Karen Human Rights Group

မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မြန်မာစစ်တပ်၏လေကြောင်း တိုက်ခိုက်မှုကြောင့် လူသောမြို့နယ်ရှိ ရွာသား (၃) ဦးထိမှန်သေဆုံး၍ (၁၂) ဦးဒဏ်ရာရရှိပြီး ရပ်ရွာအဆောက်အဦးများလည်းထိခိုက်ပျက်စီး (၂၀၂၆ ခုနှစ်၊ ဧပြီလ)

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(လေကြောင်းတိုက်ခိုက်မှု) မြန်မာစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားများ ထိခိုက်သေဆုံးခြင်းနှင့်ဒဏ်ရာရရှိခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဃဲပါကျေးရွာအုပ်စု၊ ဇအ--- ကျေးရွာ

သေဆုံးသူများ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောအ---

စောဘ---

စောဆ---

အသက်

၆၃ နှစ်

၂၈ နှစ်

၄၃ နှစ်

ကျား/မ

ကျား

ကျား

ကျား

လူမျိုး

ကရင်

ကရင်

ကရင်

အိမ်ထောင် ရှိ/မရှိ   

ရှိ

ရှိ

ရှိ

အလုပ်အကိုင်

လယ်ယာ

လယ်ယာ

မသိရှိရ

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ခရစ်ယာန်

ခရစ်ယာန်

ရာထူးအဆင့်

ရွာသား

ရွာသား

ရွာသား

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ လူသော မြို့ နယ်၊ ဃဲပါကျေးရွာအုပ်စု၊ ဇအ--- ကျေးရွာ

(မြန်မာပြည်အလယ်ပိုင်းရှိ) ဇဒ--- မြို့

(မြန်မာပြည်အလယ်ပိုင်းရှိ) ဇဒ--- မြို့

ဒဏ်ရာရရှိသူများ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်    

အသက်

ကျား/မ

လူမျိုး

အိမ်ထောင် ရှိ/မရှိ   

အလုပ်အကိုင်

ကိုးကွယ်သည့် ဘာသာ

ရာထူး

ရပ်ရွာ

စောဒ---

၄၀ နှစ်

ကျား

ကရင်

ရှိ

လယ်ယာ

ခရစ်ယာန်

ရွာသား

မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဃဲပါကျေးရွာအုပ်စု၊ ဇအ--- ကျေးရွာ

နော်ဃ---

၃၅ နှစ်

မ

ကရင်

ရှိ

လယ်ယာ

ခရစ်ယာန်

ရွာသား

မူတြော်ခရိုင်၊ လူသောမြို့ နယ်၊ ဃဲပါကျေးရွာအုပ်စု၊ ဇအ--- ကျေးရွာ

နော်ဂ---

၁၅ နှစ်

မ

ကရင်

-

လယ်ယာ

ခရစ်ယာန်

ရွာသား

မူတြော်ခရိုင်၊ လူသော မြို့ နယ်၊ ဃဲပါကျေးရွာအုပ်စု၊ ဇအ--- ကျေးရွာ

စောဟ---

မသိရှိရ

ကျား

ကရင်

မသိရှိရ

မသိရှိရ

ခရစ်ယာန်

ရွာသား

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နာကိုခီးကျေးရွာအုပ်စု၊ ဇဆ--- ကျေးရွာ

စောဧ---

မသိရှိရ

ကျား

ကရင်

ရှိ

မသိရှိရ

ခရစ်ယာန်

ရွာသား

ခလယ်လွီထူခရိုင်၊ ဇဃ--- မြို့

သင်းအုပ်ဆရာ သ---

မသိရှိရ

ကျား

ကရင်

မသိရှိရ

သာသနာပြု

ခရစ်ယာန်

သင်းအုပ်

ဆရာ

မူတြော်ခရိုင်၊ ဇဘ--- မြို့

သင်းအုပ်ဆရာ စောက---

မသိရှိရ

ကျား

ကရင်

မသိရှိရ

သာသနာပြု

ခရစ်ယာန်

သင်းအုပ်

ဆရာ

(မြန်မာပြည်အလယ်ပိုင်းရှိ) ဇဒ--- မြို့

စောလ---

မသိရှိရ

ကျား

ကရင်

မသိရှိရ

မသိရှိရ

ခရစ်ယာန်

မသိရှိရ

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ခေါပူကျေးရွာအုပ်စု၊ ဇဂ--- ကျေးရွာ

