှုလိုအပ်လာလျှင် ဆက်သွယ်အကြောင်းကြားရန် အတွက် မြန်မာစစ်တပ်သည် ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖုန်းနံပါတ်ပေးထားသည်။ ဤသို့တင်းကြပ်မှုများကြောင့် တစ်ချို့ရွာသားများသည် ဆိပ်ကြီးမြို့ရှိ ဆေးရုံသို့သွားလာရာတွင် အခက်အခဲအတားအဆီးများကြုံတွေ့ရသည်။
မြန်မာစစ်တပ် ခလရ (၂၈၄) တပ်စခန်းသည် နို့တကောမြို့နယ်၊ တခါကလိုးကျေးရွာအုပ်စု၊ အအ--- ကျေးရွာအနီးတွင် လည်း တည်ရှိပါသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ရက်နေ့ - မြန်မာစစ်တပ်မှစစ်သားများသည် တခါကလိုးအုပ်စုရှိရွာသားတစ်ဦးကို ပစ်သတ်မှု
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် (အအ--- ကျေးရွာတွင်နေထိုင်သော) မအ---နှင့်သူမ၏အမျိုးသားသည် ရော် ဘာခြစ်ရန် ၎င်းတို့ရော်ဘာခြံသို့သွားခဲ့သည်။ ည(၇)နာရီခန့်တွင် မြန်မာစစ်တပ် ခလရ (၂၈၄) မှ စစ်သားများသည် ၎င်း တို့နှစ်ဦးအား သေနတ်ဖြင့်အချက်ပေါင်းများစွာ ပစ်ခတ်၍ မအ--- အား ကျည်ဆံထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားခဲ့ သည်။ မအ--- သည် အသက် (၄၁)နှစ်ရှိပြီးဖြစ်သည်။ ကျည်ဆံသည် မအ---၏နားထင်အား ထိမှန်၍ ရော်ဘာပင် အောက်တွင်ပင် ပွဲချင်းပြီးသေသွားခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် သူမ၏အမျိုးသားသည် သူမအားထမ်းပိုး၍ ရွာသို့ ပြန်သယ်ဆောင်လာခဲ့သည်။
အအ--- ကျေးရွာမှ ရွာလုံခြုံရေးတာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးဘ---၏ပြောပြချက်အရ မြန်မာစစ်တပ်မှ စစ်သားများသည် မအ--- အား ရည်ရွယ်ချက်ရှိရှိပစ်သတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာစစ်တပ်မှ စစ်သားများသည် အခင်းဖြစ်ပွားရာအနီးရှိ တဲအိမ်သို့သွား၍ ထိုအမျိုးသမီးအား ပစ်သတ်ခဲ့သည်ဟု ဦးဘ---က ယူဆသည်။ အကြောင်းမှာ ဦးဘ---သည် အခင်း ဖြစ်ပွားသည့်နေရာကို လေ့လာသုံးသပ်ရာတွင် (အခင်းဖြစ်ပွားစဉ်အတွင်း) မြန်မာစစ်တပ်မှ စစ်သားများရှိနေသည့်နေ ရာသည် ထိုအမျိုးသမီးပစ်သတ်ခံရသည့်နေရာနှင့်အလွန်နီးကပ်နေကြောင်း တွေ့ရှိရခြင်းဖြစ်သည်။ ဤဖြစ်စဉ်နှင့်ပတ် သက်၍ ဦးဘ---က KHRG အား ယခုလိုပြောပြသည်။ “သူတို့အနေနဲ့ (မြန်မာစစ်တပ်စစ်သားများ) ပစ်မှတ်မသေချာဘူး ဆိုရင်မပစ်သင့်ဘူး။ လိုအပ်ရင် ခြိမ်းခြောက်ပစ်တာမျိုးပဲလုပ်သင့်တယ်။ အခုဖြစ်စဉ်မှာ သူတို့ပစ်တာက ရည်ရွယ်ချက် ရှိတယ်။” ဦးဘ--- ထပ်မံပြီးဤသို့ရှင်းပြသည်။ “ရွာသားတွေက စားဝတ်နေရေးအတွက် နေ့စားအလုပ်ကိုပဲလုပ်ကိုင် ကြတယ်။ ဒါပေမဲ့ အခုလိုအဖြစ်မျိုးဖြစ်သွားတော့ ရွာသားတော်တော်များများက ရော်ဘာမသွားခြစ်ရဲတော့ဘူး။ ဒီလို အကြောက်တရားတွေက စားဝတ်နေရေးအတွက် အလုပ်လုပ်ဖို့အတားအဆီးဖြစ်စေတယ်။ ဒီလိုသာ ပစ်ခတ်မှုတွေ ဆက်ဖြစ်နေအုန်းမယ်ဆိုရင် ရွာသားတွေ အလုပ်သွားလုပ်ရဲတော့မှာမဟုတ်ဘူး။ မြန်မာစစ်တပ်အနေနဲ့လည်း သေဆုံး သူရဲ့မိသားစုကို လျော်ကြေးပေးရမယ်။”
ယခင်အချိန်က အအ--- ကျေးရွာတွင် ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခြင်းမရှိခဲ့ပါ။ အခင်းဖြစ်ပွားပြီးနောက် မြန်မာ စစ်တပ်သည် ရွာသားများအနေဖြင့် ည(၇)နာရီမရောက်ခင်အချိန်အတွင်းသာ သွားလာခွင့်ကိုပေး၍ ညမထွက်ရအမိန့် ကိုထုတ်ပြန်ခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက်ပိုင်း တစ်ချို့ရွာသားများလည်း ကြောက်ရွံ့ကြ၍ ကျေးရွာမှ ထွက်ပြေးတိမ်း ရှောင်ခဲ့သည်။