နော်မ---

၃၂ နှစ်

မ

ကရင်

မသိရှိရ

မသိရှိရ

ခရစ်ယာန်

မသိရှိရ

မူတြော်ခရိုင်၊ လူသောမြို့ နယ်၊ ဃဲပါကျေးရွာအုပ်စု၊ ဇအ--- ကျေးရွာ

စောန---

မသိရှိရ

ကျား

ကရင်

မသိရှိရ

မသိရှိရ

ခရစ်ယာန်

မသိရှိရ

မူတြော်ခရိုင်၊ ဇဘ--- မြို့

မသိရှိရ

မသိရှိရ

ကျား

ကရင်

မသိရှိရ

မသိရှိရ

ခရစ်ယာန်

မသိရှိရ

မသိရှိရ

စောပ---

၅၄ နှစ်

ကျား

ကရင်

ရှိ

မသိရှိရ

မသိရှိရ

မသိရှိရ

မူတြော်ခရိုင်၊ လူသော မြို့ နယ်၊ ဃဲပါကျေးရွာအုပ်စု၊ ဇအ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

လေယာဥ်အမျိုးအစား

ပင်မတပ်

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိအမည်

ဂျက်လေယာဉ်

မြန်မာ့တပ်မတော် (လေတပ်)

မသိရှိရ

လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်

Y-12 လေယာဉ်

မြန်မာ့တပ်မတော် (လေတပ်)

မသိရှိရ

လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကျွန်တော်သည် (KHRG ကွင်းဆင်းလုပ်သား) ဤသတင်းဖြစ်စဉ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အာဏာပိုင်များ၏ဆက်သွယ်ရေးလမ်းကြောင်းမှတဆင့် သိရှိခွင့်ရခဲ့သည်။ ထို့နောက် ကျွန်တော်သည် အခင်း ဖြစ်ပွားသည့်နေရာသို့ ကိုယ်တိုင်သွားရောက်၍ (KNLA) ဒေသခံအာဏာပိုင်များကို တွေ့ဆုံစကားပြောခဲ့သည်။ ဤ ကြောက်မယ်ဖွယ်ကောင်းသောဖြစ်စဉ်သည် အမှန်တကယ်ဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်စဉ်ကြောင့် ရွာသားများသည် အခက်အ ခဲများစွာနှင့်ကြုံတွေ့ခဲ့ရသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာကို မျှဝေပြောပြသောသူသည် စောဝ---ဖြစ်သည်။ (KHRG ကွင်းဆင်းလုပ်သားသည် ၎င်း အား အင်တာဗျူးခဲ့သည်။) စောဝ---သည် ဤဖြစ်စဉ်ကိုသိရှိရသည့်အကြောင်းမှာ အဆိုပါအခင်းဖြစ်စဉ်သည် ၎င်းနေ ထိုင်သည့်ရွာတွင်ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာအနီးတွင်လည်း ရှိနေခဲ့သူဖြစ်သည်။ ထို့အပြင် စောဝ---သည် လေ ကြောင်းတိုက်ခိုက်မှုကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့်သူတစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့် ဤသတင်းမှန်ကန်ကြောင်း ဆို နိုင်ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ ညနေ (၄) နာရီအချိန်တွင် မြန်မာစစ်တပ်၏ဂျက်လေယာဉ်တစ်စီးနှင့် Y-12 လေယာဉ် တစ်စီးသည် မူတြော် (ဖာပွန်) ခရိုင်၊ လူသောမြို့နယ်၊ ဃဲပါကျေးရွာအုပ်စု၊ ဇအ--- ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ မြန်မာစစ်တပ်လေယာဉ်များသည် ညနေ (၄) နာရီမှစတင်၍ (၅)နာရီခွဲအထိ ဗုံးကြဲပစ်ချခဲ့သည်။ ၎င်းတို့ပစ်ချခဲ့သော ဗုံးအမျိုးအစားများမှာ ဆင့်ကဲပေါက်ကွဲဗုံးများ၊ ပေါင် (၅၀၀) ဗုံးများနှင့် ပေါင် (၃၀၀) ဗုံးများတို့ဖြစ်သည်။ ထို့အပြင် ဒုံးကျည်များ၊ အော်လီဂန်းလက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည်။ Y-12 လေယာဉ်သည်လည်း စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။ မြန်မာစစ်တပ်သည် မြောက်များစွာသောဗုံးများကိုပစ်ချသည့်အတွက် ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ရွာသားများအနေဖြင့် ဗုံးမည်မျှပစ်ချခဲ့သည်ကို အတိအကျမသိရှိရပါ။ သို့သော်လည်း စုစုပေါင်းဗုံးအလုံး (၁၁၀) ခန့်ပစ်ချခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးများက ခန့်မှန်းတွက်ဆခဲ့သည်။ ပစ်ချလိုက်သည့်တစ်ချို့ဗုံးများသည် မပေါက်ကွဲသေးပဲ မြေပြင်တွင် ကျန်ရှိနေသည်။ ဤသတင်းအကြောင်းအရာများကို ပြောပြသောသူနှင့်တစ်ခြားရွာသား များသည် မပေါက်ကွဲပဲ ကျန်ရှိနေသည့်ဗုံးအရေအတွက်ကို အတိအကျမသိရှိရပါ။ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့် အချိန်တွင် ကျေးရွာနှင့်ကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ပါ။

 

ဇအ---ကျေးရွာတွင်နေထိုင်သော ကျေးရွာအုပ်စုခေါင်းဆောင်တစ်ဦးဖြစ်သူ (လုံခြုံရေးအခြေအနေကြောင့် ရာထူးအတိ အကျကိုဖော်ပြ၍မရ) စောဝ---သည် ဤဖြစ်စဉ်အကြောင်းကို ယခုလိုပြောပြသည်။ “လေယာဉ်လာပစ်တဲ့အထဲမှာ ဂျက်လေယာဉ်တစ်စင်းပါတယ်။ သူ့အရောင်က စစ်အရောင်ကျားကွက်ပုံစံမျိုးပဲ။ အခြားလေယာဉ်တစ်စင်းက Y-12 လေယာဉ်ပါ။ သူ့အရောင်က အဖြူရောင်ပါ။ လေယာဉ်လာပစ်တဲ့အချိန်မှာ ခရစ်ယာန်ဘာသာဝင်ရွာသားတစ်စုက ဘုရားကျောင်းခန်းမအသစ်အတွက် ကျေးဇူးတော်ချီးမွမ်းပွဲလုပ်နေကြတယ်။ မြန်မာစစ်တပ်က အခုလိုလေယာဉ်နဲ့လာ ပစ်တဲ့အတွက် ကလေးတွေစိတ်ဒဏ်ရာရကြတယ်။ သူတို့တွေ (တစ်ချို့ကလေးများ) တောထဲကိုသွားပုန်းရှောင်နေတဲ့ အချိန်မှာတောင် သစ်ပင်အရိပ်အောက်မှာ၊ ဝါးရုံအောက်မှာမနေဘူး။ နေပူကြဲတဲကြီးအောက်နေကြတယ်။ ဒါက ဘာဖြစ် လို့လဲဆိုတော့ သူတို့အရမ်းကြောက်ကြလို့လေ။ အဲဒါကြောင့် သူတို့စိတ်တွေ ပုံမှန်မဖြစ်တော့ဘူး။ ထွက်ပြေးပုန်း ရှောင်ရတဲ့ကိုယ်ဝန်သည်အမျိုးသမီးတွေလည်း မီးဖွားရမဲ့အချိန်မှာ ဒုက္ခအရမ်းရောက်ခဲ့ရတယ်။ ကျွန်တော်တို့ဒေသမှာ အခြေအနေကောင်းလာရင် လုံခြုံမယ်လို့ထင်တယ်။ ဒါပေမဲ့ ဒီလိုမျိုးသာဆက်ဖြစ်နေအုန်းမယ်ဆိုရင် ကျွန်တော်တို့ လုံခြုံရေးအတွက် ပိုဆိုးလာနိုင်တယ်။”

 

ဤလေကြောင်းတိုက်ခိုက်မှုတွင် ရွာသား (၃) ဦးထိမှန်သေဆုံးခဲ့သည်။ ထိုရွာသားများမှာ စောအ--- (၆၃ နှစ်)၊ စောဘ--- (၂၈ နှစ်) နှင့် စောဆ--- (၄၃ နှစ်) တို့ဖြစ်သည်။ စောအ---သည် ဇအ---ကျေးရွာတွင် နေထိုင်သည်။ စောဘ---နှင့်စောဆ---တို့သည် (မြန်မာပြည်အလယ်ပိုင်းရှိ) ဇဒ---မြို့တွင် နေထိုင်သည်။ ယခုလိုလေကြောင်းတိုက်ခိုက်မှုတွင် ထိမှန်သေဆုံး သွားသည့်ရွာသားများသည် ၎င်းတို့မိသားစုထဲတွင် အိမ်ထောင်ဦးစီးများဖြစ်သည့်အတွက်ကြောင့် ကျန်ရှိနေသည့်မိသား စုဝင်များအနေဖြင့် စားဝတ်နေရေးအခက်အခဲများနှင့်ကြုံတွေ့၍ ရုန်းကန်နေရသည်။ သေဆုံးသွားသည့်ရွာသားများ အားလုံးသည် အိမ်ထောင်သည်များဖြစ်ကြသည်။

 

ထို့အပြင် ရွာသား (၁၁) ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသည့်ရွာသားများမှာ စောဒ--- (၄၀ နှစ်)၊ နော်ဃ--- (၃၅ နှစ်)၊ နော်ဂ--- (၁၅ နှစ်)၊ စောဟ---၊ စောဧ---၊ သင်းအုပ်ဆရာသ---၊ သင်းအုပ်ဆရာစောက---၊ စောလ---၊ နော်မ---- (၃၂ နှစ်)၊ စောန--- (အသက်မသိရှိရ)နှင့် (အမည်၊ အသက်နှင့်နေရပ်လိပ်စာမသိရသော) အခြားရွာသားတစ်ဦးတို့ ဖြစ်သည်။ စောဒ---သည် ၎င်း၏လက်တွင်ဒဏ်ရာရရှိသည်။ နော်ဃ---သည် သူမ၏လက်နှင့်ပေါင်တွင် ဒဏ်ရာရရှိ သည်။ နော်ဂ--- သည် သူမ၏ညာဖက်ပုခုံးတွင် ဒဏ်ရာရရှိခဲ့သည်။ စောဟ---သည် သူ၏လက်၊ ခြေထောက်နှင့်ခါးတွင် ဒဏ်ရာရရှိသည်။ စောဧ--- သည် သူ၏ပေါင်တွင်ဒဏ်ရာရရှိပြီး ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ရသည်။ သင်းအုပ်ဆရာသ---သည် သူ၏ခါးနှင့်ပေါင်တွင် ဒဏ်ရာရရှိသည်။ သင်းအုပ်ဆရာစောက--- သည် သူ၏ဦးခေါင်းတွင် ဒဏ်ရာရရှိသည်။ စောလ---သည် သူ၏ပါးစပ်တွင် ဒဏ်ရာရရှိသည်။ နော်မ--- သည် သူမ၏ပေါင်တွင် ဒဏ်ရာရရှိသည်။ စောန---သည် သူ၏ခြေဖနှောင့်တွင် ဒဏ်ရာရရှိသည်။ စောဟ--- သည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နာကိုခီးကျေးရွာအုပ်စု၊ ဇဆ--- မြို့တွင်နေထိုင်သည်။ စောဧ---သည် ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့တွင် နေထိုင်သည်။ သင်းအုပ်ဆရာသ---သည် မူတြော်ခရိုင်၊ ဇဘ---မြို့တွင် နေထိုင်သည်။ သင်းအုပ်ဆရာစောက---သည် ဇဒ---မြို့တွင်နေထိုင်သည်။ စောလ---သည် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ခေါပူကျေးရွာအုပ်စု၊ ဇဂ---ကျေးရွာတွင် နေထိုင်သည်။ စောန---သည် ဇဘ---မြို့တွင် နေထိုင်သည်။ ဒဏ်ရာပြင်းထန်စွာရရှိသောရွာသားများကို ထိုင်းနိုင်ငံရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့သည်။ (၎င်းတို့ကို မည်သည့်ဆေးရုံသို့ပို့ဆောင်ခဲ့သည်ကို ရွာသားများနှင့်ကျေးရွာခေါင်းဆောင်များက မသိရှိရပါ။) ဒဏ်ရာအနည်းငယ်ရရှိ သောရွာသားများကို ကရင်ကျန်းမာရေးနှင့်လူမှုဖူလှုံရေးဌာန (KDHW) စီမံခန့်ခွဲသော ဇဟ---ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ သည်။ ဇဟ---ဆေးရုံသည် လူသောမြို့နယ်၊ ယဲမူပလောကျေးရွာအုပ်စု၊ ဇဧ---နေရာတွင် တည်ရှိသည်။ Stronghold Rescue & Relief ကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရသည့်ရွာသားများအားလုံးကို ဆေးရုံသို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ဇဟ--- ဆေးရုံတွင်ဆေးကုသမှုခံယူသည့်ဒဏ်ရာရရှိသော ရွာသားများသည် ကျန်းမာရေးစောင့်ရှောက်မှုကို အခမဲ့ရရှိပြီး ဆေးဖိုးဝါးခများပေးစရာမလိုခဲ့ပါ။

 

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် မြောက်များစွာသောလူနေအိမ်များ ထိမှန်ပျက်စီးခဲ့သည်။ လေကြောင်း တိုက်ခိုက်မှုတွင် လူနေအိမ်အလုံး (၂၀)မီးလောင်၍လုံးဝပျက်စီးခဲ့သည်။ မီးလောင်ပျက်စီးသွားသည့်အိမ်များ၏ပိုင်ရှင် များမှာ စောခ---၊ စောရ---၊ စောအ---၊ စောစ---၊ စောတ---၊ စောဘ---၊ စောဖ---၊ စောည---၊ စောထ---၊ စောယ---၊ စောဇ---၊ စောအအ---၊ စောအဘ---၊ စောအဆ---၊ နော်အဃ---၊ စောအဂ---၊ နော်အဟ---၊ စောအဧ---နှင့်အမည်မသိသော အခြားရွာသားနှစ်ဦးတို့ဖြစ်ကြသည်။

 

ထိုမျှမက လေကြောင်းတိုက်ခိုက်မှုတွင် တစ်ချို့ရွာသားများ၏ပိုင်ဆိုင်မှုပစ္စည်းများလည်း ထိမှန်ပျက်စီးခဲ့ရသည်။ စောဇ---ပိုင်ဆိုင်သော ဆိုင်ကယ်သုံးစီး၊ လွှစက်သုံးလုံး၊ စိုက်ပျိုးရေးသုံး ဒီဇယ်အင်ဂျင်သုံးလုံး (ရေစုပ်၊ ဆန် ကြိတ်၊ မီးစက်၊ ထွန်စက်အစရှိသည့်အရာများအတွက် အသုံးပြု) ပျက်စီးခဲ့သည်။ စောဘ---ပိုင်ဆိုင်သော ဆိုင်ကယ်တစ်စီးနှင့် Starlink (စတားလင့်) အင်တာနက်စက်တစ်လုံးပျက်စီးခဲ့သည်။ နော်အဃ---ပိုင်ဆိုင်သော ဆိုင်ကယ်တစ်စီးနှင့် Starlink စက် တစ်လုံးပျက်စီးခဲ့သည်။ စောအဧ---ပိုင်ဆိုင်သော ကားတစ်စီးနှင့်ဆိုင်ကယ်နှစ်စီးပျက်စီးခဲ့သည်။ စောယ---ပိုင်ဆိုင်သော ဆိုင်ကယ်နှစ်စီးနှင့်စပါးရိတ်ချွေစက်တစ်လုံးပျက်စီးခဲ့သည်။ စောအသ---ပိုင်ဆိုင်သောဆိုင်ကယ်တစ်စီး ပျက်စီးခဲ့သည်။ ဇဘ---မြို့မှ ဆရာစောအက---ပိုင်ဆိုင်သော ဆိုင်ကယ်တစ်စီးပျက်စီးခဲ့သည်။ စောအဘ---ပိုင်ဆိုင်သော ကားတစ်စီး ပျက်စီးခဲ့သည်။ စောအလ---ပိုင်ဆိုင်သော ကားတစ်စီးပျက်စီးခဲ့သည်။ စောခ---ပိုင်ဆိုင်သောလွှစက် တစ်လုံးနှင့်မီးစက် တစ်လုံးပျက်စီးခဲ့သည်။ စောဝ---ပိုင်ဆိုင်သော မီးစက်တစ်လုံးပျက်စီးခဲ့သည်။ စောရ---ပိုင်ဆိုင်သော ဆိုင်ကယ်တစ်စီး နှင့်လယ်ထွန်းကားတစ်စီးပျက်စီးခဲ့သည်။ ခေါပူကျေးရွာအုပ်စု၊ ဇဂ---ကျေးရွာမှ အသင်းအုပ်ဆရာ စောအန--- ပိုင်ဆိုင်သောဆိုင်ကယ်တစ်စီးပျက်စီးခဲ့သည်။ စောည---ပိုင်ဆိုင်သော မုဆိုးသေနတ်တစ်လက်ပျက်စီးခဲ့ သည်။ ဃဲပါကျေးရွာ အုပ်စု၊ ဇပ---ကျေးရွာမှ စောအဝ---ပိုင်ဆိုင်သော ဆိုင်ကယ်တစ်စီးပျက်စီးခဲ့သည်။ စောအပ---ပိုင်ဆိုင်သောဆိုင်ကယ်တစ်စီးပျက်စီးခဲ့သည်။ ဇဆ---ကျေးရွာမှ စောဟ---ပိုင်ဆိုင်သောဆိုင်ကယ်တစ်စီးပျက်စီးခဲ့သည်။ အမည်မသိရသော ရွာသားများပိုင်ဆိုင်သည့်ဆိုင်ကယ် (၇)စီးလည်း ပျက်စီးခဲ့သည်။

 

မြန်မာစစ်တပ်၏လေယာဉ်များမှ ဗုံးကြဲတိုက်ခိုက်သည့်အပြင် စက်သေနတ်များဖြင့်ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာထဲ ရှိ လူနေအိမ်များအားလုံးနီးပါးမှာ အနည်းနှင့်အများထိမှန်ပျက်စီးခဲ့သည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုတွင် ဘုရား ကျောင်းတစ်ကျောင်း၊ ဘုရားကျောင်းရှိ ထမင်းစားဆောင်တစ်ဆောင်၊ ဘုရားကျောင်းခန်းမတစ်လုံး၊ KECD (ကရင်ပညာ ရေးနှင့်ယဉ်ကျေးမှုဌာန) စီမံအုပ်ချုပ်သော အလယ်တန်းကျောင်းတစ်ကျောင်းနှင့် ကျောင်းသားဘော်ဒါ ဆောင်တစ်လုံး ထိမှန်ပျက်စီးခဲ့သည်။ စာသင်ကျောင်းသည် မူကြိုးအတန်းမှ သတ္တမတန်းအထိရှိသည်။ ထို့အပြင် ဇအ---ကျေးရွာရှိ KDHW ဆေးပေးခန်းတစ်လုံးလည်း ထိမှန်ပျက်စီးခဲ့သည်။ ဆေးခန်းတွင် တာဝန်ထမ်းဆောင်ကြသည့်သူများ မှာ ဒေသခံ KDHW ကျန်းမာရေးလုပ်သားများဖြစ်ကြသည်။

 

ထို့နောက် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ မနက် (၁၀း၁၀) မိနစ်မှ (၁၀း၂၅)မိနစ်အထိတွင် မြန်မာစစ်တပ်ပိုင် ဂျက်လေ ယာဉ်တစ်စင်းသည် ဇအ---ကျေးရွာကို နောက်တစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် (၅၄)နှစ်အရွယ် စောပ--- အား ထိမှန်၍ သူ၏ပုခုံးတွင်ဒဏ်ရာရရှိခဲ့သည်။

 

လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရွာသားအများအပြားသေဆုံး၊ ဒဏ်ရာရရှိခြင်းနှင့်လူနေအိမ်များထိမှန် ပျက် စီးခဲ့သောကြောင့် ဇအ---ကျေးရွာနှင့်နီးစပ်ရာကျေးရွာများမှ ရွာသားများသည် လုံခြုံမှုမရှိသည့်အခြေအနေနှင့်စိုးရိမ် ကြောက်ရွံ့မှုများကိုခံစားရသည်။ ထို့ကြောင့် ရွာသားများသည် ကျေးရွာထဲတွင်မနေရဲတော့ပဲ လုံခြုံစိတ်ချမှုရှိသည့် နေရာများသို့ ရွှေ့ပြောင်းပုန်းရှောင်ခဲ့သည်။ တစ်ချို့ရွာသားများလည်း ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ အခြားရွာသားများမှာမူ မိမိလုံခြုံရေးအတွက် နီးစပ်ရာတောထဲတွင် ပြေးပုန်းရှောင်ခဲ့သည်။ ထွက်ပြေးတိမ်းရှောင်ရသည့် ရွာသားများအနေဖြင့် နေ့စဉ်အစားအသောက်အတွက် စားနပ်ရိက္ခာလုံလောက်မှုမရှိခြင်း၊ နေရာထိုင်ခင်းများအတွက် တာလပတ်အမိုးအကာလုံလောက်မှုမရှိခြင်း၊ လိုအပ်သည့်အိမ်သုံးပစ္စည်းများ လုံလောက်မှုမရှိခြင်း၊ ကျန်းမာရေးပြဿ နာများနှင့်ပညာရေးအခက်အခဲများကို ကြုံတွေ့နေရသည်။ တစ်ချို့ရွာသားများသည် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့် သာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ (လေကြောင်းတိုက်ခိုက်မှုကိုကြောက်ရွံ့နေသည့်အတွက်ကြောင့်) ၎င်းတို့သည် လိုအပ်သည့်ပစ္စည်းများထုပ်ပိုးရန်ပြင်ဆင်ချိန်မရှိပဲ ထွက်ပြေးခဲ့ရသည်။ ယခုလက်ရှိအချိန်တွင် (၂၀၂၆ ခုနှစ်၊ မေလ) မည်သည့်အဖွဲ့အစည်းကမှ ထွက်ပြေးတိမ်းရှောင်ရသည့်ရွာသားများကို လာရောက်အကူအညီပေးတာမျိုးမရှိသေးပါ။ သို့သော်လည်း တစ်ချို့ရွာသားများသည် ၎င်းတို့ဆွေမျိုးသားချင်းများထံမှ အိုးခွက်ပန်ကန်များအစရှိသောကူညီမှုတစ် ချို့ကို ရရှိခဲ့သည်။ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့၌) လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့်နေ့မှစ၍ ယခုအချိန်ထိ (၂၀၂၆ ခုနှစ်၊ မေလ) ရွာသားများသည် မိမိကျေးရွာသို့ပြန်လာနေထိုင်ရန်ကြောက်ရွံ့နေကြဆဲဖြစ်သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းပြောပြသော စောဝ---သည် KHRG အနေဖြင့်သတင်းအကြောင်းအရာများကို အသုံးပြုရန်အတွက် ခွင့်ပြု ချက်ပေးထားပါသည်။ အကြောင်းမှာ သူနှင့်ရွာသားများသည် ဤသို့ဆိုးရွားသောလေကြောင်းတိုက်ခိုက်မှုကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ထိုသို့သောကိစ္စရပ်မျိုးကို (လေကြောင်းတိုက်ခိုက်မှု) အနာဂတ်တွင် လျော့နည်းလာစေရန်မျှော်လင့်သည့်အတွက်ကြောင့် ဤသတင်းအကြောင်းကို ရေးသားဖြန့်ဝေရန် KHRG အား ခွင့်ပြု ခဲ့ခြင်းဖြစ်သည်။